ကျွန်တော်တို့ရဲ့ ဖုန်းတွေ Tablet တွေမှာ File တွေကို စီမံခန့်ခွဲရတာ စိတ်ညစ်စရာကောင်းတဲ့အချက်ဖြစ်ပြီး အမြဲကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ ဘယ် Application ကို ဖျက်ပစ်ရမလဲ၊ ဘယ်ဓာတ်ပုံကို ဖျက်ပစ်ရမလဲ၊ Storage ဘယ်လောက် လွတ်လာမလဲဆိုတာ စဉ်းစားဆုံးဖြတ်ရင်း အမြဲ စိတ်ညစ်နေရတတ်ပါတယ်။ ဒီအတွက် မကြာသေးခင်က Google အနေနဲ့ Files Go ဆိုတဲ့ Application လေးတစ်ခုကို ထုတ်လုပ်ပေးခဲ့ပါတယ်။
Apps and Files
Files Go Application ရဲ့ မူလစာမျက်နှာမှာ ဖုန်း သို့မဟုတ် Tablet ရဲ့ Storage ပမာနနဲ့ ဘယ်လောက်အထိ အသုံးပြုထားပြီးပြီလဲဆိုတာကို ပြသပေးထားပါတယ်။ အဲ့ဒီအောက်မှာတော့ Google Now သို့မဟုတ် Google Photo ထဲက Assistant လိုမျိုး နေရာလွတ်ရဖို့ ဖျက်ပစ်သင့်တဲ့၊ ဖျက်ပစ်နိုင်တဲ့ အကြံပြုချက်တွေ ပြသထားပါတယ်။
လွန်ခဲ့တဲ့ ရက် ၃၀ အတွင်း အသုံးမပြုဖြစ်တဲ့ Apps တွေ၊ ဒါမှမဟုတ် မလိုအပ်တဲ့ Cache ဖိုင်တွေ၊ အသံဖိုင်တွေနဲ့ ပွားနေတဲ့ ဖိုင်တူတွေကို ဖျက်ပစ်နိုင်ဖို့ သတိပေးမှာ ဖြစ်ပါတယ်။ သတိပေးချက်တစ်ခုချင်းဆီကို ကြည့်ပြီး မိမိဖျက်ချင်တဲ့ဖိုင်နဲ့ ချန်ထားချင်တာတွေကို စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
File Viewer
Application ရဲ့ အောက်ခြေပိုင်းမှာ Files Tab ဆိုတာ ပါရှိပါတယ်။ ဒီနေရာမှာ ဖိုင်တွေကို Downloads, Received files, Apps, Images, Videos, Audio နဲ့ Documents ဆိုပြီး သူ့အမျိုးအစားနဲ့သူ ခွဲခြားပြီး ပြသပေးထားပါတယ်။ ဒီဖိုင်တွေဟာ Android ရဲ့ File Storage ထဲက Folder တွေအရ ဖော်ပြတာမဟုတ်ဘဲ Files Go App ကနေ Scan လုပ်ပြီး ခွဲခြားထားတာဖြစ်ပါတယ်။ ဒီ App ထဲမှာ မိမိစိတ်ကြိုက်ဖိုင်ကို စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပြီး ဖုန်း ဒါမှမဟုတ် Table ထဲကနေ ဖျက်မပစ်ခင် Share Button ကနေတဆင့် Google Drive၊ Dropbox တို့မှာ Backup လုပ်ထားနိုင်ပါသေးတယ်။
File Sharing
iOS အတွက် ဖိုင်တွေ Share လုပ်ဖို့ AirDrop ထည့်သွင်းပေးထားသလို Android အတွက်လည်း ဒီ Files Go App မှာ ဖိုင်တွေကို Share လုပ်ပေးနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေဆီကို Share လုပ်နိုင်မှာ ဖြစ်ပြီး တခြား မသက်ဆိုင်သူတွေဆီ မပို့မိအောင် နှစ်ယောက်စလုံးက ပေးပို့တာ လက်ခံတာကို Approve လုပ်ပေးဖို့ လိုအပ်ပါတယ်။ File Sharing ကို အသုံးပြုဖို့ နှစ်ယောက်စလုံးက App ရဲ့ အောက်ခြေ ညာဘက်ခြမ်းမှာရှိတဲ့ Files ဆိုတဲ့နေရာကို သွားရမှာဖြစ်ပြီး အဲ့ဒီကနေ Send သို့မဟုတ် Receive ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အသုံးပြုပါက နာမည်ပေးဖို့ တောင်းဆိုမှာဖြစ်ပါတယ်။ အရင်က ဖိုင်တွေ Share ဖို့အတွက် Zapya လို App တွေကို အသုံးပြုနေရလို့ ဖုန်းကို ထိခိုက်မှာမျိုး ပူစရာမလိုတော့ပဲ လုံခြုံစိတ်ချစွာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
Setting
Setting ထဲမှာတော့ File တွေကို Share လုပ်တဲ့အခါ ပေါ်ဖို့ ပေးထားတဲ့ နာမည်ကို ပြောင်းလည်း နိုင်မှာ ဖြစ်သလို Storage Space နည်းနေတာ၊ ဖိုင်ဆိုဒ်ကြီးတဲ့ Media ဖိုင်တွေ ရှိနေတာ စတာတွေအတွက် သတိပေးချက်တွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
မိမိဖုန်းထဲမှာ Storage Space နည်းနေတဲ့အခါ နဲ့ File တွေကို သူငယ်ချင်းတွေနဲ့ လုံခြုံစိတ်ချစွာ ဝေမျှချင်တဲ့အခါ Google ရဲ့ ဒီ Files Go ဆိုတဲ့ Application လေးက အသုံးဝင်မှာ သေချာပါတယ်။
Photo: CNET