တကယ်လို့ သင့်အနေနဲ့ သင့်ဖုန်းရဲ့ လုံခြုံရေးအတွက် ဒေါင်းလုပ်ရယူထားတဲ့ Security App တွေဟာ သူတို့ကိုယ်တိုင် သင့်ဖုန်းထဲက ဒေတာတွေကို ခိုးယူနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Trend Micro ဟာ Security Defender, Security Keeper, Smart Security စတဲ့ နာမည်တွေပါတဲ့ App ၃၆ ခုကို Google Play Store မှာတွေ့ရှိခဲ့ပါတယ်။ အဲ့ App တွေဟာ သူတို့ နာမည်တွေအတိုင်း ဖုန်းတွေကို လုံခြုံအောင်လုပ်ရမယ့်အစား ဖုန်းထဲက ဒေတာတွေ၊ တည်နေရာတွေကို ခိုးယူပြီး ကြော်ငြာတွေကိုလည်း အများအပြ ပြသနေခဲ့ကြပါတယ်။
“၂၀၁၇ ဒီဇင်ဘာအတွင်း Trend Micro က သုတေသနပညာရှင်တွေဟာ လုံခြုံရေး App အတု ၃၆ ခုကို Google Play Store မှာ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ App တွေဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ခိုးယူတာ၊ တည်နေရာတွေကို ထောက်လှမ်းတာတွေနဲ့ ကြော်ငြာတွေပြသတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။“
ဒီတွေ့ရှိချက်တွေက ဘာကို ညွှန်ပြနေသလဲဆိုတော့ smartphone သုံးစွဲသူတွေ အနေနဲ့ ဒေတာအချက်အလက်တွေနဲ့ လုံခြုံရေးဆိုင်ရာတွေကို အထူးဂရုပြု သုံးစွဲသင့်တယ်ဆိုတာပါပဲ။ လုံခြုံရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို စနစ်တကျနဲ့ သေသေချာချာ လေ့လာကျင့်သုံးသင့်ပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ smartphone တွေမှာ ကွန်ပျူတာတွေမှာ ပိုပြီး ဂရုစိုက်သင့်ပါတယ်။
ဒီ App တွေဟာ ဖုန်းကို Scan လုပ်ပေးတာ၊ Battery Saving လုပ်ပေးတာ၊ Junk ဖိုင်တွေကို ရှင်းပေးတာ နဲ့ WiFi လုံခြုံရေးတွေ လုပ်ဆောင်ပေးတာတွေ ပြုလုပ်ပေးတယ်လို့ ဆိုထားကြပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးပြီးတဲ့နောက်မှာ Adware , Malware တွေကို ဒေါင်းလုပ်လုပ်ကြပြီး သုံးစွဲသူတွေကို လုံခြုံရေးဆိုင်ရာ အသိပေးချက် အတုတွေကို အဆက်မပြတ်ပြသပြီး သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို ရယူတတ်ကြပါတယ်။
သုံးစွဲသူတွေကို အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်ထဲမှာ App ကနေ ရယူမယ့် သတင်းအချက်အလက်တွေကို ဖော်ပြထားပေမယ့် တကယ်တမ်းမှာတော့ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို App ရဲ့ အလုပ်လုပ်ပုံနဲ့ မသက်ဆိုင်ဘဲ အလွဲသုံးစားလုပ် ရယူနေဆဲပဲ ဖြစ်တယ်လို့ Trend Micro ရဲ့ သုတေသနပညာရှင် Lorin Wu က ဆိုပါတယ်။
ဒီ App တွေဟာ Android ID, Mac Adress, Brand၊ Device ရဲ့ Model နဲ့ တည်နေရာတွေ၊ Device ထဲမှာ ထည့်သွင်းထားတဲ့ App တွေရဲ့ သတင်းအချက်အလက်တွေ အပါအ၀င် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို Remote Server ဆီ ပေးပို့နေပါတယ်။ ဒီလိုတိုက်ခိုက်သူတွေဟာ ဘာကြောင့် ဒီလိုအချက်အလက်တွေကို စုဆောင်းနေလဲဆိုတာ သေချာမသိပေမယ့် ဒါဟာ လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုကြီးဖြစ်တယ်ဆိုတာကတော့ ရှင်းပါတယ်။
Trend Micro အနေနဲ့ ဒီ App တွေကို Google ဆီ အကြောင်းကြားခဲ့ပြီး အဲ့အချိန်ကတည်းက Play Store ကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
Wu အနေနဲ့ သင့်စမတ်ဖုန်းတွေကို လုံခြုံဖို့ အောက်ပါအချက်အလက်တွေကို အကြုံပြုခဲ့ပါတယ်။
- သင့်ဖုန်း သို့မဟုတ် Tablet ကို နောက်ဆုံး Version မှာ အမြဲရှိနေအောင် Update လုပ်ပေးပါ
- စိတ်ချယုံကြည်ရတဲ့နေရာတွေက App တွေကိုပဲ ဒေါင်းလုပ်ရယူပါ
- သင် ဒေါင်းလုပ်ရယူထားတဲ့ App တွေရဲ့ Privacy Setting တွေကို စစ်ဆေးပါ။ ဘာကြောင့်ဆို တချို့ App တွေက သင့်ရဲ့ တည်နေရာနဲ့ တခြား ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို ရယူဖို့ စသွင်းချိန်ကတည်းက ချိန်ညှိထားတတ်ကြပါတယ်။
- App တွေက တောင်းဆိုတဲ့ Permission တွေကို လိုတာထက် ပိုယူထားသလားဆိုတာ စစ်ဆေးပါ။ (ဥပမာ သင့်ဖုန်းရဲ့ အင်တာနက်အမြန်နှုန်းကို ပြပေးတဲ့ App တစ်ခုခုဟာ ဓာတ်ပုံဖိုင်တွေကို ဖတ်ရှုပြင်ဆင်ခွင့်ပါ တောင်းထားတယ်ဆိုရင် ဒါဟာ လိုတာထက် ပိုတောင်းတာဖြစ်ပါတယ်။)
Ref: TechRepublic