Google Lens ကို Pixel မဟုတ်တဲ့ ဖုန်းတွေမှာပါ အသုံးပြုနိုင်တော့မည်

လွန်ခဲ့တဲ့ 2017 မေလမှာ Google Lens ကို စတင်မိတ်ဆက်တော့ “The Future of Search” ဆိုပြီး တင်စားခဲ့ပါတယ်။

တခုခုရှာဖွေဖို့ စာရိုက်နေရတာ ခေတ်နောက်ကျကျန်ခဲ့ပါပြီ။ အခုအခါမှာတော့ ဖုန်းရဲ့ ကင်မရာကို ချိန်လိုက်ရုံနဲ့ (ဥပမာ မိမိရှေ့မှာရှိနေတဲ့ အဆောက်အဦကြီးက ဘာလဲဆိုတာ သိချင်တဲ့အခါမျိုး) အကြောင်းအချက်အလက်တွေအားလုံးကို လေ့လာနိုင်တော့မှာဖြစ်ပါတယ်။

Google Lens (Photo: CNET)

စာအုပ်တအုပ်ကို ရှာဖွေချင်တဲ့အခါလည်း စာအုပ်ကို ဓာတ်ပုံရိုက်ယူထားလိုက်တာ ဒါမှမဟုတ် ဖုန်းကင်မရာနဲ့ ချိန်ပြီးတာနဲ့ စာအုပ်အကြောင်း၊ ဘယ်မှာ ဝယ်ယူလို့ ရမယ့်အကြောင်းတွေကို သိရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ပန်းချီကားတချက်ကို ချိန်လိုက်တာနဲ့ ဒီပန်းချီအကြောင်းအချက်အလက်တွေကို Google Lens က ပြောပြပေးနိုင်မှာပါ။ 

မျက်လုံးနဲ့ မြင်ရသမျှ ၊ တနည်းအားဖြင့် ဖုန်းကင်မရာကနေမြင်ရသမျှ တွေရဲ့အချက်အလက်တွေကို Google က ကူညီပြောပြပေးမယ့် သဘောဖြစ်ပါတယ်။ တခါတခါ ကျွန်တော်တို့ မြင်သာမြင်ဖူးပြီး ဘာမှန်းမသိတဲ့ အရာတွေကိုပါ အလွယ်တကူ ရှာဖွေသိရှိနိုင်တော့မှာပါ။

ဒါပေမယ့် ဒီလုပ်ဆောင်နိုင်စွမ်းကို အသုံးပြုနိုင်တဲ့သူတွေကတော့ အရင်က အရမ်းနည်းပါးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ လုပ်ဆောင်ချက်ကို Google ရဲ့ Pixel ဖုန်းတွေမှာပဲ အသုံးပြုခွင့် ပေးထားတာမို့ပါ။ အခုတော့ ဒါကို Pixel အပြင် တခြား Android Smartphone တွေနဲ့ iPhone တွေမှာပါ အသုံးပြုနိုင်တော့မယ်လို့ Google ကနေ သောကြာနေ့က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

Google Lens ဟာ Application တစ်ခုမဟုတ်ပါဘူး။ ဒီအစား Google Photo နဲ့ Google Assistant တို့လို အခြား App တွေအပေါ်မှာတည်ဆောက်ထားတဲ့ စွမ်းဆောင်ချက်တခုဖြစ်ပါတယ်။ Google Photo မှာဆို Lens ဟာ Machine Learning နဲ့ Image Recognition ကို အသုံးပြုပြီးတော့ ဓာတ်ပုံထဲက အရာဝတ္ထုတွေကို ခွဲခြားသိရှိပြီး အဲဒီအချက်အလက်တွေကို မှတ်တမ်းတင်ထားပေးပါတယ်။ Google Assistant မှာတော့ ဒီ Lens ဟာ အရာဝတ္ထုတခုစီကို ချိန်လိုက်တာနဲ့ သူနဲ့ပတ်သက်တဲ့ အခက်အလက်တွေကို ပြသပေးနိုင်မှာဖြစ်ပြီး ဒီအတွက် ဓာတ်ပုံရှိနေဖို့လည်း မလိုအပ်ပါဘူး။ 

ဒီ Lens ကို Google Photos နောက်ဆုံး Version ရှိတဲ့ Android ဖုန်းတွေ နဲ့ iOS 9 နဲ့ နောက်ပိုင်း Version တွေရှိတဲ့ iPhone တွေမှာ ရရှိနိုင်မယ်လို့ သောကြာနေ့က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

Lens ကို Google Assistant မှာလည်း မကြာခင်ရရှိမှာဖြစ်ပြီး ဒီထဲမှာ Samsung, LG, Motorola, Huawei, Sony နဲ့ Nokia တို့ရဲ့ မော်ဒယ်မြင့်ဖုန်းတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီ Lens ကတော့ အခုကုမ္ပဏီတွေရဲ့ မော်ဒယ်မြင့် ဖုန်းတချို့မှာပဲ ရရှိနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ Lens ကိုအသုံးပြုနိုင်ဖို့ ကင်မရာအတွက် သတ်မှတ်ချက်တချို့ရှိပြီး ဒီလိုကင်မရာမျိုး ဖုန်းတိုင်းမှာ မပါဝင်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ Lens ကို အင်္ဂလိပ်ဘာသာနဲ့သာရရှိနိုင်ပြီး US, UK, Canada, Germany, Australia, India, France, Italy, Spain နဲ့ Singapore တို့မှာပဲ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

Google Lens ဟာ Google ရဲ့ Augmented Reality AR အတွက် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုတွေထဲက တခုဖြစ်ပါတယ်။ AR ဆိုတာကတော့ ကင်မရာကတဆင့် မြင်ရတဲ့ ပြင်ပလောကထဲမှာ Digital ပုံရိပ်တွေ (ဥပမာ စတစ်ကာလိုမျိုး) ကို ပေါင်းစပ်ထည့်သွင်းပေးတာဖြစ်ပါတယ်။ Google ရဲ့ ပြိုင်ဖက်တွေဟာလည်း AR ဘက်မှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားတာ တွေ့ရပါတယ်။ Facebook မှာ Developer တွေအတွက် AR App နဲ့ Game တွေဖန်တီးဖို့ Camera ဆိုတဲ့ Platform တခုရှိပြီး Apple ကတော့ iPhone တွေပေါ်မှာ အသုံးပြုဖို့ ARKit ဆိုတာကို ဖန်းတီး ထုတ်လုပ်ပေးထားပါတယ်။ Google အနေနဲ့ကတော့ AR App တွေ Game တွေ Android အတွက် ထုတ်လုပ်ပေးနိုင်ဖို့ ARCore ကို ဖန်တီးပေးထားပါတယ်။ Google Lens အနေနဲ့ကတော့ လူအများသိကြတဲ့ Pokemon Go လိုမျိုး AR တွေထက် ပိုသာလွန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

“ ကင်မရာဆိုတာ ကမ္ဘာကြီးအကြောင်းနားလည်ဖို့ ကြားခံတခုဖြစ်ပါတယ်။ ဒါဟာ သတင်းအချက်အလက်တွေ၊ ဖော်ထုတ်တွေ့ရှိချက်တွေနဲ့ ရှာဖွေတာတွေအတွက် ပြောင်းလဲတိုးတက်မှု တခုဖြစ်ပါတယ် ” လို့ Google Lens ရဲ့ အကြီးအကဲ Aparna Chennapragada က ပြောပါတယ်။

Via
CNET
Exit mobile version