ဈေးသက်သာတဲ့ MacBook အသစ်မှာ Retina Display ပါဝင်မည်ဟုဆို

ဒီလအစောပိုင်းတုန်းက Apple အနေနဲ့ ဈေးသက်သာတဲ့ MacBook Air အသစ်တမျိုးကို မိတ်ဆက်ပေးလိမ့်မယ်လို့ KGI Security က Ming-Chi Kuo ရဲ့ ပြောဆိုချက်အရသိခဲ့ရပါတယ်။ နောက် ရက်အနည်းငယ် အကြာမှာတော့ ဈေးနှုန်းအနေနဲ့ ၇၉၉ ဒေါ်လာ သို့မဟုတ် ၈၉၉ ဒေါ်လာနဲ့ စတင်လိမ့်မယ်လို့ Kuo က ဆိုခဲ့ပါတယ်။

ယခုတခါ DigiTimes ရဲ့ သတင်းတပုဒ်အရ Apple အနေနဲ့ ဈေးသက်သာတဲ့ 13.3 လက်မရှိတဲ့ MacBook တမျိုးကို ဒီနှစ်ရဲ့ ဒုတိယ လေးလပတ်မှာ စတင်မိတ်ဆက်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းအရ Apple အနေနဲ့ June လမှာ ကျင်းပမယ့် WWDC ပွဲမှာ မိတ်ဆက်ပေးမယ်လို့ ယူဆရပါတယ်။ DigiTimes က ဒီဟာကို “MacBook” လို့ပဲ ခေါ်ပေမယ့် ဒါဟာ MacBook လိုင်းကလား MacBook Air လိုင်းကလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ဈေးသက်သာတဲ့ အမျိုးအစားဖြစ်မယ်ဆိုတာရယ် MacBook ဟာ ၁၂ လက်မဆိုဒ်နေရာမှာပဲ ရှိနေတာရယ်ကြောင့် ဒီ MacBook အသစ်ဟာ MacBook Air လိုင်းအတွက် ဖြစ်မယ်လို့ ယူဆရပါတယ်။

ဒါပေမယ့် ဒီ ဈေးသက်သာတဲ့ MacBook ဟာ လက်ရှိ ၉၉၉ ဒေါ်လာရှိတဲ့ MacBook Air နဲ့ ဈေးအတူတူ ဒါမှမဟုတ် ဈေးအနည်းငယ်ပိုများနိုင်ပြီး Retina Display လည်း ပါဝင်လာမယ်လို့ DigiTimes က ဆိုပါတယ်။ ဒီအတွက် Display Panel တွေကို LG Display က ထုတ်လုပ်ပေးမှာဖြစ်ပြီး May ဒါမှမဟုတ် June မှာ ဒီ MacBook အသစ်ကို အမြောက်အများ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

သတင်းအရ Apple အနေနဲ့ နှစ်ကုန်မှာ ဒီ MacBook သစ်အလုံးရေ ၆ သန်းခန့်ထိ ရောင်းချရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် DigiTimes အနေနဲ့ ၄ သန်းခန့်ထိပဲ ရောင်းချရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဒီ MacBook သစ်အပြင် ဈေးသက်သာတဲ့ iPad Model သစ်နဲ့ နှစ်ကုန်ပိုင်းမှာ iPad Pro Model သစ်တွေကို မိတ်ဆက်ပေးလိမ့်မယ်လို့ ဆိုပါတယ်။

Via
MacRumors
Exit mobile version