SD Express Card အသစ်တွေအနေနဲ့ လက်ရှိ SD Card တွေထက် ၄ ဆခန့် ပိုမိုမြန်ဆန်လာဖို့ရှိ

ဒေတာကူးပြောင်းနှုန်း တစက္ကန့်ကို 4GB/s နီးပါး ရှိမည်ဟုဆို

Memory Card တွေကို စံနှုန်းသတ်မှတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ SD Association ကနေပြီးတော့ SD Express Memory Card တွေ အတွက် SD 8.0 Specification အသစ်ကို ကြေငြာခဲ့ပါတယ်။ ဒီ SD 8.0 ဟာ ဒေတာတွေကို တစက္ကန့်မှာ 4GB/s နီးပါး ကူးပြောင်းပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ 8K Video ရိုက်ကူးရေးတွေလိုမျိုး ဒေတာတွေ အများကြီးကို ရိုက်နေတဲ့ အချိန်နဲ့တပြေးညီ SD ကဒ်ထဲ သိမ်းဆည်းနိုင်လာဖို့အတွက် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။

အတိအကျပြောရမယ်ဆို SD 8.0 အနေနဲ့ ဒေတာအချက်အလက်တွေကို တစက္ကန့်မှာ 3938MB/s အထိ ကူးပြောင်းပေးနိုင်တယ်ပါတယ်။ ဒါဟာ SD 7.0 နဲ့ 7.1 တွေကို အခြေခံတည်ဆောက်ထားတဲ့ SD Card တွေမှာရှိတဲ့ အမြင့်ဆုံးဒေတာကူးပြောင်းနှုန်း 985MB/s ကနေ အများကြီး ခုန်တက်သွားတာ ဖြစ်ပါတယ်။ ဒီ Specification အသစ်တွေကို SDHC, SDXC နဲ့ SDUC Memory Card တွေမှာ ရရှိနိုင်မယ်လို့ SD Association က ပြောပါတယ်။ ဒါ့ကြောင့် သီအိုရီအရ ပြောရရင် SD Card တစ်ခုအနေနဲ့ အမြင့်ဆုံး ထောက်ပံ့နိုင်တဲ့ 128TB SDUC Card တွေပေါ်မှာ ဒီမြန်နှုန်းကို အသုံးပြုနိုင်မယ့်သဘောဖြစ်ပါတယ်။

ဒီ Specification တွေကို မကြာသေးခင်က ကြေငြာသွားတာဖြစ်ပေမယ့် အဲ့ဒီ မြန်နှုန်းရှိတဲ့ Card တွေကို ခုလောလောဆယ်တော့ ဝယ်ယူရရှိနိုင်ဦးမှာမဟုတ်ပါဘူး။ SD Card ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်သစ်တွေမှာ ဒီ SD 8.0 Specification ကို အသုံးပြုထုတ်လုပ်ဖို့ အချိန်ယူရဦးမှာဖြစ်ပြီး ဒီ ကဒ်တွေကို ပြန်လည် ဖတ်ရှုနိုင်ဖို့အတွက် ကွန်ပျူတာတွေ၊ ကင်မရာတွေ စတဲ့ ပစ္စည်းတွေကိုလည်း ပြင်ဆင်ထားရဦးမှာဖြစ်တာကြောင့် အချိန်အတော်ကြာအောင်တော့ စောင့်ရဦးမှာဖြစ်ပါတယ်။

Exit mobile version