iPhone 12 Pro Max မှာ ပါဝင်လာနိုင်တဲ့ လုပ်ဆောင်ချက်အသစ်တွေအကြောင်း အသစ်ထွက်ပေါ်လာတဲ့ Screenshot ပုံတွေကတဆင့် ပေါက်ကြားခဲ့ပါတယ်။ ဒီ Screenshot ပုံတွေအရ iPhone 12 Pro Max မှာ 120Hz Display အပါအဝင် Camera Feature အသစ်တွေလည်း ပါဝင်လာပါတယ်။
ဒီ Screenshot ပုံတွေကို Jon Prosser ဆိုတဲ့ Twitter သုံးစွဲသူတယောက်က တင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အရင်ကလည်း Apple ပစ္စည်းအသစ်တွေ ထွက်မယ့်ရက်၊ ပါဝင်လာမယ့် လုပ်ဆောင်ချက်အချို့ကို မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီပုံတွေဟာ ၆.၇ လက်မရှိတဲ့ iPhone 12 Pro Max ရှေ့ပြေးပုံစံအတွက် Production Validation (PVT) လုပ်တဲ့နေရာကနေ ယူထားတဲ့ Screenshot ဖြစ်တယ်လို့ ဆိုပါတယ်။ PVT ဆိုတာ ပစ္စည်းတွေကို အမြောက်အများ မထုတ်လုပ်မီ ပါဝင်မယ့် လုပ်ဆောင်ချက်တွေကို အတည်ပြုပြီး စမ်းသပ်ထုတ်လုပ်တာလို့ အကြမ်းဖျင်း မှတ်လို့ရပါတယ်။
Prosser မျှဝေထားတဲ့ ပထမပုံထဲမှာတော့ iPhone 12 Pro Max မှာ ပါတဲ့ Settings ထဲက Controls အသစ်တွေကို ပြသထားပါတယ်။ အဖွင့် အပိတ်လုပ်လို့ရတဲ့ Toggle နှစ်ခုရှိပြီး တခုကတော့ Enable High Refresh Rate လို့ ရေးထားတဲ့ Toggle ဖြစ်ပြီး နောက်တခုကတော့ Enable Adaptive Refresh Rate ဆိုတာပဲ ဖြစ်ပါတယ်။ ပထမတစ်ခုကို ဖွင့်ထားမယ်ဆိုရင် Screen အနေနဲ့ 120Hz Refresh Rate အနေနဲ့ သွားမှာဖြစ်ပြီး ဒုတိယတခုကတော့ 60Hz နဲ့ 120Hz အကြား Display ပေါ်မှာ ဖော်ပြပေးမယ့် ပုံရိပ်တွေပေါ်မူတည်ပြီး အလိုအလျောက် လိုအပ်သလို ရွေးချယ်ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါဟာ iPad Pro မှာ နှစ်အတော်ကြာတည်းက ပါလာတဲ့ ProMotion နည်းပညာလိုမျိုးဆင်တူပါတယ်။
Settings ထဲက Camera Section မှာလည်း LiDAR နည်းပညာကို အသုံးချပြီး iPhone 12 Pro နဲ့ iPhone 12 Pro Max ကင်မရာတွေကနေ ပိုမိုကောင်းမွန်တဲ့ပုံတွေရိုက်ကူးနိုင်အောင် ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲဆိုတာ ကနဦး ခန့်မှန်းသိရှိနိုင်ပါတယ်။ Autofocus ပိုင်းမှာ LiDAR ကို အသုံးပြုပြီး ပိုမိုတိကျမှန်ကန်အောင် လုပ်ဆောင်ပေးနိုင်ဖို့နဲ့ ဗီဒီယိုနဲ့ ညအချိန် ရိုက်ကူးတဲ့ ဓာတ်ပုံတွေမှာ အရာ၀တ္ထုတွေကို သိရှိနိုင်ဖို့ အဖွင့်အပိတ်ပြုလုပ်နိုင်မယ့် Toggle တစ်ခုပါဝင်လာပါတယ်။
နောက်လုပ်ဆောင်ချက်တွေကတော့ အရင်က ပေါက်ကြားခဲ့ သတင်းတွေထဲမှာ ပါတဲ့ခဲ့ဖူးတဲ့အတိုင်း 4K Video ကို 120 fps နဲ့ 240 fps တွေမှာ ထားရှိရိုက်ကူးနိုင်မယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့အပြင် “Enhanced Night Mode” ဆိုတာနဲ့ “Advanced Noise Reduction” ဆိုတာတွေလည်း တွေ့ရပါတယ်။
သတိထားရမှာ တခုကတော့ ဒီ PVT လို့ခေါ်တဲ့ စမ်းသပ်ထုတ်လုပ်ထားတဲ့ဖုန်းတလုံးထဲက Screenshot တချို့မှာတွေ့ရတဲ့ လုပ်ဆောင်ချက် Features တွေဟာ အချိန်မရွေး ပြောင်းလဲနိုင်တာ၊ ဖြုတ်ချထားခဲ့နိုင်တာတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဒီ Screenshot ရေးထားတဲ့ စာတွေအရ ဒီလုပ်ဆောင်ချက်တွေမပါဝင်တဲ့ တခြား iPhone 12 Model တွေလည်း ရှိနေသေးတဲ့ပုံပါပဲ။
ဒီ iPhone 12 Pro နဲ့ iPhone 12 Pro Max တွေမှာ 120Hz Display ပါဝင်မယ်မပါဝင်ဘူးဆိုတာ သတင်းတွေအမျိုးမျိုး ထွက်နေခဲ့ပေမယ့် ဒီပုံတွေအရ Apple အနေနဲ့ အနည်းဆုံးတော့ ဒီ 120Hz Display ကို စမ်းသပ်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ တကယ်ထုတ်လုပ်ချိန်မှာ ပါဝင်လာမယ်၊ ပါဝင်မလာဘူး ဆိုတာကတော့ Apple အနေနဲ့ ဆုံးဖြတ်ပြီး ဖြစ်ပါလိမ့်မယ်။