iOS 15 မှာ ဘာလုပ်ဆောင်ချက်သစ်တွေ ပါဝင်လာလဲ

Apple အနေနဲ့ နှစ်စဉ် ကျင်းပနေကြ World Wide Developer Conference WWDC 2021 မှာ iOS 15 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ iOS 15 အပြင် iPadOS 15, WatchOS 8 နဲ့ tvOS 15 နဲ့ macOS Monterey တို့ကိုပါ မိတ်ဆက်ပေးခဲ့တာပါ။ ဒီထဲကမှ iOS 15 မှာ ပါဝင်လာမယ့် လုပ်ဆောင်ချက်အသစ်တွေကို အကျဉ်းချုံး ပြောပြပေးချင်ပါတယ်။

iOS 15 မှာ Facetime အတွက် လုပ်ဆောင်ချက်အသစ်တွေ အတော်များများ ပါဝင်လာတာတွေ့ရပါတယ်။ Facetime ဆိုတာကတော့ Apple ရဲ့ Video Call ဝန်ဆောင်မှုအမျိုးအစားတခုဖြစ်ပြီး Apple Device တွေပေါ်မှာပဲ အသုံပြုလို့ရပြီး အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Facetime မှာ ပါဝင်လာတာတွေကတော့ Spatial Audio ကို အထောက်အပံ့ပေးနိုင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ Group လိုက် Facetime ပြောတဲ့အခါ ပြောတဲ့သူရှိတဲ့ဆီက အသံလာနေသလိုခံစားရစေနိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဘယ်ဘက်ခြမ်းမှာရှိနေတဲ့သူဆီက စကားသံတွေဟာ အပြင်တကယ်ဘယ်ဘက်ခြမ်းက ပြောနေသလို ကြားရစေမှာပါ။ နောက်ပြီး Group Call မှာ Video တွေကို Grip View အနေနဲ့ ထားနိုင်လာမှာဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ Portrait Mode ပါဝင်လာမှာဖြစ်လို့ Facetime ပြောနေစဉ်မှာ မိမိရဲ့ နောက်ခံ Background ကို ဝါးထားနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို Zoom, Messenger, Viber, Whatsapp လိုမျိုး Video Call အသုံးပြုနိုင်တဲ့ Application တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် ထူးခြားချက်တခုကတော့ Facetime Link ဆိုတာပဲဖြစ်ပါတယ်။ Zoom မှာပါသလိုမျိုး လုပ်ဆောင်ချက်ဖြစ်ပြီး Facetime Link ကို မိတ်ဆွေသူငယ်ချင်းတွေအပြင် တခြားဘယ်သူ့ကိုမဆို Share ပြီး Facetime နဲ့ ပြောနိုင်မှာဖြစ်ပါတယ်။ Apple Device မရှိတဲ့သူတွေအနေနဲ့လည်း Chrome လို Browser တွေပေါ်ကနေ Register လုပ်စရာမလိုဘဲ အသုံးပြုနိုင်မှာပါ။ ဒါကြောင့် Windows နဲ့ Android တွေပေါ်မှာလည်း အသုံးပြုနိုင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်တွေတော့ ရှိနေပါသေးတယ်။ Invite လုပ်ထားတဲ့ Facetime Link ကနေပဲ Join လုပ်ပြီး အသုံးပြုနိုင်ဦးမှာပါ။ နောက်ပိုင်းမှာ Android နဲ့ Windows အတွက် Application တွေ ထုတ်ပေးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

https://andrapple.net/wp-content/uploads/2021/06/large_2x-1.mp4
Share Play on iOS 15

နောက်တခုကတော့ SharePlay ဖြစ်ပါတယ်။ Messenger မှာပါဝင်သလိုမျိုး လုပ်ဆောင်ချက်တခုဖြစ်ပြီး Facetime ပြောနေစဉ်အတွင်းမှာ Apple TV+ က ရုပ်ရှင်တွေ၊ တီဗီဇာတ်လမ်းတွဲတွေကို အတူကြည့်တာ၊ မိမိ Screen ကို Share ပြီး ပြပေးတာ၊ Apple Music က သီချင်းတွေကို အတူနားထောင်တာ စတာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ SharePlay ကို တခြား Streaming Service တွေမှာလည်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

နောက်တခုကတော့ Message ပဲဖြစ်ပါတယ်။ Message မှာ Share ထားတဲ့ ပုံတွေကို ဘယ်သူပို့ထားတယ် ဘယ်သူပါတယ်ဆိုတာ ပြသပေးမှာဖြစ်ပါတယ်။ Message မှာပို့ထားတဲ့ သတင်းလင့်တွေ၊ ဓာတ်ပုံတွေကိုလည်း ဘယ်သူက ပို့ထားပေးသလဲဆို Photo app နဲ့ News App တွေထဲမှာ ပြသပေးမှာဖြစ်ပါတယ်။

Notification Summary in iOS 15

Notification အတွက်လည်း လုပ်ဆောင်ချက်တွေ တိုးလာပါတယ်။ Notification Summery ဆိုတာကိုထည့်သွင်းပေးထားပြီး အရေးမကြီးတဲ့ Notifications တွေကို မိမိနှစ်သက်ရာ အချိန်ရောက်မှ စုပြီး ပြပေးတာမျိုး လုပ်ဆောင်ပေးလို့ရပါတယ်။ တရက်ကို နှစ်ကြိမ်အထိရွေးလို့ရပြီး သတ်မှတ်ထားတဲ့ Application တွေဆီက Notification တွေဟာ အဲ့ဒီထဲကို ရောက်သွားမှာဖြစ်ပါတယ်။ Notification မှာပေါ်တဲ့ သက်ဆိုင်ရာ Application တွေရဲ့ icon တွေကိုလည်း မြင်သာအောင် ကြီးပေးထားပါတယ်။

ဒါ့အပြင် Focus Mode ဆိုတဲ့ လုပ်ဆောင်ချက်အသစ်လည်းပါဝင်လာပါတယ်။ ဒီ Focus Mode ဟာ DND Mode ကို ပြင်ဆင်အစားထိုးထားတာဖြစ်ပါတယ်။ Focus Mode မှာ ရွေးချယ်စရာ Mode တွေပါဝင်ပြီး နောက်ထပ်လည်း စိတ်ကြိုက်ထပ်ထည့်နိုင်ပါသေးတယ်။ ဒါ့အပြင် Focus Mode တခုချင်းစီအတွက် သီးသန့် Home Screen ကိုလည်း သတ်မှတ်ထားနိုင်လို့ နောက်ပိုင်းမှာ တော်တော် အသုံးဝင်လာနိုင်မယ့် လုပ်ဆောင်ချက်တခု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Focus Mode ကို On ထားမယ်ဆိုရင် iMessage မှာ စကားလာပြောမယ့်သူတွေဆီကိုပါ ဒါကို On ထားတာဖြစ်ကြောင်း ပြသပေးမှာဖြစ်ပါတယ်။ ဒီ Focus Mode ကို မိမိရဲ့ Apple Device တခုခုမှာ On ထားတာနဲ့ တခြား iCloud အတူတူဝင်ထားတဲ့ iPhone, iPad, Apple Watch, Mac တွေမှာပါ အတူတူ On သွားမှာဖြစ်ပါတယ်။

Photos မှာတော့ ပုံထဲမှာပါတဲ့ စာတွေနဲ့ တခြား အချက်အလက်တချို့ကို ဖတ်ရှုနိုင်တဲ့ OCR လုပ်ဆောင်ချက်ပါဝင်လာပါတယ်။ Google Lens ရဲ့ လုပ်ဆောင်ချက်မျိုးပဲ ဖြစ်ပါတယ်။ ပုံထဲမှာပါတဲ့ လိပ်စာတွေ၊ အီးမေးလ်တွေ၊ ဖုန်းနံပါတွေကိုပါ ဖတ်ရှုနိုင်ပြီး ဖုန်းတခါတည်း ခေါ်ဆိုတာမျိုးတွေပါ လုပ်ဆောင်နိုင်မှာပါ။ နောက်ပြီး Spotlight Search မှာ ဓာတ်ပုံတွေကိုပါ ပြပေးမှာဖြစ်ပါတယ်။ နောက် Memory မှာလည်း Apple Music ထဲက သီချင်းတွေကို နောက်ခံတီးလုံးအနေနဲ့ ရွေးချယ်နိုင်တာ၊ မိမိသဘောကျတဲ့ပုံကို အကြာကြီးရပ်ထားပြီး နောက်ခံသီချင်းရပ်မသွားဘဲ ကြည့်နိုင်တာ၊ မကြိုက်တဲ့ပုံတွေကို ကျော်တာရစ်တာလုပ်ပေမယ့် နောက်ခံသီချင်းသံက ပုံမှန်ပဲ သွားနေတာ စတဲ့လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။

OCR Feature on Photos in iOS 15

Wallet app မှာ ID Card တွေ ထည့်သွင်းလာနိုင်မှာဖြစ်ပြီး မိမိရဲ့ အိမ်သော့တွေ၊ ရုံးခန်းသော့တွေကိုလည်း ထည့်ထားနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချိတ်ဆက်ထားတဲ့ Hotel တွေမှာဆို မိမိ မရောက်ခင်မှာတင် Hotel အခန်းရဲ့ သော့ကို Digital Key အဖြစ် Wallet မှာ ကြိုတင် ထည့်ထားနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

Weather App မှာတော့ အမြင်ပိုင်းအရမှာလည်း တော်တော်လေး ပြောင်းလဲထားသလို လုပ်ဆောင်ချက်တွေလည်း ပိုများလာပါတယ်။ မိုးလေဝသနဲ့ ပတ်သက်တဲ့ ဒေတာတွေ တော်တော်များများလည်း စုံလင်လာပါတယ်။

Weather Application in iOS 15

Apple Map မှာလည်း လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ သုံးလို့ အဆင်မပြေသေးပါဘူး။

Safari မှာလည်း လုပ်ဆောင်ချက်အသစ်တွေ အတော်များများ ထည့်သွင်းပေးထားပါတယ်။ Address Bar ဟာ အောက်ခြေ လက်နဲ့ အလွယ်တကူမီမယ့်နေရာမှာထည့်ပေးထားပြီး အသုံးပြုနေချိန်မှာ Website လိပ်စာသာ ကျန်ခဲ့ပြီး အလိုအလျောက်ပျောက်သွားပေးမှာဖြစ်ပါတယ်။ နောက်ပြီး App Switcher လိုမျိုးပဲ ဖွင့်ထားတဲ့ Tab တွေကို အလွယ်တကူ ကူးပြောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

https://andrapple.net/wp-content/uploads/2021/06/large_2x.mp4
Safari on iOS 15

iCloud မှာလည်း လုပ်ဆောင်ချက်အသစ်တွေပါဝင်လာပါတယ်။ Apple အနေနဲ့ iCloud+ လို့ ခေါ်ဆိုထားပါတယ်။ ဒါပေမယ့် အခမဲ့ရတဲ့ 5GB မှာတော့ ဒီလုပ်ဆောင်ချက်တွေမပါဘဲ အနည်းဆုံး $0.99 ပေးရတဲ့ iCloud 50GB Plan ကစပြီး ပါဝင်လာမှာပါ။ အရင်အတိုင်းစျေးနှုန်းပြောင်းလဲထားတာ မရှိဘဲ လုပ်ဆောင်ချက်တွေထပ်ထည့်ပေးထားတာဖြစ်ပါတယ်။ ဒီထဲမှာပါတဲ့ လုပ်ဆောင်ချက်တွေကတော့ Private Relay လို့ခေါ်တဲ့ VPN လိုမျိုး လုပ်ဆောင်ချက်ဖြစ်ပါတယ်။ Safari ကို အသုံးပြုတဲ့အခါ မိမိတည်နေရာနဲ့ မိမိအသုံးပြုတဲ့ အချက်အလက်တွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ နောက်တခုကတော့ Hide My Email ဖြစ်ပြီး အခမဲ့ Email လိပ်စာတွေ မိမိလိုသလောက်ထုတ်ပေးမှာဖြစ်ပြီး iCloud Email ဆီ Forward လုပ်ပေးထားနိုင်မှာဖြစ်ပါတယ်။ မိမိ အသုံးပြုနေတဲ့ Email ကို မပေးချင်တဲ့အခါတွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး မလိုတော့တဲ့အခါ ဖျက်ပစ်နိုင်ပါတယ်။

ဒါတွေကတော့ iOS 15 မှာ ပါတဲ့ Features အသစ်တွေထဲက တချို့ကို အကျဉ်းချုပ် ဖော်ပြပေးထားတာဖြစ်ပါတယ်။ Apple က ကြေငြာမသွားပေမယ့် iOS 15 မှာ ပါဝင်လာတဲ့ လုပ်ဆောင်ချက်တွေကိုလည်း အလျဉ်းသင့်သလို ဆက်လက် တင်ပြပေးပါမယ်။ ဒီလုပ်ဆောင်ချက်တွေကို သဘောကျလို့ iOS 15 Developer Beta ကို မိမိဖုန်းထဲမှာ Update လုပ်ပြီး စမ်းသပ်ချင်တယ်ဆိုရင်လည်း ဒီနေရာမှာ နှိပ်ပြီး ဘယ်လို Install လုပ်ရမယ်ဆိုတာ ဖတ်ရှုနိုင်ပါတယ်။

Exit mobile version