iPhone 13 တွေမှာ Video Portrait Mode ပါဝင်လာနိုင်

လာမယ့် စက်တင်ဘာလအတွင်း မိတ်ဆက်တော့မယ့် iPhone 13 တွေရဲ့ ကင်မရာလုပ်ဆောင်ချက်အကြောင်း ထပ်မံထွက်ပေါ်လာပါတယ်။ Bloomberg ရဲ့ အဆိုအရ Video ရိုက်ကူးရာမှာ နောက်ခံတွေကို ဝါးပေးမယ့် Video Portrait Mode ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒီ Cinematic Video လုပ်ဆောင်ချက်ဟာ အခုနှစ် iPhone တွေမှာ ပါဝင်လာမယ့် ကင်မရာနဲ့ ပတ်သက်ပြီး အထူးလုပ်ဆောင်ချက်အသစ် ၃ ခုထဲက တခုဖြစ်ပါတယ်။ သတင်းတွေအရ ဒီ Video Portrait Mode ကိုရိုက်ကူးဖို့ LiDAR Scanner ကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဒီနှစ်ထွက်မယ့် iPhone တွေအားလုံးမှာ ဒီ Scanner ပါဝင်မယ်လို့ဆိုပါတယ်။ မနှစ်ကထွက်တဲ့ iPhone တွေမှာတော့ Pro Series မှာပဲ ဒီ Scanner တွေပါဝင်တာဖြစ်ပါတယ်။ နောက်လုပ်ဆောင်ချက် အသစ် ၂ ခုကတော့ ProRes Video ရိုက်ကူးနိုင်လာမှာနဲ့ ဓာတ်ပုံတွေအတွက် Editing လုပ်ဆောင်ချက် အသစ်တွေပဲ ဖြစ်ပါတယ်။

ဒီ လုပ်ဆောင်ချက်တွေအပြင် တခြား ကင်မရာပိုင်းအဆင့်မြှင့်တင်မှုတွေလည်း အတူပေါင်းစပ်ပါဝင်လာဦးမှာဖြစ်ပါတယ်။ Apple နဲ့ ပတ်သက်တဲ့ သတင်းတွေမှာ မှန်ကန်လေ့ရှိတဲ့ Min-Chi Kuo အနေနဲ့လည်း ဒီနှစ် iPhone တွေမှာပါမယ့် Ultra Wide Camera ရဲ့ အရည်အသွေးဟာ ပိုမိုကောင်းမွန်လာမယ်ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့ November လတုန်းက ထုတ်ဖော်ပြောဆိုဖူးပါတယ်။ ပိုမိုကြီးမှာတဲ့ Aperture ပါဝင်လာမှာဖြစ်တာကြောင့် အလင်းအားနည်းချိန်တွေရိုက်ကူးရာမှာ Ultra Wide Camera ရဲ့ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

ProRes ကို ရိုက်ကူးနိုင်လာမယ်ဆိုရင် Video Editor တွေအတွက် အတော်လေး အသုံးဝင်မှာဖြစ်ပါတယ်။ ProRes ဆိုတာကတော့ Apple ရဲ့ Professional တွေအတွက် Video Format တခုဖြစ်ပါတယ်။ Apple ရဲ့ FinalCut Pro ဟာ ProRes ကို ကောင်းမွန်စွာ ကိုင်တွယ်တည်းဖြတ်နိုင်ဖို့ အထူးလုပ်ဆောင်ထားတဲ့ Video Editing Program တခုလည်း ဖြစ်ပါတယ်။ iPhone 12 Series တွေမှာ ရိုက်ကူးနိုင်တဲ့ ProRAW လုပ်ဆောင်ချက်မျိုးဖြစ်ပြီး ဒီ ProRes ကတော့ Video တွေအတွက်ဖြစ်ပါတယ်။ ဒီလိုရိုက်ကူးနိုင်လာပါက Video Editing လုပ်ဆောင်ရာမှာ အလင်းအမှောင်ချိန်ညှိတာ၊ အရောင်တွေချိန်ညှိတာလိုမျိုး လုပ်ဆောင်ချက်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။

နောက်လုပ်ဆောင်ချက်အသစ်တခုဖြစ်တဲ့ Filter Style Editing ကတော့ ဓာတ်ပုံတွေကို တည်းဖြတ်ရာမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိ iPhone တွေမှာပါဝင်တဲ့ Filter တွေလိုမျိုး ဓာတ်ပုံတခုလုံးကို ပြောင်းလဲပေးမှာမဟုတ်ဘဲ ဓာတ်ပုံထဲမှာပါတဲ့ နေရာတချို့ကိုပဲ မိမိစိတ်ကြိုက် Filter တွေထည့်သွင်းတာမျိုး လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ် ထွက်ရှိမယ့် iPhone တွေထဲက Pro Model တွေထဲမှာ 120Hz Refresh Rate ရှိတဲ့ Display တွေ ပါဝင်မယ်လို့လည်း သတင်းတွေ ထွက်ရှိထားပါတယ်။ Notch တွေအနေနဲ့လည်း ပိုမိုသေးငယ်သွားမယ်လို့ဆိုပါတယ်။ Apple ရဲ့ A15 Chip ကို အသုံးပြုထားမှာဖြစ်ပြီး Battery ပိုင်းအနေနဲ့လည်း ပိုမိုကြီးမားလာမယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ Apple အနေနဲ့ သူ့ရဲ့ iPhone အသစ်တွေကို စက်တင်ဘာလမှာ ကြေငြာလေ့ရှိတာကြောင့် ဒီနှစ် iPhone အသစ်တွေကိုလည်း လာမယ့် စက်တင်ဘာမှာ ကြေငြာဖို့ ရှိနေပါတယ်။

Exit mobile version