Pixel 6 နဲ့ Pixel 6 Pro တို့ကို Google ကြေငြာ

မကြာခဏ သတင်းပေါက်ကြားမှုတွေ ရှိနေတဲ့ Pixel 6 နဲ့ Pixel 6 Pro တို့ကို Google ကနေ ကြေငြာခဲ့ပါတယ်။ ကြေငြာခဲ့တယ်ဆိုပေမယ့် အပြည့်အ၀ မိတ်ဆက်ပေးတာမျိုးမဟုတ်ဘဲ အကြမ်းဖျင်းအချက်အလက်တွေကို ကြေငြာပေးခဲ့တာဖြစ်ပါတယ်။

ခါတိုင်း အလည်အလတ်စား စျေးသက်သာတဲ့ Pixel ဖုန်းတွေကိုပဲ ထုတ်လုပ်လေ့ရှိခဲ့တဲ့ Google အနေနဲ့ ဒီတခါတော့ အမြင့်ပိုင်းဖုန်းတွေဘက်ကို ဦးတည်လာပြီဖြစ်ပါတယ်။ iPhone တို့ Samsung S Series တို့နဲ့ ယှဉ်မယ့် Pixel ဖုန်း ဖြစ်လာတော့မှာပါ။ Pixel 6 နဲ့ Pixel 6 Pro ဆိုပြီး ၂ မျိုး ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒီနှစ် Pixel ဖုန်းတွေမှာ ထူးခြားတာကတော့ Google ကိုယ်တိုင် ပြင်ဆင်တည်ဆောက်ထားတဲ့ Tensor SoC (System on A Chip) ကို အသုံးပြုမှာဖြစ်ပါတယ်။ ဒီ SoC ဟာ Apple ရဲ့  A Series SoC လိုမျိုး ကိုယ်ပိုင် SoC အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် Google အနေနဲ့ SoC တခုလုံးကို တည်ဆောက်ထားတာ မဟုတ်ဘဲ AI လုပ်ဆောင်ချက်တွေအတွက် Mobile TPU နဲ့အတူ Security ပိုင်းအတွက် Titan M2 Chip တွေကိုသာ Google က တည်ဆောက်ထားတယ်လိုဆိုပါတယ်။ ကျန်တဲ့ Chip တွေကိုတော့ တခြားသူတွေဆီကနေ License ရယူပြီး ထည့်သွင်းပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ထပ်မံကြားသိရတဲ့ သတင်းတွေအရ Google ရဲ့ Tensor Chip ကို Samsung က သူ့ရဲ့ 5nm Chip ထုတ်လုပ်တဲ့ Process ကို အသုံးပြုပြီး ထုတ်လုပ်ပေးထားတယ်လို့ဆိုပါတယ်။ တခြားလာတဲ့ သတင်းရစ်မြစ်တချို့အဆိုအရ Tensor Chip ဟာ Smasung ရဲ့ Exynos Chip ကို အခြေခံ တည်ဆောက်ထားတယ်လို့လည်း ဆိုပါတယ်။

Pixel 6 အနေနဲ့ ၆.၄ လက်မရှိတဲ့ Full HD+ Display ပါဝင်မှာဖြစ်ပြီး Refresh RAte အနေနဲ့ 90Hz ရှိမှာဖြစ်ပါတယ်။ နောက်ပြီး Display အနေနဲ့ Flat ဖြစ်ပြီး ဖုန်းရဲ့ ဘေးအနားတွေကိုတော့ Matte Aluminum နဲ့ ပြုလုပ်ပေးထားပါတယ်။ ကင်မရာပိုင်းအနေနဲ့ Wide Angle Main Camera နဲ့ အတူ Ultra Wide Camera တခု ပါဝင်မှာဖြစ်ပါတယ်။

Pixel 6 Pro အနေနဲ့ကတော့ ၆.၇ လက်မရှိတဲ့ QHD+ Dispay ပါဝင်မှာ ဖြစ်ပြီး Refresh Rate အနေနဲ့ကတော့ 120Hz ရှိမှာဖြစ်ပါတယ်။ Display ရဲ့ ဘေးအနားတွေဟာ ကွေးထားပြီး ခပ်ပြောင်ပြောင် Aluminum ဘေးဘောင်နဲ့ အတူ ရောစပ်သွားမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 4x Telephoto Camera တခုပိုပြီး ပါဝင်လာမှာ ဖြစ်ပါတယ်။ Pixel 6 နဲ့ 6 Pro နှစ်ခုလုံးမှာ In-Display Fingerprint Sensor ပါဝင်မှာဖြစ်ပြီး အရောင် ၃ မျိုးစီနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ ကင်မရာရဲ့ Resolution တွေ Sensor တွေရဲ့ အသေးစိတ်အချက်အလက်တွေကို Google အနေနဲ့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Camera Sensor အနေနဲ့ အလင်းတွေကို အရင် Pixel 5 ထက် ၁၅၀% ပိုမိုဖမ်းယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ပေါက်ကြားထားတဲ့ သတင်းတွေအရတော့ 50MP ရှိတဲ့ ကင်မရာပါဝင်မယ်လို့ ဆိုပါတယ်။

ကင်မရာ System ကို အဆင့်မြှင့်ပေးထားတာကြောင့် Sensor နဲ့ Lens တွေကို အရင်လိုနေရာမှာ ထားလို့မရတာကြောင့် ဒီဇိုင်းအသစ်နဲ့အတူ Camera Bar အဖြစ် ပြောင်းထားတယ်လို့ Google က ဆိုပါတယ်။ ဒီ Camera Bar ဟာ ဖုန်းရဲ့ နောက်ကျောဘက်မှာ ဟိုဘက်ဒီဘက် အပြည့်နေရာယူထားပြီး ကင်မရာမှန်တွေကို အပွန်းအစင်းက ကာကွယ်ပေးနိုင်အောင် Metal Bar လိုင်းနှစ်ခုကို အနည်းငယ် မြှင့်ပြီး ထည့်ပေးထားပါတယ်။ ဒါတွေအပြင် တခြားပါဝင်တဲ့ Specifications တွေကိုတော့ မသိရသေးပါဘူး။

Pixel ဖုန်းတွေရဲ့ ထုံးစံအတိုင်း ဒီတခါမှာလည်း Google အနေနဲ့ ကင်မရာပိုင်းကို အဓိကထားကောင်းမွန်အောင်လုပ်ဆောင်ပေးထားတာတွေ့ရပါတယ်။ Google အနေနဲ့ Tech Journalist အချို့ကို သူ့ရဲ့ ရုံးချုပ်ဆီဖိတ်ခေါ်ပြီး ဒီဖုန်းတွေကို အချိန်အနည်းငယ် စမ်းသပ်အသုံးပြုခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ ကင်မရာပိုင်းမှာ Machine Learning နဲ့ AI ကို အသုံးပြုပြီး ကောင်းမွန်တဲ့ ဓာတ်ပုံတွေရိုက်ကူး ထုတ်လုပ်ပေးနိုင်တာ Pixel ဖုန်းတွေရဲ့ သင်္ကေတလိုဖြစ်နေပါပြီ။ ဒီတခါမှာလည်း ဒီလုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်အောင် Tensor Chip ကို အသုံးပြုပြီး ရိုက်ကူးပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Pixel 6 Pro

Mobile ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ အကြောင်းအမျိုးမျိုးကြောင့် မှုန်ဝါးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဥပမာ လှုပ်ရှားနေတဲ့ ကလေးတွေကို ရိုက်ကူးရတဲ့အခါ ဝေဝါးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေကို ကာကွယ်ပေးနိုင်ဖို့ အခု Pixel 6 မှာ AI နည်းပညာကို အသုံးပြုပြီး ဖြေရှင်းပေးထားတယ်လို့ဆိုပါတယ်။ Pixel 6 နဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါ Ultra Wide Camera ကိုပါ အသုံးပြုပြီး ကြည်လင်ပြတ်သားတဲ့ ပုံကို ရိုက်ကူးယူလိုက်မယ်လို့ဆိုပါတယ်။ Main Camera နဲ့ ရိုက်ကူးထားတဲ့ပုံမှာ မှုန်ဝါးနေတဲ့ မျက်နှာပါဝင်လာပါက ဒီ Ultra Wide Camera နဲ့ ရိုက်ကူးထားတဲ့ ပုံကို AI နည်းပညာအသုံးပြုပြီး ကြည်လင်ပြတ်သားတဲ့ ပုံဖြစ်အောင် ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။

နောက်တခုကတော့ Video ပိုင်းဖြစ်ပါတယ်။ Pixel ဖုန်းတွေအနေနဲ့ ဓာတ်ပုံပိုင်းမှာ ထိပ်တန်းအဆင့် နာမည်ရပေမယ့် Video ပိုင်းမှာတော့ တခြားပြိုင်ဘက်တွေထက် နောက်ကျကျန်နေခဲ့တာပါ။ ဒီတခါ Pixel 6 မှာတော့ ပိုမိုကောင်းမွန်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်တော့မယ်လို့ ဆိုပါတယ်။ အထူးသဖြင့် Video ရိုက်ကူးရမှာ စံတခုလို အကောင်းဆုံးလို့ သတ်မှတ်ကြတဲ့ iPhone Video ကို ယှဉ်နိုင်လာပြီလို့ ဆိုပါတယ်။ Google ရဲ့ ထုံးစံအတိုင်း AI နည်းပညာကို အသုံးပြုပြီး ရိုက်ကူးထားတဲ့ Video Frame တခုချင်းစီကို ကောင်းမွန်အောင်ပြုပြင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ Pixel 6 တွေမှာ 4K Video ကို 30fps နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ ဒီထက်ပိုပြီး ရိုက်ကူးပေးနိုင်မလားဆိုတာကတော့ အသေးစိပ် မသိရသေးပါဘူး။ 30fps ဆိုတာ Video ၁ စက္ကန့်စာမှာ Frame ပေါင်း 30 ပါဝင်တာကို ဆိုလိုပါတယ်။ Google ကပြတဲ့ Demo အရဆို Pixel 5, Pixel 6 Pro နဲ့ iPhone 12 Pro Max တို့ကို နေဝင်နေတဲ့ ကမ်းခြေဘက် မျက်နှာမူပြီး 4K 30fps နဲ့  တပြိုင်တည်း ရိုက်ကူးပြတယ်လို့ ဆိုပါတယ်။ အားလုံးမျှော်လင့်ပြီးဖြစ်တဲ့အတိုင်း ထွက်လာတဲ့ Video မှာ Pixel 6 Pro ရဲ့  Video က အကောင်းဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Google အနေနဲ့ ဒီလောက်အထိပဲ Journalist တွေကို ပြသခဲ့ပြီး တခြား စိတ်ကြိုက်စမ်းသပ်ခွင့်မရခဲ့တဲ့အတွက် အပြင်လက်တွေ့မှာ တကယ်ကောင်းသလားဆိုတာကတော့ မသေချာသေးပါဘူး။

Pixel 6

နောက်တခု စမ်းသပ်ပြသပေးခဲ့တာကတော့ စကားပြောတာကို စာအဖြစ်ပြောင်းပေးတဲ့ Speech to Text လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ အင်တာနက်ဖွင့်ထားရန်မလိုဘဲ ဖုန်းပေါ်မှာတင် ပြောင်းလဲပေးနိုင်သလို ပိုမိုပြီး မြန်ဆန်တိကျလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Video ကြည့်နေရင်း စာသားထိုးပေးနိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်း Video ကို ကြည့်နေစဉ်အချိန်အတွင်း ချက်ချင်းဆိုသလို နှေးကွေးမှုမရှိပဲ စာသားထိုးပေးနိုင်သလို ပြင်သစ်ဘာသာစကားကနေ အင်္ဂလိပ်ဘာသာစကားကိုပါ အလိုအလျောက် ဘာသာပြန်ပြီး ပြသပေးနိုင်တယ်လို့ဆိုပါတယ်။

Google အနေနဲ့ Pixel 6 နဲ့ Pixel 6 Pro တို့ကို လာမယ့် အောက်တိုဘာလလောက်မှာ ရောင်းချပေးမယ်လို့ ခန့်မှန်းရပါတယ်။ Google အနေနဲ့ ရက်အတိအကျ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ဒီ Pixel 6 ဖုန်းတွေဟာ အရင်လို့ စျေးသက်သာတဲ့ အလည်အလတ်စားဖုန်းတွေမဟုတ်တော့ဘဲ စျေးနှုန်းမြင့်မားတဲ့ အမြင့်စားဖုန်းတွေအဖြစ် ရောင်းချသွားမှာလို့ ဆိုပါတယ်။ ဒီအတွက် Pixel 6 Pro ရဲ့ စျေးနှုန်းဟာ ဒေါ်လာ ၁၀၀၀ ဝန်းကျင်က စတင်နိုင်ပါတယ်။ ဒါ့အပြင် Google အနေနဲ့ ဒီဖုန်းတွေရောင်းချဖို့ Marketing အတွက် ငွေကြေးအမြောက်အများအသုံးပြုသွားမယ်လို့ မကြာသေးခင်က ပြောကြားခဲ့ဖူးပါတယ်။ ဒီဖုန်းတွေဟာ တကယ်ပဲ iPhone တွေကို တိုက်ရိုက်ယှဉ်နိုင်မယ့် ဖုန်းတွေ ဖြစ်လာမလား၊ Tensor Chip ဟာရော ပြောသလောက် ကောင်းရဲ့လားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Exit mobile version