AppleReviews

iPhone 14 Review

ဒီနှစ် မိတ်ဆက်ပေးခဲ့တဲ့ iPhone 14 ဟာ Review လုပ်ဖို့တောင် တန်ရဲ့လားဆိုတာ စဉ်းစားရမလိုဖြစ်တဲ့အထိ စိတ်ပျက်ဖွယ်ရာ ကောင်းပါတယ်။ ဒါပေမယ့်လည်း စိတ်ဝင်စားတဲ့သူတွေ၊ ဝယ်ဖို့စဉ်းစားနေသူတွေ၊ လေ့လာသူတွေအတွက် Review လုပ်ပေးလိုက်ပါတယ်။

(iPhone 14 နဲ့ iPhone 14 Plus ဟာလည်း iPhone 14 Pro နဲ့ iPhone 14 Pro Max တို့လိုပဲ၊ Screen အရွယ်အစား၊ Battery အရွယ်အစားနဲ့ အလေးချိန်ကလွဲ ကျန်တဲ့ အစိတ်အပိုင်းတွေ အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် iPhne 14 Plus ဟာ ဒီနှစ်မှထွက်တဲ့ ဖုန်းအသစ်ဖြစ်တာကြောင့် Review သီးသန့်ရေးဖို့ စီစဉ်ထားပါတယ်။)

Design

iPhone 14 ရဲ့ ဒီဇိုင်းဟာ iPhone 13 နဲ့ အားလုံးနီးပါးအတူတူပဲဖြစ်ပါတယ်။ ကင်မရာနေရာမှာ အနည်းငယ် မတော်တာကလဲွရင် iPhone 13 ရဲ့ Cover တွေကိုပါ တပ်ဆင်အသုံးပြုနိုင်လောက်အောင် ဆင်တူပါတယ်။ ကွဲပြားသွားတာဆိုလို့ ရွေးချယ်နိုင်မယ့် အရောင်တွေပဲ ဖြစ်ပါတယ်။ iPhone 14 ကို ‌Midnight, Blue, Starlight, Purple နဲ့ (Product) Red အနေနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

iPhone 14 (Photo:TheVerg)

Camera

iPhone 14 ရဲ့ ကင်မရာပိုင်းမှာ အဆင့်မြှင့်တင်မှုတွေ အနည်းငယ် ပြုလုပ်ထားပေးတာ တွေ့ရပါတယ်။ Sensor ပိုင်းအနေနဲ့ အနည်းငယ်ပိုမိုကြီးမားသွားတာကြောင့် iPhone 13 မှာထက် အနည်းငယ် ပိုကောင်းလာမှာဖြစ်ပါတယ်။ Aperture အနေနဲ့လည်း f/1.6 ကနေ F/1.5 ကို ပြောင်းလဲတပ်ဆင်ပေးထားတာကြောင့် မှောင်နေတဲ့အချိန်တွေ ရိုက်ကူးရာမှာ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ရိုက်ကူးချိန် Shutter Speed ပိုမြန်လာနိုင်လို့ လက်လှုပ်သွားတာကြောင့် ဝါးသွားတာမျိုးတွေ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် iPhone 13 နဲ့ အတူနှိုင်းယှဉ်ရိုက်ကူးကြည့်ရာမှာ ပြောပလောက်အောင် မကွာခြားသလို တချို့နေရာတွေမှာ iPhone 13 ကတောင် ပိုကောင်းနေတာတွေ့ရပါတယ်။ Software Update တွေထုတ်ပေးတဲ့အခါ ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ iPhone 14 ရဲ့ Main Camera ဟာ 12MP ပဲရှိပြီး iPhone 14 Pro မှာပါတဲ့ 48MP Sensor ကို တပ်ဆင်ပေးထားခြင်း မရှိပါဘူး။

iPhone 14 Camera (Photo:TheVerg)

ရှေ့ဘက် Selfie Camera မှာတော့ iPhone 14 Pro မှာလို Autofocus ပါဝင်လာပါတယ်။ ဒါ့ကြောင့် Video Call တွေ ခေါ်ဆိုရာမှာနဲ့ Selfie Photo တွေ ရိုက်ကူးရာမှာ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ Video ရိုက်ကူးရာမှာတော့ Action Mode ပါဝင်လာတာတွေ့ရပါတယ်။ Cinematic Mode ကို 4K 24fps နဲ့ 4K 30fps တွေနဲ့ ရိုက်ကူးနိုင်ပါတယ်။

Display

Display ပိုင်းအနေနဲ့ iPhone 13 နဲ့ အတူတူပဲ ဖြစ်ပြီး ထူးထူးခြားခြား ပါဝင်လာတာ မရှိပါဘူး။ iPhone 14 Pro မှာ ပါဝင်လာတဲ့ Always-On Display လည်း ပါဝင်လာခြင်း မရှိပါဘူး။ တချို့တွေ မျှော်လင့်ထားသလို 120Hz လည်း ပါဝင်လာခြင်းမရှိဘဲ 60Hz ပဲရှိတဲ့ Display ပဲ ပါဝင်တာတွေ့ရပါတယ်။ Brightness အနေနဲ့ 800 nits ရှိပြီး အမြင့်ဆုံး Peak Brightness အနေနဲ့ 1200 nits ထိပဲ ပြသပေးနိုင်ပါတယ်။ iPhone 14 Pro မှာတော့ Outdoor Brightness 2000 nits အထိ ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် iPhone 13 မှာပါဝင်ခဲ့တဲ့ Notch အတိုင်းပဲ ပါဝင်လာပါတယ်။ iPhone 14 Pro မှာကတော့ Notch အစား Dynamic Island ပါဝင်လာပါတယ်။

iPhone 14 (Photo:TheVerg)

Performance

Performance ပိုင်းဟာ iPhone 14 ရဲ့ စိတ်ပျက်စရာအကောင်းဆုံးအပိုင်းလို့ပြောရမယ်ထင်ပါတယ်။ Performance ပိုင်းမကောင်းလို့ ပြောတာမဟုတ်ပါဘူး။ Apple အနေနဲ့ အသစ်ထွက်လာတဲ့ iPhone တိုင်းမှာ တခြားလုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာခြင်းမရှိရင်တောင် Chip အပိုင်းမှာ အမြဲ အသစ်ထွက် Chip ကိုပဲ အသုံးပြုလာခဲ့တာပါ။ အရင်က ထွက်ခဲ့တဲ့ S Series တွေဆိုရင် ပြောင်းလဲမှုသိပ်မရှိပေမယ့် Chip ကိုတော့ အသစ်ထည့်ပေးလေ့ရှိပါတယ်။ iPhone 6 နဲ့ 6s မှာ အားလုံးနီးပါးအတူတူဖြစ်ပေမယ့် 6s မှာ Speed ပိုမြန်လာမယ့် A Series Chip အသစ်ကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခု iPhone 14 မှာတော့ အရင် iPhone 13 မှာသုံးထားတဲ့ A15 Bionic Chip ကိုပဲ အသုံးပြုထားတာကြောင့် S Series လောက်တောင် အဆင့်မြှင့်တင်ပေးထားတာ မရှိဘူးလို့ပြောရမှာပါ။ iPhone 13 မှာပါတဲ့ A15 Bionic Chip မှာ 6-core CPU နဲ့ 4-core GPU ပါဝင်ပေမယ့် iPhone 14 မှာတော့ 5-core GPU ကို အသုံးပြုထားတာကြောင့် GPU 1 core ပိုမိုပါဝင်လာတယ်လို့ ပြောလို့ရပါတယ်။ ဒါဟာ လက်တွေ့သုံးစွဲရာမှာ သိသိသာသာ ပိုမိုကောင်းမွန်လာဖို့ မရှိပါဘူး။

Satellite Communication

iPhone 14 Pro မှာပါတဲ့ လုပ်ဆောင်ချက် ပါဝင်လာတာတချို့ ရှိပါတယ်။ အဲ့ဒါကတော့ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အရေးပေါ်ကယ်ဆယ်ရေးတွေဆီ အကူအညီတောင်းခံတဲ့ Message ပေးပို့နိုင်တဲ့ Emergency SOS via Satellite ဆိုတဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ ဒီလုပ်ဆောင်ချက်အကြောင်း iPhone 14 Pro Review မှာ ဖတ်ရှုနိုင်ပါတယ်။

Crash Detection

iPhone 14 Pro မှာလိုပဲ iPhone 14 မှာလည်း ယာဉ်တိုက်မှုဖြစ်ရင် အရေးပေါ်ကယ်ဆယ်ရေးတွေဆီ အလိုအလျောက် ဖုန်းခေါ်ဆိုပေးနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ Apple Watch Series 8 မှာလည်း ပါဝင်လာပြီး ဒါကို Activate ဖြစ်မယ့်အခြေအနေမျိုး မရောက်ဖို့ မျှော်လင့်ပါတယ်။

Crash Detection on iPhone 14

iPhone 14 Price in Myanmar

iPhone 14 ရဲ့ မြန်မာနိုင်ငံမှာ ကျသင့်နိုင်ချေရှိတဲ့ စျေးနှုန်းကတော့ 128GB အတွက် ဒေါ်လာစျေးပေါ်မူတည်ပြီး သိန်း ၃၀ ကျော်ခန့်ရှိနိုင်ပါတယ်။ 256GB အတွက် ၄ သိန်းကျော်လောက် ပိုမိုကျသင့်နိုင်ပြီး 512GB အတွက်ကတော့ ၈ သိန်းကျော်လောက် ပိုမိုကျသင့်နိုင်ပါတယ်။

iPhone 14 ကို ဝယ်ယူသင့်လား

iPhone 14 ဟာ iPhone 13 ကို နာမည်ပြောင်း၊ ဘူးခွံပြောင်းပြီး ရောင်းထားတာနဲ့ ပိုတူနေပါတယ်။ နှစ်တိုင်းအဆင့်မြှင့်ပေးနေကျဖြစ်တဲ့ Chip ကိုတောင် မြှင့်တင်ပေးထားတာမရှိဘဲ မနှစ်က iPhone 13 မှာ ပါခဲ့တဲ့ A15 Bionic Chip ကိုပဲ ပြောင်းလဲမှု အနည်းငယ်လုပ်ပြီး ဆက်လက်အသုံးပြုထားပါတယ်။ ကင်မရာပိုင်းဟာလည်း အဆင့်မြှင့်တင်မှုတွေလုပ်ထားပေမယ့် သိသိသာသာ ကောင်းမွန်လာတာမျိုး မရှိပါဘူး။ ဒါကြောင့် ဒီနှစ်မှာ iPhone 14 ဟာ လုံး၀ကို မဝယ်သင့်တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ တကယ်လို့ ဒီနှစ်အတွက် iPhone အသစ် ပြောင်းဖို့ စိတ်ကူးထားရင် iPhone 14 Pro ကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ၄ သိန်းကျော် ၅ သိန်းလောက် စျေးသက်သာနိုင်တဲ့ iPhone 13 ကိုပဲ ဝယ်ယူသင့်ပါတယ်။ Apple က ဆက်လက်ရောင်းချခြင်းမရှိတော့ပေမယ့် iPhone 13 Pro တွေဟာလည်း စျေးသက်သက်သာသာနဲ့ တခြားနေရာတွေက ဝယ်ယူနိုင်ဦးမှာဖြစ်တာကြောင့် iPhone 13 Pro ကိုလည်း စဉ်းစားသင့်ပါတယ်။ စျေးသက်သက်သာသာနဲ့ Screen ကြီးတဲ့ iPhone ကိုပဲ လိုချင်ရင်တော့ အောက်တိုဘာမှာထွက်မယ့် iPhone 14 Plus ကို စောင့်ကြည့်နိုင်ပါတယ်။ iPhone 14 ကိုတော့ ဝယ်ယူဖို့ မသင့်ဘူးလို့ပဲ အကြံပြုလိုပါတယ်။

Back to top button