AppleNews

Apple September 7 Event မှာ ဘာတွေ မိတ်ဆက်ပေးနိုင်မလဲ

“မကြာခင် နာရီပိုင်းအတွင်း ကျင်းပတော့မယ့် Apple ရဲ့ September 7 Event မှာ iPhone 14 တွေအပြင် ဘာတွေမိတ်ဆက်ပေးမလဲ ဘယ်လိုလုပ်ဆောင်ချက်တွေပါဝင်မလဲဆိုတာ ပွဲမစခင်ကြိုတင် ရင်ခုန်ကြည့်ကြရအောင်ပါ”

“Far Out” လို့ အမည်ပေးထားတဲ့ ဒီပွဲမှာ အဓိကမိတ်ဆက်ပေးမှာကတော့ iPhone 14 Series ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲနီးလာတာနဲ့အမျှ ထွက်ပေါ်လာတဲ့ သတင်းတွေအရ AirPods Pro 2 နဲ့ Apple Watch Pro တို့ကိုပါ မိတ်ဆက်ပေးလိမ့်မယ်လို့ သိရပါတယ်။

iPhone 14 နဲ့ ပတ်သက်ပြီး နောက်ဆုံးသိရသမျှ

သတင်းဆိုးတခုနဲ့ပဲ စတင်လိုက်ရအောင်ပါ။ Apple အနေနဲ့ ဒီနှစ်မှာ iPhone တွေရဲ့ စျေးနှုန်းကို အနည်းငယ် မြှင့်တင်မယ်လို့ ဆိုပါတယ်။ သတင်းတွေနဲ့ ခန့်မှန်းချက်တွေအရ ဒေါ်လာ ၁၀၀ လောက် စျေးတက်သွားမယ်လို့ ယူဆရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ iPhone 14 အနေနဲ့ Green, Purple, Blue, Black, White, and Red ဆိုပြီး အရောင် ၆ ရောင်နဲ့ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ iPhone 14 Pro ရဲ့ အရောင်တွေအနေနဲ့ကတော့ Green, Purple, Silver, Gold, and Graphite ဆိုပြီး အရောင် ၅ ရောင်နဲ့ ရနိုင်မယ်လို့ဆိုပါတယ်။

Andrapple အနေနဲ့ အရင်က ရေးထားတဲ့ iPhone 14 နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတခုမှာ iPhone 14 Mini အစား iPhone 14 Max ကို အစားထိုးထုတ်လုပ်မယ်လို့ ဆိုထားခဲ့ဖူးပါတယ်။ အခုမကြာသေးခင်က ထွက်ရှိလာတဲ့ သတင်းတွေအရ iPhone 14 Max အစား iPhone 14 Plus လို့ပဲ ခေါ်ဆိုမယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ်ထွက်မယ့် iPhone 14 Model တွေကတော့ iPhone 14, iPhone 14 Plus, iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ပဲ ဖြစ်ပါတယ်။

Photo by 9to5Mac

ဒါ့အပြင် iPhone 14 Pro တွေမှာ Notch အစား Pill + Punch Hole ပုံစံနဲ့ ပွဲထွက်လာမယ်လို့ ဆိုထားခဲ့ပါတယ်။ ဒီသတင်းဟာလည်း ပွဲနီးလာတာနဲ့ အမျှ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတယ်။ ထွက်လာတဲ့ ကောလဟလသတင်းတွေအရ iPhone 14 Pro တွေမှာ ဒီ Pill + Punch Hole (ဆေးလုံးပုံနဲ့ ရှည်မြောမြော ဆေးတောင့်ပုံ အပေါက်) ပုံစံနဲ့ ပွဲထွက်လာမှာဖြစ်ပေမယ့် ဒီနှစ်ခုကြားရှိနေမယ့် Display နေရာကို Software နဲ့ ဆက်ပြီး ပိုရှည်တဲ့ ဆေးတောင့်ပုံတခုတည်းဖြစ်အောင် ဖန်တီးမယ်လို့ ဆိုပါတယ်။ OLED Display ဖြစ်တာကြောင့် အနက်ရောင်ထားတာန‌ဲ့ ဒီနေရာဟာ ရောနေမှာဖြစ်ပါတယ်။ ဒီပိတ်ထားမယ့်နေရာမှာ Privacy Indicator တွေကို ပြသပေးမယ်လို့ ဆိုပါတယ်။ Privacy Indicator ဆိုတာကတော့ iPhone တွေမှာ ဘယ် Application က မိုက်ကို သုံးနေတယ်၊ ဘယ် Application က ကင်မရာကို သုံးနေတယ်ဆိုတာကို လိမ္မောရောင်နဲ့ အစိမ်းရောင် အစက်ကလေးတွေနဲ့ ပြသပေးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ Apple အနေနဲ့ ဒီလုပ်ဆောင်ချက်ကို ကောင်းမွန်ချောမွေ့အောင် ဘယ်လိုလုပ်ဆောင်ထားမလဲဆိုတာ မကြာခင် နာရီပိုင်းအတွင်း သိရတော့မှာဖြစ်ပါတယ်။

Pill + Punch Hole အပေါက်နှစ်ခုကို Pill Shape တခုတည်းဖြစ်အောင် Software နဲ့ ပေါင်းစပ်မယ်လို့ ဆိုပါတယ် (Photo:9to5mac)

နောက်ကြားရတဲ့ သတင်းတခုကတော့ iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ရဲ့ Screen Size တွေဟာ အနည်းငယ် ပိုကြီးလာမယ်လို့ ဆိုပါတယ်။

  • iPhone 13 Pro – 6.06″
  • iPhone 14 Pro – 6.12″
  • iPhone 13 Pro Max – 6.68″
  • iPhone 14 Pro Max – 6.69″

iPhone 14 တွေမှာ Always-on Display လည်း ပါဝင်လာမယ်လို့ သတင်းတွေထွက်ရှိထားပါတယ်။ iOS 16 Beta မှာပါဝင်တဲ့ Code တွေအရလည်း ဒါအတွက် ရည်ညွှန်းထားတာတွေပါဝင်တာကြောင့် iPhone 14 တွေမှာ Always-on Display ပါဝင်လာမှာသေချာသလောက်ဖြစ်ပါတယ်။ Apple Watch တွေမှာပါတဲ့ Always-on Display လုပ်ဆောင်ချက်နဲ့ ခပ်ဆင်ဆင်ဖြစ်မယ်လို့ ယူဆရပါတယ်။

Photo by 9to5Mac

iPhone 14 Pro နဲ့ Pro Max ရဲ့ ProMotion Display ဟာလည်း ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ အခု iPhone 13 Pro တွေမှာသုံးထားတဲ့ ProMotion Display ဟာ Refresh Rate ကို 120Hz ကနေ 10Hz အထိ လျှော့ချပြသပေးနိုင်ပါတယ်။ iPhone 14 Pro တွေမှာတော့ 1Hz အထိ လျှော့ချပြသပေးနိုင်လာမယ်လို့ ဆိုပါတယ်။

အရင်ကထွက်ခဲ့တဲ့ သတင်းတွေမှာ Apple အနေနဲ့ TouchID ကို Display အောက်မှာ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေတဲ့ သတင်းတွေ ထွက်ရှိခဲ့ဖူးပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ Apple အနေနဲ့ Display အောက်မှာထည့်သွင်းနိုင်ဖို့ လုပ်မယ့်အစား iPad Air တို့မှာလို TouchID ကို Power Button မှာပဲ ထည့်သွင်းပေးတာ ပိုဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် ဒီနှစ် iPhone 14 တွေမှာ ဒီလုပ်ဆောင်ချက် ပါဝင်လာဖို့ မရှိပါဘူး။

iPhone 14 တွေအတွက် အကြီးမားဆိုးတိုးတက်မှုကတော့ ကင်မရာပိုင်းမှာဖြစ်ပါတယ်။ Kuo ရဲ့ အဆိုအရ Front-Facing (Selfie) Camera မှာ Auto focus လုပ်ဆောင်ချက် ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါဟာ ကင်မရာစွမ်းဆောင်ရည်ကို တော်တော်လေး ကောင်းမွန်လာစေမှာဖြစ်ပါတယ်။ တခြားတိုးတက်မှုတွေကတော့ အရင်က Lens ၅ ခုအစား Lens ၆ ခုကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မှောင်တဲ့အချိန်တွေမှာ ပုံကောင်းတွေ ရိုက်ကူးပေးနိုင်ဖို့ f/1.9 Aperture ပါဝင်လာမှာပါ။

နောက်ကျောဘက် ကင်မရာမှာတော့ iPhone 14 Pro နဲ့ iPhone 14 Pro Max တို့မှာ 48MP ရှိတဲ့ ကင်မရာ Sensor ကို တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်အတော်ကြာအောင် သုံးလာတဲ့ 12MP Sensor ကို အစားထိုးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 48MP ရှိတဲ့ ပုံတွေကို ရိုက်ကူးပေးမယ့်အစား Pixel တွေကို ပေါင်းစပ်ပြီး ပိုကောင်းတဲ့ 12MP ရိတဲ့ ပုံတွေကိုပဲ ရိုက်ကူးပေးမယ်လို့ ယူဆရပါတယ်။ Video ပိုင်းအနေနဲ့ 8K အထိ ရိုက်ကူးပေးလာနိုင်ပါတယ်။ နောက်ကျောဘက် ကင်မရာတွေဟာလည်း iPhone 13 Pro မှာထက် သိသိသာသာ ပိုမိုကြီးမားလာမယ်လို့ ဆိုပါတယ်။

iPhone 14 Model တွေဟာ Lightning Port ပါဝင်တဲ့ နောက်ဆုံး iPhone တွေဖြစ်ဖို့ များပါတယ်။ မကြာသေးခင်က ပြဌာန်းလိုက်တဲ့ EU ရဲ့ ဥပဒေတခုအရ USB C ကို မဖြစ်မနေပြောင်းသုံးရမယ့်အခြေအနေဖြစ်လာပါတယ်။ ဒီလိုမျိုး ဥပဒေကို တခြားနိုင်ငံတွေမှာလည်း ထုတ်ပြန်လာနိုင်ချေရှိတာကြောင့် လာမယ့် iPhone 15 မှာ Lightning Port အစား USB C ကို ပြောင်းလဲ အသုံးပြုလာနိုင်ပါတယ်။ Apple အနေနဲ့ USB C နဲ့ iPhone ကို စမ်းသပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း အရင်က ထွက်ရှိထားပါသေးတယ်။ USB C iPhone အကြောင်း အသေးစိပ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ဒီနှစ်မှာ ထူးထူးခြားခြား ပြောင်းလဲသွားနိုင်ချေရှိတဲ့ သတင်းတခုကနေတာ့ Pro Model နဲ့ ရိုးရိုး Model မှာ အသုံးပြုမယ့် Chip ဟာ အရင်ကလို အတူတူမဟုတ်တော့ဘူးဆိုတာဖြစ်ပါတယ်။ အရင်က ထွက်ခဲ့သမျှ iPhone Model တွေမှာ Plus Version, Pro Version, Mini Version မတူပေမယ့် Chip ကို တော့ အတူတူ အသုံးပြုပေးလေ့ရှိခဲ့တာပါ။ ဥပမာ iPhone 13, 13 Mini, 13 Pro နဲ့ 13 Pro Max အားလုံးမှာ A15 Chip ကိုပဲ အသုံးပြုခဲ့တာပါ။ ဒီနှစ်ထွက်မယ့် iPhone 14 နဲ့ iPhone 14 Plus တွေမှာ A15 Chip ကိုပဲ ဆက်လက်အသုံးပြုမှာဖြစ်ပြီး iPhone 14 Pro နဲ့ 14 Pro Max မှာပဲ အသစ်ဖြစ်တဲ့ A16 Chip ကိုပဲ အသုံးပြုမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ A16 Chip ဟာလည်း Performance ပိုင်းအနေနဲ့ အနည်းငယ်သာ ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။

မနှစ်က iPhone 13 မထွက်ခင်လေးမှာ Satellite ဂြိုလ်တုနဲ့ ချိတ်ဆက်နိုင်မယ့်လုပ်ဆောင်ချက်ပါဝင်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် မိတ်ဆက်ချိန်မှာ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ ဒီနှစ် iPhone 14 မှာတော့ ဒီ Satellite Connectivity လုပ်ဆောင်ချက် ပါဝင်လာမယ်လို့ အများစုက ခန့်မှန်းနေကြပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး ဖုန်းပြောတာ၊ အင်တာနက်အသုံးပြုနိုင်တာမျိုးမဟုတ်ဘဲ ဖုန်းလိုင်းမမိတဲ့ နေရာတွေရောက်နေချိန် အရေးပေါ်အခြေအနေကြုံလာရင် ကူညီကယ်ဆယ်ရေးတွေကို ခေါ်နိုင်ဖို့ SMS ပို့တာလိုမျိုးလုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ မကြာသေးခင်က T-Mobile နဲ့ Starlink တို့မိတ်ဆက်ပေးခဲ့သလိုမျိုး ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အင်တာနက် အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက် ပါဝင်လာမလား၊ နောက်ပြီး ဘယ်နိုင်ငံတွေမှာပဲ သုံးလို့ရမလဲဆိုတာကတော့ သေချာ မသိရသေးပါဘူး။

Apple Watch

ဒီနှစ်မှာ Apple Watch Series 8 ကို မိတ်ဆက်ပေးဖို့ရှိပြီး အနည်းဆုံး ခန္ဓာကိုယ်အပူချိန်တိုင်းပေးနိုင်တဲ့ Body Temperature Sensor ပါဝင်လာနိုင်ပြီး ဘက်ထရီသက်တမ်းလည်း ပိုကောင်းလာနိုင်ချေရှိပါတယ်။ ဒီအကြောင်းသတင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။ နောက်ထပ် ထူးခြားတာကတော့ ဒီနှစ်မှာ Apple Watch Pro ကိုပါ မိတ်ဆက်ပေးနိုင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။ Apple Watch Pro ရဲ့ CAD ဖိုင်တွေလည်း ပေါက်ကြားလာပြီး ကြမ်းကြမ်းတမ်းတမ်းအသုံးပြုမယ့် နေရာတွေ၊ အားကစားလုပ်သူတွေအတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

AirPods Pro 2

Bloomberg က Mark Gurman ရဲ့ အဆိုအရ ဒီပွဲမှာပဲ AirPods Pro 2 ကို မိတ်ဆက်ပေးနိုင်တယ်လို့ ဆိုပါတယ်။ AirPods Pro 2 မှာ Chip အသစ်ပါဝင်လာဖို့ရှိပြီး ချိတ်ဆက်မှုပိုကောင်းပြီး အသံအရည်အသွေးကောင်းတဲ့ Bluetooth 5.2 ပါဝင်လာနိုင်ပါတယ်။ အထူးသဖြင့် အသံအရည်အသွေးကောင်းတဲ့ Codec ကို ထောက်ပံ့ပေးလာနိုင်ပါတယ်။

ဒါတွေကတော့ မကြာခင် နာရီပိုင်းအတွင်းမှာ ကျင်းပတော့မယ့် Apple Event မှာ မိတ်ဆက်ပေးလာနိုင်တဲ့ ပစ္စည်းတွေအကြောင်း ကြားသိရမျှ သတင်းတွေပဲ ဖြစ်ပါတယ်။

Back to top button