AppleFeaturedNews

Apple September 7 Event မှာ ဘာတွေမိတ်ဆက်ပေးခဲ့လဲ

Apple ရဲ့ September 7 က ကျင်းပခဲ့တဲ့ Far Out Event မှာ ဘာတွေ မိတ်ဆက်ပေးခဲ့သလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဒီပွဲမှာ အဓိက Product ၃ မျိုးကို မိတ်ဆက်သွားခဲ့ပြီး အဲ့ဒါတွေကတော့ Apple Watch, AirPods Pro 2 နဲ့ iPhone 14 တို့ပဲ ဖြစ်ပါတယ်။

Apple Watch Series 8

Apple Watch Series 8 မှာ Temperature Sensor ပါဝင်လာပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာ ပိုမိုအထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ အရင်က သတင်းတွေထွက်ပေါ်ခဲ့သလို မိမိမှာအဖျားရှိနေမလားဆိုတာကို အချက်ပြပေးနိုင်မယ့်လုပ်ဆောင်ချက်တော့ ပါဝင်လာတာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် ကားတိုက်တာ ကားမှောက်တာဖြစ်ရင် အရေးပေါ်ဖုန်းနံပါတ်တွေကို အလိုအလျောက် သတင်းပို့ပေးနိုင်မယ့် Crash Detection Mode ပါဝင်လာပါတယ်။ နောက်တခုအနေနဲ့ကတော့ Compass ကို အပြောင်းအလဲတွေလုပ်ထားပေးတာဖြစ်ပြီး အချက်အလက်တွေ ပိုမိုစုံလင်လာပါတယ်။

ဒါ့အပြင် Apple Watch SE အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Apple Watch SE မှာ Activity Tracking, High and Low Heart Rate Notification, Emergency SOS နဲ့ Crash Detection လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

Apple Watch Ultra

ပွဲမစခင် အချိန်အထိ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Apple Watch Pro ကိုပါ မိတ်ဆက်ပေးမယ်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ Pro လို့ နာမည်မပေးပဲ Apple Watch Ultra လို့ပဲ ခေါ်ဆိုမိတ်ဆက်ခဲ့ပါတယ်။

Apple Watch Ultra

Apple Watch Ultra ကို ပိုမိုအကြမ်းခံတဲ့ Titanium Case ကို အသုံးပြီးထားပြီး အရွယ်အစားအားဖြင့် 49mm ရှိပါတယ်။ မိမိစိတ်ကြိုက်လုပ်ဆောင်ချက်တခုခုကို ထည့်သွင်းထားနိုင်တဲ့ လိမ္မော်ရောင် Customizable Action Button တခုထပ်မံပါဝင်လာတာတွေ့ရပါတယ်။ ဒါ့အပြင် ဘက်ထရီအနေနဲ့လည်း Apple Watch အားလုံးမှာ ကြာရှည်အခံဆုံးဖြစ်ပြီး 36 နာရီထိ အသုံးခံမယ်လို့ ဆိုပါတယ်။ အသစ်ပါဝင်လာတဲ့ Low Power Mode ကို အသုံးပြုမယ်ဆိုရင် နာရီ 60 အထိ အသုံးခံနိုင်မယ်လို့ ဆိုပါတယ်။ ဒီ Low Power Mode ကို Apple Watch Series 4 နဲ့ နောက်ပိုင်း Apple Watch တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Wayfinder ဆိုတဲ့ Apple Watch Face အသစ်လည်း ပါဝင်လာပြီး Trekking သွားတာလိုမျိုးတွေမှာ အထောက်အကူပြုနိုင်ပါတယ်။ Workouts, Compass Waypoints နဲ့ Backtrack တို့လိုမျိုး လုပ်ဆောင်ချက်အသစ်တွေလည်း ပါဝင်လာပါတယ်။ Backtrack လုပ်ဆောင်ချက်ဟာ တောထဲတောင်ထဲ မျက်စိလည်လမ်းပျောက်နေရင်လည်း လာခဲ့တဲ့လမ်းတလျှောက်ကို နောက်ကြောင်းပြန်လည် ပြသပေးနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

Apple Watch Ultra

Apple Watch Ultra ရဲ့ Brightness ဟာ 2000 nit အထိ ပြသပေးနိုင်တာကြောင့် အလင်းရောင်အောက်မှာ ကောင်းမွန်စွာမြင်ရနိုင်ပါတယ်။ Aerospace-grade Titanium ကိုအသုံးပြုထားပြီး Display ကို Sapphire Glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။ Trail Loop, Alpine Loop နဲ့ Ocean Band ဆိုပြီး Apple Watch Ultra အတွက် Bands အသစ်တွေ မိတ်ဆက်ပေးထားပါတယ်။ Microphone ၃ လုံးပါဝင်လာတာကြောင့် ဖုန်းပြောဆိုရာတွေမှာလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ Apple Watch Ultra မှာ Cellular Connectivity ပါဝင်လာပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အများမျှော်လင့်ခဲ့ကြတဲ့ Satellite Connectivity တော့ ပါဝင်လာခြင်း မရှိပါဘူး။ ရာသီဥတုပြင်းထန်တဲ့ အချိန်တွေမှာ အသုံးပြုနိုင်တာ၊ ရေငုတ်တဲ့အချိန်မှာ ရောက်ရှိနေတဲ့ အနက်အပါအဝင် လိုအပ်တဲ့ အချက်အလက်တွေ ပြသပေးနိုင်တာ၊ GPS Connectivity ပိုမိုကောင်းမွန်လာတာ၊ Speaker အသံပိုကျယ်လာတာ၊ အရေးပေါ်အခြေအနေတွေမှာ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေကြားနိုင်ဖို့ 86-decibel Siren ပါဝင်လာတာ စတဲ့လုပ်ဆောင်ချက်အသစ် အများအပြားပါဝင်တာတွေ့ရပါတယ်။ ဒါ့အပြင် စျေးနှုန်းဟာလည်း သိသိသာသာများပြားလာပြီး $799 ကျသင့်တာ တွေ့ရပါတယ်။

AirPods Pro 2

ဒီပွဲမှာ H2 Chip အသစ်ကို အသုံးပြုထားတဲ့ Airpods Pro 2 ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ Noise Cancellation ပိုင်းမှာ ၂ ဆ ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး Adaptive Transparency Mode လည်း ပါဝင်လာပါတယ်။ ဒီ Mode ဟာအပြင်က အသံတွေကောင်းကြားနိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပေမယ့် ဘက်စ်ကားသံလိုမျိုး ဆူလွန်းတဲ့ အသံတွေကိုတော့ လျှော့ချပေးမှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာလည်း ပိုမွန်ကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ သတင်းတွေမှာ ထွက်ခဲ့သလိုမျိုး Lossless Audio ကို ထောက်ပံ့ပေးနိုင်မလားဆိုတာကတော့ ပြောမသွားပါဘူး။ Touch Sensor ပါဝင်လာပြီး အသံအတိုးအကျယ်လုပ်တာတွေကို Touch Sensor ကတဆင့် လုပ်ဆောင်လာနိုင်တော့မှာဖြစ်ပါတယ်။

Find My နဲ့ချိတ်ဆက်ပြီး ရှာဖွေနိုင်ဖို့ AirPods Pro 2 ရဲ့ Charging Case မှာ Speaker ပါဝင်လာပါတယ်။ ဒီ Charging Case ဟာ ချွေးနဲ့ ရေစိုတာကိုလည်း ခံနိုင်မယ်လို့ ဆိုပါတယ်။ အလွယ်တကူ သယ်ယူနိုင်အောင် ကြိုးတပ်ဖို့ နေရာလည်း ပါဝင်လာပါတယ်။

ဘက်ထရီပိုင်းလည်း ပိုမိုကောင်းမွန်လာပြီး တခါနားထောင်ရင် ၆ နာရီထိ အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့ ဆိုပါက စုစုပေါင်း နာရီ ၃၀ အထိ နားထောင်နိုင်မယ်လို့ ဆိုပါတယ်။ Charging Case ကို MagSafe Charger အပြင် Apple Watch Charger နဲ့ပါ အားသွင်းနိုင်မှာဖြစ်ပါတယ်။ သတင်းတွေထွက်ပေါ်ထားခဲ့သလို USB C ပေါက်တော့ ပါဝင်မလာဘဲ Lightning Port ပဲ ပါဝင်လာပါတယ်။ စျေးနှုန်းအနေနဲ့ အရင် AirPods Pro ရဲ့ စျေးနဲ ့အတူတူပဲဖြစ်ပါတယ်။

iPhone 14, iPhone 14 Plus

iPhone 14 ရဲ့ Screen Size က 6.1 inch ရှိပြီး iPhone 14 Plus ကတော့ 6.7 inch ရှိပါတယ်။ 5.4 inch ရှိတဲ့ Mini Version အနေနဲ့တော့ မရနိုင်တော့ပါဘူး။ iPhone 14 Plus ရဲ့ Screen ဆိုဒ်ဟာ iPhone 14 Pro Max နဲ့ အတူတူပဲ ဖြစ်ပါတယ်။ iPhone 14 နဲ့ 14 Plus မှာ Feature အသစ်တွေအနေနဲ့ ကင်မရာပိုင်းကို အဆင့်မြှင့်ပေးထားတာ၊ ဘက်ထရီ ပိုကောင်းလာတာ၊ Satellite Connectivity ပါဝင်လာတာ စတဲ့ လုပ်ဆောင်ချက်တွေပါဝင်လာပါတယ်။

iPhone 14 and iPhone 14 Plus

iPhone 14 နဲ့ 14 Plus မှာ သုံးထားတဲ့ Chip တွေက အရင် iPhone 13 တွေမှာသုံးထားတဲ့ A15 ကိုပဲ ဆက်လက်အသုံးပြုထားတာတွေ့ရပါတယ်။ ကင်မရာပိုင်းကိုလည်း အဆင့်မြှင့်တင်ပေးထားပါတယ်။ ကင်မရာ Sensor ဟာ ပိုမိုကြီးမလားတာကြောင့် ပိုကောင်းတဲ့ ပုံတွေ ရိုက်ကူးပေးနိုင်လာမှာဖြစ်တဲ့အပြင် အလင်းရောင်နည်းတဲ့အချိန် ရိုက်ကူးရာမှာလည်း Noise ပါဝင်မှုတွေ လျော့နည်းလာမှာဖြစ်ပါတယ်။ Front Facing Camera အသစ်ပါဝင်လာပြီး ပထမဆုံးအကြိမ်အနေနဲ့ Auto focus ပါ ပါဝင်လာတာ တွေ့ရပါတယ်။ Photonic Engine ဆိုတဲ့ လုပ်ဆောင်ချက်ပါဝင်လာပြီး အလင်းအားနည်းချိန် ပုံတွေရိုက်ကူးရာမှာ နှစ်ဆ ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။

သတင်းတွေ ထွက်ခဲ့သလိုပဲ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အရေးပေါ် SMS တွေပို့နိုင်မယ့် လုပ်ဆောင်ချက်ပါဝင်လာပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကို US နဲ့ ကနေဒါမှာပဲ လောလောဆယ်သုံးလို့ရဦးမှာဖြစ်ပြီး ၂ နှစ်အခမဲ့ အသုံးပြုခွင့်ရမယ်လို့ ဆိုပါတယ်။ ၂ နှစ်ကျော်သွားတဲ့အခါ ဆက်လက်အသုံးပြုဖို့ ဘယ်လောက်ကျသင့်မလဲဆိုတာကတော့ သေချာမသိရသေးပါဘူး။ ဒီလုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက်တော့ ရရှိနိုင်မှာမဟုတ်ပါဘူး။ စျေးနှုန်းအနေနဲ့ ခန့်မှန်းထားသလို တိုးသွားခြင်းမရှိဘဲ အရင်က စျေးနဲ့ပဲ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ Midnight, Starlight, Blue, Pupple နဲ့Red ဆိုပြီး ၅ မျိုးရရှိနိုင်မှာပါ။

iPhone 14 Pro နဲ့ iPhone 14 Pro Max

iPhone 14 Pro နဲ့ iPhone 14 Pro Max မှာတော့ လုပ်ဆောင်ချက်အသစ်တွေ တော်တော်များများ ပါဝင်လာတာတွေ့ရပါတယ်။ Always-On Display ပါဝင်လာပြီး Notch အစား Dynamic Island လို့ခေါ်တဲ့ Pill+Punch Hole ဒီဇိုင်းနဲ့ ပြောင်းလဲထားပါတယ်။ သတင်းတွေထွက်ပေါ်ခဲ့သလို Software ပိုင်းနဲ့ ဒီနှစ်ခုကို ချိတ်ဆက်ထားပြီး Screen ထဲမှာနေရာယူထားမယ့် ဒီနေရာကို Notification Center/ Live Activity တခုလို ပိုင်ပိုင်နိုင်နိုင်ပြောင်းလဲ အသုံးချထားတာ သဘောကျစရာကောင်းပါတယ်။

Camera ပိုင်းအနေနဲ့ 48MP f/1.78 Camera ပါဝင်လာပါတယ်။ ဒီ ကင်မရာမှာ Quad-Pixel Sensor ပါဝင်တကြောင့် ရိုက်ကူးတ‌ဲ့ပုံပေါ်မူတည်ပြီး Pixel ၄ ခုက တခုတည်းအဖြစ် ပေါင်းစည်းပေးနိုင်တာကြောင့် မှောင်နေတဲ့အချိန်တွေမှာရိုက်ကူးတဲ့အခါ ပိုမိုကောင်းမွန်တဲ့ပုံတွေရရှိလာစေမှာဖြစ်ပြီး ဖိုင်ဆိုဒ်ကိုလည်း လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒီ Quad-Pixel Sensor ဟာ အလည်မှာရှိတဲ့ 12MP ကို အသုံးပြုပြီး 2X Telephoto နဲ့ ရိုက်ကူးပေးနိုင်မှာဖြစ်ပြီး Digital Zoom အသုံးပြုစရာမလိုဘဲ Resolution ပြည့် ဓာတ်ပုံတွေနဲ့ 4K Video တွေကို ၂ ဆအထိ ဆွဲယူရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ProRAW ကို အသုံးပြုပြီး 48MP အပြည့်ရှိတဲ့ ပုံတွေကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။ Phototonic Engine ကို အသုံးပြုပြီး Main Camera ရဲ့ Low-light Performance ကို ၂ ဆ၊ Ultra Wide Camera ကို ၃ ဆ၊ Telephoto Camera ကို ၂ ဆ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Video ရိုက်ကူးရာမှာ ပိုမိုတည်ငြိမ်စေဖို့ Action Mode ဆိုတာလည်း ပါဝင်လာပါတယ်။ နောက်ပြီး Cinematic Mode မှာ 4K 30fps, 4K 24fps နဲ့ ရိုက်ကူးနိုင်လာပါတယ်။ ဒါ့အပြင် Crash Detection လုပ်ဆောင်ချက်၊ Emergency Satellite SOS လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ ပထမဆုံးအဖြစ် US မှာ ရောင်းချမယ့် iPhone 14 တွေအားလုံးမှာ SIM ကဒ်ထည့်ပို့ Slot မပါဝင်တော့ဘဲ eSIM ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Apple အနေနဲ့ iPhone မှာပါတဲ့ အပေါက်တခုကို ဖယ်ထုတ်ဖို့ နောက်ထပ်ခြေလှမ်းတခုလို့ ပြောရမှာပါ။ အရောင်တွေအနေနဲ့ Space Black, Deep Purple, Silver နဲ့ Gold ဆိုပြီး ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ပြောင်းလဲခြင်းမရှိပါဘူး။

Back to top button