AndroidNewsSamsung

Samsung Galaxy Unpacked 24 မှာ ဘာတွေ မိတ်ဆက်သွားလဲ

မကြာသေးခင်က ကျင်းပခဲ့တဲ့ Samsung ရဲ့ 2024 အတွက် Galaxy Unpacked Event မှာ Galaxy S24 Series အပါအဝင် ပစ္စည်းသစ်တွေ၊ Software Features အသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီပွဲမှာ မိတ်ဆက်ခဲ့တာတွေကို အခု ပြောပြပေးသွားမှာဖြစ်ပြီး Galaxy S24 Series အတွက် Review တွေကို မကြာခင်မှာ တင်ဆက်ပေးသွားဖို့ရှိလို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

1. Galaxy AI

2023 မှာ AI တွေ ခေတ်စားခဲ့ပြီး အခု 2024 မှာတော့ AI တွေ ပါဝင်လာတဲ့ ဖုန်းတွေအလုံးအရင်းနဲ့ ထွက်လာတော့မှာဖြစ်ပါတယ်။ အားလုံးမျှော်လင့်ထားကြတဲ့အတိုင်း Samsung အနေနဲ့လည်း AI Trend ထဲ ခြေစုံပစ် ဝင်လာပြီး Galaxy AI ကို ပွဲထုတ်လာပါတယ်။ စာပို့တာကနေ ဖုန်းခေါ်တာ၊ ဓာတ်ပုံရိုက်တာ၊ ဓာတ်ပုံတွေကို ပြုပြင်တာ အပါအဝင် အင်တာနက်ပေါ် ရှာဖွေတာတွေအားလုံးမှာ AI ကို ထည့်သွင်းပေးလာတာပါတယ်။ Samsung အနေနဲ့ ကိုယ်ပိုင် AI Model အသစ်ကို ပွဲထုတ်လာတာမျိုးမဟုတ်ဘဲ Google နဲ့ တွဲဖက်ပြီး Google ရဲ့ Gemini AI ကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒီ Galaxy AI ဟာ တချို့ လုပ်ဆောင်ချက်တွေအတွက် Cloud ကို ချိတ်ဆက်စရာမလိုဘဲ Device ပေါ်မှာတင် လုပ်ဆောင်နိုင်မှာဖြစ်လို့ လုံခြုံရေး စိုးရိမ်သူတွေအတွက် သတင်းကောင်းတခုဖြစ်ပါတယ်။ ဒါ့အပြင် Cloud ကို ချိတ်ဆက်ပြီးအသုံးပြုနိုင်တဲ့ cloud-based AI Model ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါကို အသုံးပြုရင်တော့ လုပ်ဆောင်တဲ့ နေရာမှာ ပိုမိုမြန်ဆန်ပြီး ပိုမိုကောင်းမွန်တဲ့ ရလာဒ်တွေ ရရှိနိုင်ပါတယ်။ စာသားတွေနဲ့ ပတ်သက်တဲ့ AI လုပ်ဆောင်ချက်တွေအတွက် Gemini Nano က လုပ်ဆောင်ပေးမှာဖြစ်ပြီး ပုံတွေ ပြုပြင်တာ၊ အသံဖိုင်တွေ၊ အသံတွေနဲ့ ပတ်သက်တာတွေအတွက် Gemini Pro က နောက်ကွယ်ကနေ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Galaxy AI မှာ ပါဝင်တဲ့ လုပ်ဆောင်ချက်အသစ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Circle to Search with Google

ဒါကတော့ အရင်က ရှိပြီးသား လုပ်ဆောင်ချက်တခုကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထားတာလို့ ပြောလို့ရပါတယ်။ အရင်က Home Button ကို ကြာကြာဖိထားရင် Google Voice Assistant ပေါ်လာတာဖြစ်ပြီး အခုအခါမှာတော့ အဲ့ဒီအစား အရင်က ရှိပြီးသာ Google Lens ဆန်ဆန်လုပ်ဆောင်ချက် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ Screen ပေါ်မှာရှိနေတာတွေထဲက မိမိသိလိုတဲ့အရာအပေါ် စက်ဝိုင်းပုံ ဝိုင်းပေးတာ၊ ဒါမှမဟုတ် ထိပေးတာ လုပ်ပေးရုံနဲ့ အဲ့ဒီအကြောင်းအရာကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဥပမာ Facebook ကို သုံးနေရင်း မိမိကြိုက်တဲ့ နာရီပုံတွေလို့ အဲ့ဒီနာရီအကြောင်းရှာဖွေလိုရင် Home Button ကို ကြာကြာဖိထားပြီး Circle to Search ပေါ်လာတဲ့အခါ နာရီပုံပေါ် လက်နဲ့ ဝိုင်းပြလိုက်တာနဲ့ အလိုလို အဲ့ဒီနာရီအကြောင်း Google မှာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။

Live Translate

ဒီလုပ်ဆောင်ချက်က On-Device AI Model ကို အသုံးပြုမှာဖြစ်ပါတယ်။ တခြားဘာသာစကားပြောတဲ့သူတယောက်ယောက်နဲ့ ဖုန်းပြောတဲ့အခါ မိမိပြောဆိုတဲ့စကားကို တခြားသူပြောတဲ့စကားဆီ Live ဘာသာပြန်ပြီး ကိုယ်စားပြောပေးမှာဖြစ်သလို စာနဲ့လည်း ပြသပေးမှာဖြစ်ပါတယ်။ တခြားသူပြောတဲ့ဘာသာစကားကိုလည်း မိမိနားထောင်ချင်တဲ့ ဘာသာစကားနဲ့ ပြန်လည် ပြောကြားပေးမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို တဖက်သူက ဘယ်လို ဖုန်းအမျိုးအစားနဲ့ပြောသည်ဖြစ်စေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလုပ်ဆောင်ချက် ရရှိဖို့ မသေချာပါဘူး။ ဘာကြောင့်ဆို အသုံးပြုနိုင်တဲ့ ဘာသာစကား ၁၃ မျိုးထဲမှာ မြန်မာဘာသာ မပါဝင်လို့ပါ။ ထိုင်း၊ ဗီယက်နမ်တို့ ဘာသာစကားတွေတော့ ပါဝင်တာ‌တွေ့ရပါတယ်။ ဒီလုပ်ဆောင်ချက်ကို ဖုန်းပြောနေစဉ်မှာသာမဟုတ်ဘဲ လူချင်းတွေ့လို့ စကားပြောစဉ်မှာလည်း ဘာသာပြန်အဖြစ် အသုံးပြုနိုင်ပါတယ်။

Transcript Assist

ဒါကတော့ အသံဖမ်းထားတဲ့ အသံဖိုင်တွေကို စာသားအဖြစ်ပြောင်းပေးတာ၊ အကျဉ်းချုပ်ပြပေးတာ စတာမျိုးတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။ Voice Memo နဲ့ Samsung Notes မှာ ဒါလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။ အစောကပြောသလိုပဲ မြန်မာစာတွေအတွက် ပါဝင်လာဦးမှာမဟုတ်တဲ့အတွက် အရမ်းကြီး အသုံးမဝင်သေးဘူးလို့ ပြောလို့ရပါတယ်။

Photo Assist

ဒီလုပ်ဆောင်ချက်ကတော့ မြန်မာနိုင်ငံမှာလည်း ရနိုင်တဲ့ AI Feature တခုဖြစ်ပါတယ်။ ဓာတ်ပုံတွေကို AI အသုံးပြုပြီး တည်းဖြတ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ ဓာတ်ပုံထဲက မလိုတာတွေ ဖျက်ပစ်တာ၊ နေရာရွှေ့ပြောင်းတာ၊ အရွယ်အစား ပြောင်းတာ၊ နောက်ခံ Background ကို ဝါးအောင်လုပ်တာ စတာတွေ လုပ်ဆောင်နိုင်ပါတယ်။ ရိုက်ကူးပြီးသား ဗီဒီယိုတွေကိုလည်း Slow Motion ဗီဒီယိုတွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

Photo Assist

Chat Assist

ဒီလုပ်ဆောင်ချက်ကတော့ Samsung Keyboard မှာ AI Assistant ကို ထည့်ပေးထားတာမျိုး ဖြစ်ပါတယ်။ မိမိအသုံးပြုလိုတဲ့ ဘယ် Chat Application မှာမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အထက်ကလိုပဲ မြန်မာဘာသာစကားကို အထောက်အပံ့ပေးနိုင်မှာ မဟုတ်လို့ သိပ်အသုံးမဝင်ဘူးလို့ပဲ ပြောရမှာပါ။

Samsung ရဲ့ အဆိုအရ Camera Hardware ပေါ်အခြေခံပြီး လုပ်ဆောင်ရတဲ့ Feature တွေကလွဲလို့ ကျန်တဲ့ Galaxy AI လုပ်ဆောင်ချက်တွေအားလုံး Galaxy S24 Series ဖုန်းတွေအကုန်မှာရရှိနိုင်မှာဖြစ်ပါတယ်။

2. Galaxy S24 and S24 Plus

နောက်ထပ် မိတ်ဆက်ပေးခဲ့တာကတော့ Galaxy S24 Series ထဲက Galaxy S24 နဲ့ S24 Plus ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဒီဖုန်းနှစ်လုံးဟာ အရင်နှစ်ကလိုမဟုတ်ဘဲ လုပ်ဆောင်ချက်အသစ်တွေ တော်တော်များများ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ မနှစ်က Model တွေထက် ဒီဖုန်းတွေဟာ ပိုပေါ့ပြီး ပိုပေါ့ပါးလာတာတွေ့ရပါတယ်။ ဒါ့အပြင် ဘေးဘောင် အနားတွေဟာလည်း အပြားဖြစ်သွားတာကြောင့် iPhone နဲ့ ပိုတူလာတယ်လို့တောင် ပြောလို့ရပါတယ်။

Photo: Sammobile

အရောင်တွေအနေနဲ့ ခရမ်း၊ အဝါ၊ ခဲရောင်နဲ့ အနက်ရောင်ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး အရောင်တွေအနေနဲ့ တောက်တောက်ပပ အရောင်မျိုးတွေမဟုတ်တာကြောင့် ပိုပြီး Premium ဆန်တယ်လို့ ပြောလို့ရပါတယ်။ Storage အနေနဲ့ 512GB အထိ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်သလို RAM အနေနဲ့လည်း 12GB အထိ ရွေးချယ်နိုင်ပါတယ်။

Galaxy S24 နဲ့ S24 Plus ဖုန်းနှစ်မျိုးလုံးမှာ Variable Refresh Rate ရတဲ့ Display ပါဝင်တာကြောင့် အသုံးပြုနေတာပေါ်မူတည်ပြီး Refresh Rate ကို လိုအပ်သလို ချိန်ညှိပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Screen Brightness အနေနဲ့လည်း 2600 nit အထိပြသပေးနိုင်တာကြောင့် နေရောင်အောက်မှာ ကြည့်တဲ့အခါတွေမှ တောက်ပစွာ ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ S23 Series မှာ 1750 nit အထိပဲ ပါဝင်ပါတယ်။

Battery အနေနဲ့ S24 မှာ 4000 mAh ပါဝင်ပြီး S24 Plus မှာတော့ 4900mAh ပါဝင်တာကြောင့် မနှစ်ကထက် 100mAh ပိုများလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် LTPO Display တွေ ဖြစ်သွားတာကြောင့် မလိုအပ်ချိန်မှာ Battery ကို ခြွေတာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Charging Speed အနေနဲ့ 25W နဲ့ 45W ပဲ အသီးသီးပါဝင်တာကြောင့် မနှစ်ကနဲ့ အတူတူပဲလို့ ဆိုရမှာပါ။ Qi2 Wireless Charging ကို Support မပေးတာကတော့ စိတ်ပျက်စရာပါ။ အထူးသဖြင့် OS Update ၇ နှစ်ထိ ပေးမယ်လို့ ဆိုထားတာကြောင့် အရင်ဖုန်းတွေထက် ပိုပြီး ကြာကြာသုံးနိုင်မယ့်အခြေအနေနဲ့ တခြားဖုန်းတွေမှာ ပါဝင်လာတော့မှာဖြစ်တဲ့ Feature အသစ်ပါဝင်မလာတာ စိတ်ပျက်စရာပါ။

S24, S24 Plus နဲ့ S24 Ultra သုံးမျိုးလုံးမှာ Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် S24 Ultra တမျိုးဘဲ စျေးကွက်အားလုံးမှာ Snapdragon 8 Gen 3 ပါဝင်တဲ့ တမျိုးသာ ရောင်းချမှာ ဖြစ်ပေမယ့် S24 နဲ့ S24 Plus မှာ Samsung ရဲ့ လူပြောများတဲ့ Exynos 2400 Chipset ကိုပါ ရောနှော အသုံးပြုမှာဖြစ်တာကြောင့် မြန်မာနိုင်ငံကိုဝင်မယ့် S24 နဲ့ S24 Plus တွေမှာ Exynos 2400 Chipset ပါတဲ့ Version ကိုပဲ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း နောက်ထပ် စိတ်ပျက်စရာတခုပါ။

Camera ပိုင်းအနေနဲ့ ပိုကြီးတဲ့ Sensor တွေနဲ့အတူ Optical Image Stabilizaton အနေနဲ့လည်း ၂ ဆ ပိုမိုကျယ်ပြန့်လာတာကြောင့် အလင်းအားနည်းတဲ့အချိန်တွေမှာ ပိုမိုကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ထုတ်လုပ်ပေးနိုင်လာမယ်လို့ ဆိုပါတယ်။

Galaxy S24 နဲ့ Galaxy S24 Plus တွေရဲ့ စျေးနှုန်းတွေကတော့ Galaxy S24 8/256GB Version အတွက် Pre-order စျေး 3,199,000 ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပြီး၊ Galaxy S24 Plus 12GB/256GB Version ကို 3,889,000 ကျပ်နဲ့ ကြိုတင်မှာယူနိုင်မယ်လို့ Samsung Authorized Reseller တွေရဲ့ စျေးနှုန်းအရ သိရပါတယ်။ February 6, 2024 အထိ Pre-order တင်မယ်ဆိုရင် 512GB Storage ကို 256GB Storage စျေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Standing Grip Case နဲ့ Travel Adapter တို့ကို လက်ဆောင်ရရှိနိုင်မယ်လို့ ဆိုပါတယ်။

Galaxy S24 နဲ့ Galaxy S24 Plus ကို မြန်မာနိုင်ငံမှာ ကြိုတင်မှာယူရန် ဒီမှာနှိပ်ပါ

3. Galaxy S24 Ultra

Samsung ရဲ့ Flagship ဖုန်းဖြစ်တဲ့ Galaxy S24 Ultra ကိုလည်း ဒီပွဲမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဖုန်းမှာလည်း လုပ်ဆောင်ချက် အသစ်တွေ အများအပြားပါဝင်လာပါတယ်။ ပထမဆုံးအဖြစ် S24 Ultra ရဲ့ Frame ကို Titanium နဲ့ ပြုလုပ်ထားပြီး Corning Gorilla Glass Armor Display ကို အသုံးပြုထားပါတယ်။ ဒီ Display ဟာ အရင်က ထွက်ခဲ့တဲ့ Display ထက် စင်းရာ ခြစ်ရာတွေကို ၄ ဆ ပိုမိုခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။

Galaxy S24 Ultra (Photo:CNET)

Galaxy S24 Ultra မှာ 6.8 inch AMOLED Display ပါဝင်ပြီး LTPO နည်းပညာပါဝင်တာကြောင့် Screen Refresh Rate အနေနဲ့ အနည်းဆုံး 1Hz ကနေ 120Hz အထိ လိုအပ်သလို ချိန်ညှိပေးနိုင်ပါတယ်။ ဒီ LTPO နည်းပညာဟာ S24 နဲ့ S24 Plus တွေမှာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အရင်နှစ်ကလိုပဲ SPen ပါ ပါဝင်ပါတယ်။ ဒီနှစ်မှာတော့ Display ဘေးအစွန်းတွေဟာ ကွေးမနေတော့ပဲ Flat Display ဖြစ်သွားတာကို တော်တော်လေး သဘောကျမိပါတယ်။ နောက်ပြီး SPen ကို အသုံးပြုတဲ့နေရာမှာလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

Galaxy S24 Ultra မှာ ကင်မရာပိုင်းအနေနဲ့ နောက်ကျောဘက်မှာ 200MP Main camera ပါဝင်လာပြီး 10MP 3x Optical Zoom lens, 12MP ultrawide lens နဲ့ 50MP 5x optical zoom lens တို့လည်း ပါဝင်ပါတယ်။ အလင်းတွေကို ဖမ်းယူဖို့ 60% ပိုမိုကြီးမားတဲ့ Pixel တွေ ပါဝင်လာတာကြောင့် အလင်းအားနည်းတဲ့အချိန် ရိုက်ကူးရာမှာ ပိုကောင်းတဲ့ ပုံတွေရိုက်ကူးလာနိုင်မှာပါ။

ဒါ့အပြင် Processor တွေ ပိုမိုကောင်းမွန်များပြားလာတာနဲ့အမျှ ထွက်လာမယ့် အပူတွေကို စွန့်ထုတ်ဖို့ Cooling System ကောင်းကောင်းလည်း ရှိဖို့ လိုပါတယ်။ ဒီအတွက် ၉၃% ပိုကြီးတဲ့ Vapor Chamber တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Gamer တွေအနေနဲ့ Game ကစားချိန်မှာ အပူတွေကို ပိုမိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

Galaxy S24 Ultra ရဲ့ Pre-order စျေးနှုန်းအနေနဲ့ 12/256GB Model အတွက် 4,999,000 ကျပ်နဲ့ ကြိုတင်မှာယူနိုင်မယ်လို့ ဆိုပါတယ်။ February 6, 2024 အတွင်း ကြိုတင်မှာယူသူများအနေနဲ့ 512GB Model ကို အခမဲ့ Upgrade လုပ်ပေးမှာဖြစ်ပြီး (256GB စျေးနဲ့ 512GB ကို ရရှိမှာဖြစ်ပြီး) Standing Grip Case နဲ့ Travel Adapter တွေလည်း လက်ဆောင်ရရှိမယ်လို့ ဆိုပါတယ်။

Galaxy S24 Ultra ကို မြန်မာနိုင်ငံမှာ ကြိုတင်မှာယူရန်

4. Samsung Smart Ring

Samsung အနေနဲ့ Galaxy Unpacked ပွဲ ပြီးခါနီးမှာ ဘယ်သူမှ ထင်မှတ်မထားတဲ့ Samsun Smart Ring ကို Tease လုပ်သွားခဲ့ပါတယ်။ စက္ကန့်အနည်းငယ်သာ ပြသသွားခဲ့တာဖြစ်ပြီး ဘယ်လိုလုပ်ဆောင်ချက်တွေပါဝင်မယ်၊ ဘယ်ချိန်မှာ ထွက်မယ်၊ စျေးနှုန်းဘယ်လောက်ရှိမယ် စတာတွေကို ကြေငြာမသွားပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နှလုံးခုန်နှုန်းတွေတိုင်းတာနိုင်တာ၊ အိပ်စက်ချိန်တွေကို တိုင်းတာတာ စတာမျိုးတွေ လုပ်ပေးနိုင်မယ်လို့ ယူဆရပါတယ်။ အရင်က သတင်းတချို့ ထွက်ခဲ့ပေမယ့် တခါတော့ Samsung ကိုယ်တိုင် ချပြလိုက်တာဖြစ်လို့ တချိန်ချိန်မှာ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Samsung Smart Ring Teaser (Photo: CNET)
Back to top button