Featured

1-inch Camera Sensor ဟာ 1-inch တကယ်ရှိရဲ့လား

ခုနောက်ပိုင်း ကင်မရာ တချို့နဲ့ စမတ်ဖုန်းတချို့မှာ ၁ လက်မရှိတဲ့ Camera Sensor ပါဝင်ကြောင်း ကြေငြာလာတာတွေ တော်တော်များများ တွေ့လာရပါတယ်။ ဒါပေမယ့် သေချာကြည့်လိုက်ရင် ကင်မရာမှန်ဘီလူးအပါအဝင် ကင်မရာအိမ်တခုလုံးတောင် တလက်မမရှိဘူးလို့ ထင်ရလောက်အောင် သေးငယ်ပါတယ်။ ဥပမာအနေနဲ့ ၁ လက်မ Sensor ပါဝင်တယ်ဆိုတဲ့ Sony Xperia Pro-I, Sony RX100 Point and Shoot Camera တို့ကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် DJI Air 2S တို့၊ Insta360 One R 1-Inch Edition တို့မှာလည်း 1-Inch ရှိတဲ့ Camera Sensor တပ်ဆင်ထားတယ်လို့ ဆိုထားပါတယ်။ မကြာသေးခင်က မိတ်ဆက်ကြေငြာခဲ့တဲ့ Xiaomi 12S Ultra မှာလည်း 1-Inch Sensor ပါဝင်တယ်လို့ ဆိုထားပါတယ်။ တခြား Smartphone တွေနဲ့ ကင်မရာတွေလည်း ရှိပါသေးတယ်။ တကယ်ရော ဒီကင်မရာတွေ၊ ဖုန်းတွေမှာ ၁ လက်မရှိတဲ့ Sensor ပါဝင်ပါရဲ့လား။ အဖြေကတော့ မပါဝင်ပါဘူးလို့ပဲ ပြောရပါမယ်။

Glass Vacuum Tube and Photosensitive Sensor (MKBHD)

ဒါကို ရှင်းပြနိုင်ဖို့ သမိုင်းက ခဏ ပြန်သွားကြရအောင်ပါ။ အရင်က ဗီဒီယိုကင်မရာတွေဟာ လေဟာနယ်ဖန်ပြွန် Glass Vacuum Tubes တွေကို အသုံးပြုပြီး Electrons တွေကို ဖန်ပြွတ်တလျှောက် ဖြတ်သန်းပြီး အလင်းအာရုံခံနိုင်တဲ့ Photosensitive Sensor ဆီကို ပို့လွှတ်ပါတယ်။ ဒီလို ဗီဒီယိုကင်မရာတွေဟာ ၁၉၃၀ ဝန်းကျင်မှာ တီဗီတွေနဲ့ အတူ ပေါ်ထွက်လာပါတယ်။ အဲ့ဒီနောက် ၁၉၇၀ လောက်မှာ ရုပ်မြင်သံကြားသတင်းတွေထုတ်လုပ်ရေးတွေမှာ အသုံးပြုတဲ့ 16mm Film တွေကို ENG လို့ခေါ်တဲ့ Electronic News Gathering Camera တွေနဲ့ အစားထိုးသုံးလာချိန်မှာ ဒီကင်မရာတွေဟာ အရမ်းကို လူသုံးများလာပါတယ်။

Photo: MKBHD

ဟိုအရင်ကထွက်ခဲ့တဲ့ CRT TV (Cathode-Ray Tube) တွေနဲ့ ကွန်ပျူတာမော်နီတာတွေဟာလည်း ပုံရိပ်တွေကို ပြသဖို့အတွက် ဒီလိုခပ်ဆင်ဆင်နည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ ၁၉၈၀ အစပိုင်းလောက် CCD (Charged-coupled Device) တွေနဲ့ CMOS Sensor တွေ ပေါ်လာချိန်မှာတော့ ဒီဖန်ပြွန် Vacuum Tube တွေဟာ ဓာတ်ပုံဗီဒီယိုကင်မရာတွေနဲ့ မပတ်သက်တော့သလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဆီကနေ လက်ဆင့်ကမ်းခဲ့တာ တခုတော့ရှိပါတယ်။ အဲ့ဒါကတော့ ဖန်ပြွန်တွေရဲ့ အချင်းပဲဖြစ်ပါတယ်။ ဒီအချင်းတွေကို လက်မနဲ့ တိုင်းတာပါတယ်။ ဒီ ဖန်ပြွန်တွေဟာ ပုံရရိပ်တွေကို ဖမ်းပေးနိုင်တဲ့ ဧရိယာထက် ပိုကြီးလေ့ရှိပြီး ပုံမှန်အားဖြင့် ပုံရိပ်တွေကို ဖမ်းပေးနိုင်တဲ့ ဧရိယာဟာ ဖန်ပြွန်ရဲ့ အချင်းထက် ၃ ပုံ ၂ ပုံလောက်ပဲရှိပါတယ်။

1-Inch Sensor’s Actual Dimensions (Photo:MKBHD)

ဒါကြောင့်မို့ ၁ လက်မရှိတယ်ဆိုတဲ့ 1-Inch Sensor ဟာ တကယ်တမ်းတိုင်းတာကြည့်မယ်ဆိုရင် ထောင့်ဖြတ် ၁၅.၈၆ မီလီမီတာ (၀.၆၃ လက်မ) လောက်ပဲ ရှိမှာဖြစ်ပါတယ်။ 1-Inch Sensor ဆိုတာ တကယ်တပ်ဆင်ထားတဲ့ Sensor ရဲ့ Size ကို ရရှိနိုင်ဖို့ အသုံးပြုရမယ့် ဖန်ပြွန်ရဲ့ အချင်းကို ပြောတောဖြစ်ပြီး အဲ့ဒီအချင်းဟာ ၁ လက်မရှိမှာဖြစ်တာကြောင့် 1-Inch Sensor လို့ ခေါ်ကြတာဖြစ်ပါတယ်။ ဘာကြောင့် ဒါကို ဆက်လက်သုံးစွဲနေလဲဆိုတာ သေချာမသိပေမယ့် Marketing ပိုင်းမှာတော့ 1-Inch Sensor ပါဝင်တယ်လို့ ပြောရောင်းရတာ တော်တော်လူစိတ်ဝင်စားမယ့်နည်းလမ်းဖြစ်တာကြောင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ဆက်လက်သုံးစွဲနေတာလို့ပဲ ယူဆမိပါတယ်။ တိုက်ဆိုင်တာလား၊ တခြားအကြောင်းတွေကြောင့်လားတော့ မသိပေမယ့် နာမည်ကျော် YouTuber Marques Brownlee က ဒီအကြောင်း ရှင်းပြထားတဲ့ ဗီဒီယိုတင်အပြီးမှာတော့ Sony ကသူ့ရဲ့ Website မှာ 1-Inch အစား 1.0-type image sensor လို့ ပြောင်းလဲခေါ်ဆိုထားတာတွေ့ရပါတယ်။

Via
PetaPixel
Source
MKBHDWikipedia
Back to top button