Android ReviewsFeaturedReviewsSamsung

Samsung Galaxy Note 20 Ultra Review

Samsung အနေနဲ့ Galaxy Note 20 Ultra ကို မကြာသေးခင်က မိတ်ဆက်ပေးခဲ့ပါတယ်။ 120Hz Display, 50x Zoom Lens, 6.9 inches Super AMOLED Screen, တို့နဲ့အတူ ပွဲထွက်လာတဲ့ ဒီဖုန်းဟာ Android ဖုန်းတွေထဲမှာ ရရှိနိုင်တဲ့ အမြင့်ဆုံးဖုန်းတလုံးဖြစ်ပါတယ်။ ဒါ့အပြင် Samsung က ထွက်ခဲ့ဖူးတဲ့ ဖုန်းတွေထဲမှာ ကြည့်လို့ အလှဆုံးဖုန်းတလုံးလို့ပြောမယ်ဆိုလည်း မှားမယ်မထင်ပါဘူး။

Design

ပုံမှန်အားဖြင့် Samsung အနေနဲ့ ပြောင်လက်နေတဲ့ မျက်နှာပြင်နဲ့ နောက်ကျောဘက်ကို တပ်ဆင်ပေးထားလေ့ရှိပေမယ့် ဒီတခါမှာတော့ ပြောင်လက်မနေတဲ့ Matte Glass နဲ့ ပွဲထွက်လာခဲ့ပါတယ်။ Glossy အစား အခုလို ‌Matte Finish ကို ပိုသဘောကျပါတယ်။ နောက်ပြီး လက်ရာလည်း မထင်တော့ပါဘူး။ ကင်မရာ မှန်ဘီလူးတွေရဲ့ပတ်လည်မှာထည့်ပေးထားတဲ့ ကွင်းလေးတွေဟာလည်း ကြည့်ရတာ တမျိုးလှစေပါတယ်။ ဒါပေမယ့် ကင်မရာတွေ တပ်ဆင်ထားတဲ့ အိမ်ကတော့ တော်တော်ကြီးကို အပြင်ထွက်နေတာ တွေ့ရပါတယ်။ Samsung အနေနဲ့ ဒီထက်အနည်းငယ်ပါးအောင် လုပ်ပေးနိုင်ရင်ကောင်းမယ်လို့ ယူဆပေမယ့် ဒီအတိုင်းလည်း သုံးရတာ သိသိသာသာ ဆိုးရွားမသွားပါဘူး။ ဘောင်းဘီအိတ်ထဲ နေ့စဉ်အသွင်းအထုတ်လုပ်ပြီး အသုံးပြုတာကြာလာရင်တော့ ဒါက ပြဿနာ ဖြစ်လာနိုင်ပါတယ်။ Power နဲ့ Volume ခလုတ်ကို ညာဘက်မှာပြန်ထည့်ပေးထားပါတယ်။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် S Pen ကို ဖုန်းအောက်ခြေ ဘယ်ဘက်ခြမ်းကို ပြောင်းထားပေးတာကတော့ ဘဝင်မကျစရာပါ။ အမြဲ ညာဘက်ခြမ်းမှာရှိနေကျမို့ အသားကျနေတဲ့ သုံးစွဲသူတွေအနေနဲ့ စတင်အသုံးပြုခါစမှာ အခက်အခဲ ဖြစ်နိုင်ပါတယ်။

Photo : CNET

Display

Note 20 Ultra ရဲ့ Display ဟာ ဒီဖုန်းမှာ သဘောအကျဆုံးအချက်ပါ။ 3088×1440 Resolution ရှိတဲ့ Super AMOLED Display တပ်ဆင်ပေးထားပြီး 120Hz Refresh Rate ရှိပါတယ်။ Display အနေနဲ့ 6.9 လက်မရှိတဲ့အတွက် ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာတွေမှာ ပိုမိုကောင်းမွန်လာမှာပါ။ ဒါ့အပြင် HDR10+ ကို အထောက်အပံ့ပေးလို့ Netflix နဲ့ YouTube က HDR Video တွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့ဘက်နဲ့ နောက်ဘက် နှစ်ခုလုံးကို Corning Gorilla Glass Victus နဲ့ ဖုံးအုပ်ပေးထားပါတယ်။ Corning အနေနဲ့ ဒီ Glass က အမြင့် 6.5 ပေကနေ ပြုတ်ကျတာကို ခံနိုင်ရည်ရှိတယ်လို့ ဆိုထားပါတယ်။ နောက်ပြီး အရင် Corning Gorilla Glass 6 ထပ် အစင်းထင်တာတွေကို ၂ ဆ ပိုပြီး ခံနိုင်ရည်ရှိတယ်လို့လည်း ဆိုပါတယ်။ Samsung ရဲ့ ထုံးစံအတိုင်း Flagship Smartphone ဖြစ်လို့ Curved Display ဖြစ်ပြီး ဘေးအနားတွေက အနည်းငယ် ကွေးညွတ်နေပါတယ်။ ဒါကို တချို့က သဘောကျသလို တချို့ကလည်း သဘောမကျကြပါဘူး။ အဲ့ဒီ ဘေးအနားကွေးလေးကို လက်နဲ့မတော်တဆ ထိမိတာက ကာကွယ်ဖို့ လုပ်ဆောင်ပေးထားပေမယ့် တခါတခါ ထိမိပြီး စိတ်အနှောင့်အယှက်ဖြစ်ရတတ်တာကြောင့် Flat Screen ကိုပဲ ပိုသဘောကျပါတယ်။ အထူးသဖြင့် S Pen နဲ့ ရေးတဲ့အခါမှာ အနားစွန်းတွေရောက်ရင် ချော်ချော်ထွက်သွားတာက တော်တော် စိတ်ရှုပ်စရာကောင်းပါတယ်။ Note 20 မှာတော့ Flat Screen ကိုပဲ တပ်ဆင်ပေးထားပါတယ်။ Selfie Camera နေရာအတွက် အပေါက် သေးသေးလေးပဲ ဖောက်ပြီး တပ်ဆင်ပေးထားတာကြောင့် Screen အနေနဲ့ တော်တော်လေးကို ကြည့်ရကောင်းလာပါတယ်။ ဒါပေမယ့် Note 20 Display မှာ‌ေတာ့ Selfie ကင်မရာအတွက် အပေါက်နေရာပိုယူထားတာကြောင့် Note 20 Ultra လောက် ကြည့်ရသိပ်မကောင်းပါဘူး။ ဒါ့အပြင် Display Mate ရဲ့ အဆိုအရ Note 20 Ultra ရဲ့ Screen Brightness ဟာ High-Brightness Mode မှာ 1609 nit အထိပြသပေးနိုင်တာကြောင့် နေရောင် စူးစူးအောက်မှာလည်း ထင်ထင်ရှားရှား ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Photo: CNET

120Hz Refresh Rate ရှိတဲ့ Display ကြောင့် Scroll လုပ်တာ အထူးသဖြင့် ဂိမ်းကစားတဲ့နေရာတွေမှာ သိသိသာသာ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်ကို ရရှိခံစားရမှာဖြစ်ပါတယ်။ Note 20 Ultra မှာ Adaptive နဲ့ Standard ဆိုပြီး Mode ၂ ခုပါဝင်ပါတယ်။ Adaptive ကတော့ Screen Refresh Rate ကို 120Hz နဲ့ 60Hz ကို Screen ပေါ်မှာပြသနေတဲ့ အပေါ်မှာ မူတည်ပြီး ပြောင်းလဲပေးမှာဖြစ်ပါတယ်။ Facebook သုံးတာလိုမျိုး Scroll လုပ်တဲ့အချိန်တွေမှာ 120Hz ကို ပြောင်းပေးမှာဖြစ်ပြီး လှုပ်ရှားမှုမရှိတဲ့ အရာတွေကို ပြသနေချိန်မှာတော့ 60Hz ကိုပြောင်းလဲပေးမှာဖြစ်ပါတယ်။ ဒီအတွက် ဘက်ထရီသက်တမ်း ပိုမိုခံလာမှာပါ။ အဲ့လိုမဟုတ်ဘဲ Battery ကိုပဲ ပိုခံချင်တယ်ဆိုရင်တော့ Standard Mode ကိုရွေးပြီး အမြဲ 60Hz ကို ပြောင်းထားလို့ရပါတယ်။ တခုရှိတာက အမြင့်ဆုံး Resolution ဖြစ်တဲ့ WQHD+ Resolution မှာထားမယ်ဆိုရင် Screen Refresh Rate ကို 120Hz မှာထားလို့ရမှာမဟုတ်ပါဘူး။ ဒါကတော့ အားနည်းချက်တခုပါ။ Ultrasonic Fingerprint Reader ကို Display ရဲ့ အောက်မှာ ထည့်သွင်းပေးထားပါတယ်။ Ultrasonic ဖြစ်တဲ့အတွက် Fingerprint ကိုဖတ်ဖို့ Display ကနေ မီးလင်းပေးဖို့ မလိုအပ်ပါဘူး။

Photo : CNET

Camera

ကင်မရာပိုင်းမှာ Galaxy S20 Ultra ထက် သိသိသာသာကောင်းမွန်လာတာက Autofocus ပိုင်းပဲဖြစ်ပါတယ်။ Laser AF Sensor အသုံးပြုထားလို့ မြန်မြန်ဆန်ဆန် Focus လုပ်ပေးနိုင်တာတွေ့ရပါတယ်။ S20 Ultra မှာတုန်းက Autofocus ပိုင်းမှာ ကောင်းကောင်းအလုပ်မလုပ်နိုင်တာတွေရှိခဲ့လို့ လူပြောများခဲ့ပါသေးတယ်။ ဒီတခါမှာတော့ Laser Autofocus နဲ့ ဒီပြဿနာကို ဖြေရှင်းပေးထားပါတယ်။ Primary Camera အနေနဲ့ 108MP ရှိပါတယ်။ အပေါ်ဘက်ကင်မရာကတော့ 12MP Ultra Wide Camera ကို တပ်ဆင်ပေးထားပြီး အောက်ဘက်မှာတော့ 12MP Telephoto Camera တပ်ဆင်ပေးထားပါတယ်။

Photo : CNET

Optical Zoom အနေနဲ့ ၅ ဆထိ ဆွဲယူရိုက်ကူးနိုင်ပြီး Super Resolution Zoom လို့ခေါ်တဲ့ အဆ ၅၀ ထိ ဆွဲရိုက်လို့ရတဲ့ လုပ်ဆောင်ချက်ကတော့ လက်တွေ့မှ သိပ်အသုံးဝင်လိမ့်မယ်လို့ မခံစားမိပါဘူး။ ဓာတ်ပုံတွေ စမ်းသပ်ရိုက်ကူးရာမှာတော့ တော်တော်ကောင်းမွန်တဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ အလင်းအားကောင်းချိန်တွေမှာဆို 5x Optical Zoom နဲ့ ရိုက်ကူးရာမှာလည်း ကြည်လည်ပြတ်သားကောင်းမွန်တဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ 50x Zoom ကတော့ YouTuber Dave2D စမ်းသပ်ရိုက်ကူးထားတဲ့ ဗီဒီယိုထဲကလိုပါပဲ၊ တော်တော်ဆိုးရွားတဲ့ ပုံတွေကို မြင်ရမှာပါ။ Samsung အနေနဲ့ လက်တွေ့မှာ တကယ်အသုံးမဝင်တဲ့ Feature တွေကို စွန့်လွှတ်ဖို့ အချိန်တန်ပါပြီ။ တချို့တွေကတော့ ဒီ 50x Zoom ကို သဘောကျကြမှာပါ။ကျွန်တော့်အမြင်ကတော့ Quality ကျသွားတဲ့ ဒီပုံတွေကို သဘောမကျပါဘူး။

Note 20 Ultra 50x Zoom (Screen Grab from Dave2D’s Video)
Note 20 Ultra 0.5x Zoom (Screen Grab from Dave2D’s Video)

သဘောမကျတဲ့ နောက်တချက်ကတော့ ဓာတ်ပုံရိုက်ကူးရာမှာ Shutter နေရာကို ထိလိုက်ရင် ချက်ချင်မရိုက်ကူးဘဲ အနည်းငယ် နောက်ကျမှ တုန့်ပြန်ပေးတာဖြစ်ပါတယ်။ ဒါကို Software Update နဲ့ ဖြေရှင်းပေးလို့ရပေမယ့် Flagship ဖုန်းတလုံးမှာ ဒါမျိုးပါလာတာ မဖြစ်သင့်ပါဘူး။ Galaxy Note 20 Ultra ရဲ့ Night Mode Camera ဟာ တော်တော်လေးကို ကောင်းမွန်လာပါတယ်။ Google Pixel 4XL နဲ့ ယှဉ်ရိုက်တဲ့အခါ Galaxy Note 20 Ultra ရဲ့ Night Mode က ပိုမိုကောင်းမွန်တဲ့ပုံတွေကို ရိုက်ကူးပေးနိုင်တာတွေ့ရပါတယ်။ ဓာတ်ပုံကို ဦးစားပေးရိုက်ကူးမယ့်သူတွေအနေနဲ့ Note 20 Ultra ဟာ ရွေးချယ်သင့်တဲ့ ဖုန်းတလုံးပဲ ဖြစ်ပါတယ်။

Video အနေနဲ့ 8K ကို 24fps နဲ့ ရိုက်ကူးပေးနိုင်မယ်လို့ဆိုပါတယ်။ 8K နဲ့ရိုက်မယ်ဆိုရင် 1.5x Crop သွားမှာဖြစ်ပါတယ်။နောက်ပြီး ၁ မိနစ်စာ 8K Video ဖိုင်ဟာ 600MB လောက်အသုံးပြုမှာဖြစ်ပါတယ်။ 8K နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ 4K ထက် ပိုပြီး ပြတ်ပြတ်သားသားမြင်ရပေမယ့် 8K TV တွေ ခေတ်မစားသေးတာ၊ ဖိုင်ဆိုဒ် အရမ်းကြီးလွန်းတာတွေကြောင့် 8K Video ရိုက်ကူးနိုင်တယ်ဆိုပေမယ့် အရမ်းသဘောမကျပါဘူး။ ဓာတ်ပုံပိုင်းမှာ iPhone ရဲ့ကင်မရာကို ယှဉ်နိုင်လာပြီဖြစ်ပေမယ့် Video ပိုင်းမှာတော့ iPhone ကိုအမီလိုက်နိုင်ဖို့ လိုသေးတယ်လို့ ယူဆမိပါတယ်။ 8K Video အစား 4K ကိုပဲ ဒီထက်ပိုပြီး ကောင်းအောင် ရိုက်ကူးပေးနိုင်ရင် ပိုသဘောကျမိမှာပါ။ Video Stabilization မှာ iPhone က သိသိသာသာ ပိုမို ကောင်းမွန်တာတွေ့ရပါတယ်။ ဒါ့အပြင် Pro Video Mode ထည့်သွင်းထားပြီး External Microphone တပ်ဆင်ပြီးရိုက်ကူးနိုင်တာတွေအပါအဝင် စိတ်ကြိုက် ချိန်ညှိရိုက်ကူးနိုင်မယ့် လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းပေးထားပါတယ်။

Photo : CNET

Performance

Performance ပိုင်းပြောရမယ်ဆိုရင် စျေးကွက်တခုစီမှာ မတူတဲ့ အစိတ်အပိုင်းတွေတပ်ပြီး နာမည်တူနဲ့ရောင်းချတဲ့ Samsung ရဲ့ လုပ်ဆောင်ချက်ကို အရင်ပြောရမှာဖြစ်ပါတယ်။ Galaxy Note 20 Ultra ကို US, တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်စျေးကွက်တွေမှာ Snapdragon 865 Plus ကိုတပ်ဆင်ပေးထားပြီး မြန်မာပြည်စျေးကွက်အပါအဝင် Europe, India, Brazil နဲ့ Australia စျေးကွက်တွေမှာတော့ Exynos 990 Processor ကိုပ‌ဲ တပ်ဆင်ပေးထားပါတယ်။ Samsung အနေနဲ့ Exynos 990 Processor ဟာ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော Snapdragon 865 Plus ကို မီတယ်လို့ ဘယ်သူကမှ မယူဆကြပါဘူး။ ထည့်ထားတဲ့ ပစ္စည်းတွေမတူတဲ့ ဖုန်းနှစ်မျိုးကို နာမည်တူ စျေးနှုန်းတူနဲ့ရောင်းချတာ တော်တော်ကြီးကို လက်မခံနိုင်စရာပါ။

JerryRigEverything ရဲ့ နောက်ဆုံးစမ်းသပ်ချက် ဗီဒီယိုအရ Exynos Processor တပ်ဆင်ထားတဲ့ Note 20 Ultra နဲ့ Snapdragon Processor တပ်ဆင်ထားတဲ့ Note 20 Ultra ကို နှစ်ခုယှဉ်ကြည့်တဲ့အခါ Snapdragon Processor တပ်ဆင်ထားတဲ့ Note 20 Ultra ရဲ့ Performance ဟာ သိသိသာသာ ပိုမိုမြန်ဆန်နေတာတွေ့ရပါတယ်။ Benchmark အကြိမ်ကြိမ်စမ်းသပ်ကြည့်ရမှာတော့ Exynos Processor တပ်ဆင်ထားတဲ့ Note 20 Ultra ရဲ့ Performance ဟာ မနှစ်ကထွက်ထားတဲ့ Note 10 Plus ရဲ့ Performance လောက်ပဲရှိတာတွေ့ရပါတယ်။ နောက်ပြီး စမ်းသပ်မှုတွေအတွင်းမှာ Snapdragon Version ဟာ Exynos Version ထက် ၁၀% ကနေ ၂၀% လောက်ထိ Performance ပိုမိုကောင်းမွန်တာ တွေ့ရပါတယ်။ အသေးစိပ် သိချင်ပါက ဒီဗီဒီယို ကို ကြည့်နိုင်ပါတယ်။

Exynos Processor နဲ့ Snapdragon Processor တပ်ဆင်ထားတဲ့ Note 20 Ultra နှစ်လုံးရဲ့ Performance ကွာခြားပုံ (Screenshot from JerryRigEverythin)

Exynos Processor နဲ့ Snapdragon Processor တပ်ဆင်ထားတဲ့ Note 20 Ultra နှစ်လုံးကို Benchmark ၈ ကြိမ် Run ပြီးတဲ့အခါ Exynos Processor တပ်ဆင်ထားတဲ့ Note 20 Ultra ရဲ့ ဘက်ထရီဟာ Snapdragon Processor တပ်ဆင်ထားတဲ့ Note 20 Ultra ရဲ့ ဘက်ထရီထက် ပိုမိုအားကုန်လွယ်တာ တွေ့ရပါတယ်။ ဒီဖုန်းနှစ်လုံးဟာ အသစ်စက်စက်နှစ်လုံးဖြစ်ပြီး တပြိုင်တည်း အားအပြည့်သွင်းပြီးမှ စမ်းသပ်ထားတာဖြစ်ပါတယ်။

Exynos Processor Vs Snapdragon Processor Battery Life Difference in Note 20 Ultras (Left = Exynos Version)

ဒီနေရာမှာ ပြောစရာရှိလာတာက Samsung အနေနဲ့ နာမည်တူ စျေးတူရောင်းချတဲ့ ဖုန်းအမျိုးအစားတခုတည်းမှာ မတူညီတဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်ပေးထားတာ လက်မခံနိုင်စရာပါ။ ဒါ့အပြင် Exynos Processor တပ်ဆင်ထားတဲ့ ဖုန်းမှာ အပူစုပ်ယူနိုင်ဖို့ Copper Cooling Vapor Chamber တပ်ဆင်ပေးထားပြီး Snapdragon Version မှာတော့ Graphite Cooling System ကို တပ်ဆင်ပေးထားပါတယ်။ ဒီမတူညီတဲ့ Cooling စနစ်နှစ်ခုကို ပြောင်းလဲစမ်းသပ်ကြည့်ရမှာတော့ အပူစုပ်ယူနိုင်မှု သိသိသာသာ ကွာခြားသွားတာမျိုး မရှိပါဘူး။

နောက်တခုပြောစရာရှိလာတာက RAM နဲ့ Storage ပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ ဝင်တဲ့ Note 20 Ultra မှာ 8GB RAM တပ်ဆင်ပေးထားပြီး Storage 256GB ပါပါတယ်။ US မှာရောင်းချတဲ့ Note 20 Ultra တွေမှာတော့ RAM 12GB တပ်ဆင်ပေးထားပြီး Storage အနေနဲ့ 128GB က စပါတယ်။ MicroSD Card ထပ်စိုက်လို့ရပါတယ်။ နောက်ပြီး US စျေးကွက်မှာ ရောင်းချတဲ့ Note 20 Ultra တွေမှာ 5G တပ်ဆင်ပေးထားပါတယ်။ ပြည်တွင်းစျေးကွက်က ဖုန်းတွေကတော့ 4G ပဲ ပါဝင်ပါတယ်။ ဒါကလည်း စိတ်ပျက်စရာ တခုဖြစ်ပါတယ်။

UI ပိုင်းအနေနနဲ့ Android 10 ကို အခြေခံထားတဲ့ OneUI 2.5 ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ ဒီဖုန်းကို Android OS Version ၃ ကြိမ်အထိ Update ထုတ်ပေးမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Note 20 Ultra အနေနဲ့ Android 13 အထိ Update ရမယ်လို့ ယူဆရပါတယ်။ Samsung ရဲ့ ပြိုင်ဘက် Apple အနေနဲ့ သူ့ရဲ့ iPhone တွေကို Software Update ၅ ကြိမ်အထိ ထောက်ပံ့ပေးတာတွေ့ရပါတယ်။ ၂၀၁၅ က ထွက်ခဲ့တဲ့ iPhone 6s တွေအနေနဲ့ ဒီနှစ်ကုန်မှာထုတ်ပေးမယ့် iOS 14 ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

Battery အနေနဲ့ 4500 mAh ပါဝင်ပြီး S20 Ultra ထက် 500mAh လျော့နည်းပါတယ်။ ပုံမှန်သုံးနေကျအတိုင်း စမ်းသပ်သုံးစွဲကြည့်တဲ့အခါ Screen on time ၆ နာရီကျော်အသုံးပြုနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် တနေကုန်အသုံးပြုနိုင်တယ်လို့ ယူဆလို့ရပါတယ်။ Battery သက်တမ်းဟာ Screen Resolution နဲ့ Screen Refresh Rate ပေါ်မှာလည်း မူတည်နေပါတယ်။ Facebook သုံးတာ၊ Browser ကနေ သတင်းတွေဖတ်တာ၊ Website အသုံးပြုတာလိုမျိုး Scroll လုပ်နေချိန်တွေမှာ 120Hz နဲ့ ပြသပေးပြီး ဗီဒီယိုကြည့်တာလိုမျိုးအချိန်တွေမှာတော့ 60Hz နဲ့ ပြသပေးတာတွေ့ရပါတယ်။ ဒီလိုပြောင်းလဲပြသပေးတာကြောင့် Battery သက်တမ်းဟာ ပိုပြီး ခံလာတယ်လို့ ယူဆရပါတယ်။ ဒီထက်ပိုအသုံးခံချင်ပါက 60Hz ကိုပြောင်းထားပြီး Battery အသုံးပြုမှုကို ခြွေတာနိုင်ပါသေးတယ်။

အသံပိုင်းအနေနဲ့ Stereo Speaker ပါဝင်ပြီး တခုက ပုံမှန်အတိုင်း ဖုန်းအောက်ခြေဘက်မှာတပ်ဆင်ပေးထားပြီး တခုကတော့ Earpiece ကနေ တဆင့် အသံထုတ်ပေးထားတာပါ။ GSMArena ရဲ့ စမ်းသပ်ချက်မှာတော့ Note 20 Ultra ရဲ့ Speaker ဟာ S20 Ultra လောက်မကောင်းဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖုန်းအောက်ခြေက Speaker ဟာ Landscape Mode မှာထားပြီး အသုံးပြုပါက လက်နဲ့ မတော်တဆ ပိတ်မိလွယ်တာ တွေ့ရပါတယ်။ Preorder မှာတော့ လက်ဆောင်ရတဲ့ Galaxy Bud Live နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ အသံတွေကို ခံစားရနိုင်ပါတယ်။

S Pen

Samsung ရဲ့ Note Series အကြောင်း ပြောမယ်ဆိုရင် S Pen ဟာ မပါမဖြစ်ပါပဲ။ ဒီတခါမှာတော့ S Pen ရဲ့ Latency ဟာ 9 ms အထိ မြန်ဆန်လာတာကြောင့် Screen ပေါ်ရေးခြစ်လိုက်တာတွေဟာ ချက်ချင်းလိုလို ပုံဖော်တုန့်ပြန်လာနိုင်တာတွေ့ရပါတယ်။ ဒါဟာ စာရွက်ပေါ်မှာ ဘောပင်နဲ့ ရေးခြစ်နေသလိုမျိုး ခံစားရနိုင်စေပါတယ်။ နောက်ပြီး Samsung အနေနဲ့ သူ့ရဲ့ Note Application မှာ S Pen နဲ့ ရေးတဲ့အခါ အသံတွေပါထည့်ပေးထားပါသေးတယ်။ 9 ms Latency ဟာ Apple Pencil ရဲ့ တုန့်ပြန်နှုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါဟာ Note 10 Plus ရဲ့ 42 ms နဲ့ ယှဉ်ရင် သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။ Note 20 Ultra ရဲ့ 120Hz Refresh Rate ရှိပြီး Touch Sampling 240 Hz ရှိတဲ့ Displayo နဲ့ ပေါင်းစပ်လိုက်တဲ့အခါ သုံးစွဲရတဲ့အတွေ့အကြုံဟာ တော်တော်ကောင်းမွန်လှပါတယ်။

ဒါ့အပြင် S Pen ကိုသုံးပြီး ကင်မရာဖွင့် ဓာတ်ပုံရိုက်တာ၊ PowerPoint Slide တွေပြတာ၊ သီချင်းတွေကျော်တာရစ်တာလိုမျိုး Remote တခု၊ Mouse တခုလို အသုံးပြုလို့ရပါသေးတယ်။ နောက်ပြီး လုပ်ဆောင်ချက် အသစ်တွေအဖြစ် Home, Back, Recent App စတဲ့ Navigation တွေကို S Pen အသုံးပြုပြီး လေထဲမှာ ရေးခြစ်လိုက်ရုံနဲ့ အသုံးပြုနိုင်တဲ့ Anywhere Action ဆိုတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ ဒီ လုပ်ဆောင်ချက်တွေကို အခြား မိမိစေခိုင်းချင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ စိတ်ကြိုက်ပြောင်းလဲထားနိုင်ပါတယ်။

DeX

Samsung ရဲ့ ဖုန်းကို ကွန်ပျူတာတလုံးလို အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးတဲ့ DeX လုပ်ဆောင်ချက်ဟာ တခါ ကြိုးမလိုတော့ဘဲ Wireless အသုံးပြုနိုင်လာပြီ ဖြစ်ပါတယ်။ Miracast ကို အထောက်အပံ့ပေးတဲ့ တီဗီတွေဆီကို Wireless ချိတ်ဆက်ပြီး DeX ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ခုနောက်ပိုင်းထွက်လာတဲ့ Smart TV အားလုံးနည်းပါးမှာ ဒီ Miracast နည်းပညာကို အထောက်အပံ့ပေးလို့ အတော်များများနဲ့ အဆင်ပြေပြေ ချိတ်ဆက်နိုင်မှာပါ။ Note 20 Ultra ကို DeX Mode န‌ဲ့ တီဗီဆီ ချိတ်ဆက်ပြီးပါက သူ့ကို Touch Pad တခုလိုလည်း အသုံးပြုနိုင်ပါသေးတယ်။ စမ်းသပ်သုံးစွဲကြည့်ရာမှာတော့ Presentation လုပ်တာ၊ ဓာတ်ပုံတွေကို ပြသတာ၊ ဖုန်းထဲက ဗီဒီယိုတွေကြည့်တာ တွေလိုမျိုးမှာ အဆင်ပြေပြီး တခြားအရာတွေလုပ်ဆောင်ရာမှာ အနည်းငယ် Delay ဖြစ်နောက်ကျတာကြောင့် သိပ်အဆင်မပြေတာတွေ့ရပါတယ်။ Wireless Mouse နဲ့ ချိတ်ဆက်သုံးစွဲကြည့်ရာမှာတော့် အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်ကောင်းမွန်တာတွေ့ရပါတယ်။ ဒါ့အပြင် Note 20 Ultra ကို Keyboard အဖြစ်နဲ့လည်း အသုံးပြုလို့ရပါသေးတယ်။ စာရိုက်စရာလိုတဲ့ အချိန်တွေမှာ ဖုန်းပေါ်မှာ Keyboard ပေါ်လာမှာဖြစ်ပါတယ်။ ဒါမှမဟုတ် TV ပေါ်မှာပဲ On-Screen Keyboard အဖြစ်ပေါ်လာအောင်လည်း လုပ်လို့ရပေမယ့် ရိုက်တဲ့နေရာမှာတော့ ဖုန်းပေါ်မှာလောက် အဆင်ပြေမှာ မဟုတ်ပါဘူး။ Delay မဖြစ်ဘဲ မြန်မြန်ဆန်ဆန်သုံးချင်ရင်တော့ အရင်လိုပဲ ကြိုးနဲ့ ချိတ်ဆက်ပြီးလည်း သုံးစွဲနိုင်ပါသေးတယ်။

DeX

Samsung အနေနဲ့ 2019 နောက်ပိုင်းထွက်ထားတဲ့ သူ့ရဲ့ Smart TV တွေနဲ့ သုံးစွဲဖို့ ပြောထားတော့ အဲ့ဒီ TV တွေနဲ့ တွဲသုံးရင် ပိုမိုကောင်းမွန်လာမလားဆိုတာကတော့ သေချာမသိသေးပါဘူး။ DeX Mode နဲ့ တီဗီပေါ်ချိတ်၊ S Pen ကို သုံးပြီး TV ကို သင်ပုန်းတစ်ခုလို စမ်းသပ်သုံးစွဲကြည့်တဲ့အခါမှာ Delay ဖြစ်လွန်းတာကြောင့်အဆင်မပြေတာတွေ့ရပါတယ်။ နောက်ပိုင်းမှာ Samsung အနေနဲ့ Note App ကို Microsoft ရဲ့ One Note နဲ့ ပေါင်းစပ်ပေးမယ်လို့ဆိုထားတာကြောင့် ဒါဟာ တော်တော် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လို့ ဆိုရမှာပါ။ ဒါ့အပြင် Windows 10 အသုံးပြုသူတွေအနေနဲ့ Note 20 Ultra နဲ့ ချိတ်ဆက်ပြီး Android Application တွေကို Windows 10 Computer တွေပေါ်မှာ သုံးစွဲနိုင်လာမယ်လို့ ဆိုထားပါတယ်။

Price

စျေးနှုန်းအနေနဲ့ ပြည်တွင်းမှာ 165,9000 နဲ့ လောလောဆယ် ရောင်းချနေတာတွေ့ရပါတယ်။ ဒေါ်လာစျေးနဲ့တွက်ကြည့်မယ်ဆိုရင် ခန့်မှန်းချေ ဒေါ်လာ ၁၂၀၀ ပတ်ချာလည် ရှိပါမယ်။ RAM 8G, Storage 256GB ပါဝင်ပြီး Network အနေနဲ့ 4G ပဲ ပါဝင်ပါမယ်။ US စျေးကွက်မှာတော့ RAM 12GB, Storage 128GB ပါဝင်ပြီး Network အနေနဲ့ 5G ပါဝင်တဲ့ Note 20 Ultra ကို ဒေါ်လာ ၁၃၀၀ နဲ့ ရောင်းပါတယ်။ဒေါ်လာ ၁၀၀ လျော့နည်းပြီး ပါဝင်တဲ့ ပစ္စည်းတွေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ပြည်တွင်းမှာ ရောင်းချတဲ့စျေးနှုန်းဟာ အနည်းငယ် များတယ်လို့ ခံစားရပါတယ်။ အထူးသဖြင့် ပြည်တွင်းစျေးကွက်မှာ Processor အနေနဲ့ Exynos Processor ပဲ ပါဝင်ပြီး US စျေးကွက်မှာလို Snapdragon Processor တပ်ဆင်ပေးမထားတာကြောင့် စျေးနှုန်းပိုင်းမှာ ပိုပြီး လျော့ပေးသင့်တယ်လို့ ယူဆမိပါတယ်။

စျေးနှုန်းကို မကြည့်ဘဲ ဝယ်မယ်ဆိုရင်တော့ Galaxy Note 20 Ultra ဟာ Android စမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံးဖုန်းတလုံးလို့ ပြောလို့ရလောက်အောင် ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းရော၊ S Pen နဲ့ အသုံးချပြီး ရုံးပိုင်းဆိုင်ရာအလုပ်တွေလုပ်တာ၊ ဓာတ်ပုံဗီဒီယိုရိုက်ကူးတာ၊ ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာတွေမှာ မြန်မြန်ဆန်ဆန်နဲ့ ကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်တ‌ဲ့ ဖုန်းတလုံးပဲ ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့လည်း တနေကုန် စိတ်ပူစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်လို့ Android ဖုန်းတွေထဲမှာ စဉ်းစားသင့်တဲ့ ဖုန်းတလုံးဖြစ်ပါတယ်။

Back to top button