AppleNews

ကျစ်ထားတဲ့ ကြိုးဒီဇိုင်းနဲ့ Apple Lightning Cable ပုံထွက်ပေါ်လာ

iPhone 12 နဲ့အတူ ပါဝင်လာမယ်လို့ ယူဆရ

ကျစ်ထားတဲ့ ကြိုးဒီဇိုင်းနဲ့ Apple ရဲ့ Lightning to USB C cable ရဲ့ ဓာတ်ပုံ Twitter မှာ ပေါ်ထွက်လာပါတယ်။ နည်းပညာသတင်းတွေအကြောင်း ဖောက်ချဖော်ထုတ်လေ့ရှိသူ @L0vetodream ကနေ ဒီဓာတ်ပုံကို Twitter မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ ကောလဟလ သတင်းတွေအရ လာမယ့် iPhone 12 မှာ အားသွင်းခေါင်းနဲ့ နားကြပ်တွေ ပါဝင်လာတော့မှာ မဟုတ်ဘူးလို့ ဆိုနေကြပါတယ်။ ဒါပေမယ့် အားသွင်းကြိုးရဲ့ အရည်အသွေးကိုတော့ ပိုကောင်းအောင် လုပ်ဆောင်ပေးမယ့်ပုံပါပဲ။ Apple Watch မှာလိုပဲ iPhone 12 ရဲ့ ဘူးထဲမှာ Lightning to USB C cable ပဲ ပါဝင်လာမယ်လို့ ယူဆရပါတယ်။ Apple အနေနဲ့ သုံးစွဲသူ အတော်များများမှာ အားသွင်းဖို့ အားသွင်းခေါင်းတွေ အဆင်သင့်ရှိနေပြီးသားလို့ ယူဆထားပြီးဖြစ်နေပုံပါ။

လောလောဆယ်မှာတော့ iPhone 11 Pro နဲ့ iPhone 11 Pro Max တွေမှာပဲ Lightning to USB C ကြိုးနဲ့ အတူ 18 W USB C Charger ပါဝင်ပါတယ်။ စျေးပိုသက်သာတဲ့ iPhone 11 မှာတော့ 5 W Charger နဲ့အတူ USB-A to Lightning ကြိုးပဲ ပါဝင်တာပါ။

ဒီနှစ်မှာတော့ iPhone Series အားလုံးမှာ USB C to Lightning Cable ပါဝင်လာမလားဆိုတာ ရှင်းရှင်းလင်လင်း မသိရသေးပါဘူး။

ဓာတ်ပုံထဲမှာတော့ အဖြူရောင်နဲ့ အနက်ရောင် နှစ်မျိုးတွေ့ရပြီး ပိုတိုတဲ့ အဖြူရောင်ကြိုး ကိုတော့ iPhone 12 ရဲ့ဘူးထဲမှာ အတူပါဝင်လာမယ့်လို့ မျှော်လင့်ရပါတယ်။ 2019 Mac Pro မှာ ကျစ်ထားတဲ့ USB C to Lightning ကြိုးအနက်ရောင် တပါတည်း ပါဝင်ခဲ့ပြီး ပုံထဲမှာမြင်ရတဲ့အနက်ရောင်ကြိုးဟာ အဲ့ဒီကြိုးဖြစ်မယ်လို့ ယူဆရပါတယ်။ @Lovetodream ရဲ့အဆိုအရ Apple အနေနဲ့ iMac Pro ကို တင်ပို့ရောင်းချချိန်မှာလည်း ဒီကြိုးကိုအသုံးပြုတော့မယ်လို့သိရပါတယ်။

Apple ရဲ့ Lightning Cable တွေဟာ ဖွာပြီး ပျက်စီးလွယ်တယ်လို့ နာမည်ကြီးတာကြောင့် ဒီ ကျစ်ထားတဲ့ ကြိုးဒီဇိုင်းဟာ အရင်ကထက် ပိုမိုအကြမ်းခံနိုင်ဖို့ မျှော်လင့်ရပါတယ်။

https://twitter.com/L0vetodream/status/1286259113744162823?s=20
Back to top button