AppleNews

iPhone 14 မှာ ဘာတွေပါလာနိုင်မလဲ

Apple အနေနဲ့ iPhone Model သစ်တွေကို September လမှာ မိတ်ဆက်ပေးလေ့ရှိတာကြောင့် အခုအချိန်ဟာ iPhone သစ်နဲ့ ပတ်သက်တဲ့ သတင်းတွေ အတော်များများ ပေါက်ကြားလေ့ရှိချိန်လည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ iPhone 14 တွေကို မိတ်ဆက်ပေးဖို့ ရှိနေပါတယ်။ iPhone 14 ကို တရားဝင် မိတ်ဆက်မပေးခင် နှစ်လကျော်လောက်အလိုမှာ ဘာသတင်းတွေထွက်ထားလဲ၊ ဘာတွေပါဝင်လာမလဲဆိုတာ တင်ဆက်ပေးလိုက်ပါတယ်။

iPhone Mini ကို နှုတ်ဆက်ရတော့မလား

ကြားရတဲ့ သတင်းတွေအရ ဒီနှစ်ထွက်ရှိမယ့် iPhone 14 Series မှာ Mini Version မပါရှိတော့ဘဲ iPhone 14, iPhone 14 Max, iPhone 14 Pro နဲ့ iPhone 14 Pro Max ဆိုပြီး ထွက်ရှိလာမယ်လို့ဆိုပါတယ်။ 5.4 လက်မပဲ ရှိတဲ့ iPhone Mini ဟာ ထင်သလောက် လူကြိုက်မများတော့တာကြောင့်ရယ်၊ ဘက်ထရီပိုင်းဆိုင်ရာမှာ အရွယ်အစားသေးတာကြောင့် တခြားပြိုင်ဘက်တွေနဲ့ယှဉ်နိုင်အောင် ကြာရှည်အသုံးမခံတာတွေကြောင့် ဆက်လက်မထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ Phone 14 နဲ့ iPhone 14 Pro တို့မှာ 6.1 လက်မရှိမယ့် Display တွေပါဝင်ပြီး iPhone 14 Max နဲ့ iPhone 14 Pro Max တို့ရဲ့ Display ကတော့ 6.7 လက်မ ရှိမယ်လို့ ဆိုပါတယ်။

လူပြောများခဲ့တဲ့ Notch ပျောက်ဖို့ အစပျိုးပြီလား

၂၀၁၇ ကထွက်ခဲ့တဲ့ iPhone X မှာ စပြီး ပါဝင်လာတဲ့ Notch ကို ဖျောက်ပစ်ဖို့ Apple အနေနဲ့ အစပျိုးပြီလို့ သတင်းတွေကဆိုပါတယ်။ FaceID အတွက်လိုအပ်တဲ့ Sensor တွေကြောင့် Screen ရဲ့ အပေါ်ဘက်အလည်မှာ နေရာတော်တော်များများကို ယူထားပြီး လူပြောများခဲ့တဲ့ Notch ဟာ iPhone မှာ စတင်ကွယ်ပျောက်တော့မှာဖြစ်ပါတယ်။ Notch အစား ဆေးတောင့်ပုံနဲ့ စက်ဝိုင်းပုံ အပေါက်နှစ်ခုပါတဲ့ Pill and Punch Hole Design နဲ့ အစားထိုးပါဝင်လာမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီ ဒီဇိုင်းဟာ Pro Model တွေမှာပဲ ပါဝင်လာမှာဖြစ်ပြီး စျေးသက်သာတဲ့ iPhone 14 နဲ့ iPhone 14 Max တွေမှာတော့ အရင်လိုပဲ Notch နဲ့ပဲ ပါဝင်လာမယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ Notch ဟာ လုံး၀ပျောက်ကွယ်သွားသေးတာမဟုတ်ဘဲ Pro Model တွေမှာပဲ မပါဝင်တော့တာဖြစ်ပါတယ်။ လာမယ့် iPhone 15 မှာတော့ Model အားလုံးမှာ Notch မပါဝင်တော့ဖို့ မျှော်လင့်ရပါတယ်။

Design ပိုင်းအနေနဲ့ ကြီးကြီးမားမားပြောင်းလဲသွားနိုင်လား

iPhone 14 တွေရဲ့ ဒီဇိုင်းဟာ အရင် iPhone 12, iPhone 13 တို့လိုမျိုး ပွဲထွက်လာမှာဖြစ်ပြီး ဒီဇိုင်းပိုင်းဆိုင်ရာမှာ ကြီးကြီးမားမားပြောင်းလဲသွားတာမျိုးရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အောက်ခြေမှာရှိတဲ့ Speaker ပေါက်တွေနဲ့ Mic ပေါက်တွေမှာ အပြောင်းအလဲ အနည်းငယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ Pro Model ရဲ့ ဘေးအနားဘောင်တွေဟာ အရင်ကအသုံးပြုထားတဲ့ Stainless Steel အစား Titanium ကို ပြောင်းလဲ အသုံးပြုမယ်လို့ သတင်းတွေထွက်ထားပါတယ်။ ဒါ့အပြင် ပိုမြန်လာမယ့် Processor နဲ့ 5G Connection တွေကြောင့် အပူချိန်တိုးလာမှာကို ကာကွယ်ဖို့ Vapor Chamber Thermal System ကို အသုံးပြုမယ်လို့ဆိုပါတယ်။ အရောင်အသစ်အဖြစ် ခရမ်းရောင်ဖျော့ဖျော့ကို ရွေးချယ်ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ကင်မရာက ပိုကြီးလာလေ ပိုကောင်းလာလေလား

နောက်ကျောဘက်ကင်မရာတွေဟာ iPhone 13 မှာပါတဲ့ Size ထက် ပိုကြီးလာမယ်လို့ ဆိုပါတယ်။ iPhone အသစ်ထွက်တိုင်း ကင်မရာဟာပိုပို ကောင်းမွန်လာတာကြောင့် ဒီနှစ်ထွက်မယ့် iPhone တွေရဲ့ ကင်မရာဟာလည်း အရင် iPhone တွေထွက် ပိုမိုကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် နှစ်အတော်ကြာအတွင်း မှာ ပထမဆုံးအဖြစ် 48MP ရှိတဲ့ ကင်မရာ ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ဒါ့အပြင် 8K Video တွေကိုလည်း ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ 48MP ရှိတဲ့ ကင်မရာဟာ Pixel-binning လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုပြီး 12MP ရှိတဲ့ ပုံတွေကိုလည်း ရိုက်ကူးပေးနိုင်မယ်လို့ ဆိုပါတယ်။ အလင်းရောင်အားနည်းတဲ့အချိန်တွေမှာ ဒီနည်းပညာကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ။ အဝေးမှာရှိတဲ့ ပုံတွေကို Zoom ဆွဲရိုက်ကူးပေးနိုင်မယ့် Periscope နည်းပညာနဲ့ ကင်မရာပါဝင်လာမယ့်လို့ အရင်က သတင်းတွေထွက်ရှိထားပေမယ့် ဒီနှစ် iPhone တွေအတွက်မဟုတ်ဘဲ နောက်နှစ်မှာထွက်မယ့် iPhone 15 မှာမှ ပါဝင်လာမယ်လို့ ဆိုပါတယ်။ စိတ်မကောင်းစရာတခုကတော့ ဒီကင်မရာနည်းပညာတွေဟာ Pro Model တွေမှာပဲ ပါဝင်ဦးမှာဖြစ်ပြီး ရိုးရိုး iPhone 14 တွေမှာတော့ ပါဝင်လာဦးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် Ultra-Wide Camera ဟာလည်း ပိုမိုကောင်းမွန်လာမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရှေ့ဘက် Selfie Camera ဟာလည်း f/1.9 Aperture နဲ့ Autofocus ပါဝင်လာမယ်လို့ဆိုပါတယ်။ နှစ်တော်တော်ကြာကြာအတွင်းမှာ ပထမဆုံးအဖြစ် ရှေ့ဖက် Selfie Camera ကို ကြီးကြီးမားမား Upgrade လုပ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

iPhone 13 Pro (အပြာရောင်) နှင့် iPhone 14 Pro နမူနာ

Display ပိုင်းမှာရော ဘာတွေပါဝင်လာမလဲ

စိတ်မကောင်းစရာ သတင်းတခုပြောရရင်တော့ 120Hz Display ဟာ အရင်ကထွက်ခဲ့သလို iPhone 14 Model အားလုံးမှာ ပါဝင်လာမှာမဟုတ်ဘဲ Pro Model တွေမှာပဲ ပါဝင်မယ်လို့ ဆိုပါတယ်။ Display ပိုင်းဆိုင်ရာကျွမ်းကျင်သူ Ross Young ရဲ့ အဆိုအရ လိုအပ်တဲ့ Display အလုံအလောက် မရရှိနိုင်တာကြောင့် 120Hz Display ဟာ iPhone 14 နဲ့ iPhone 14 Max တို့မှာ ပါဝင်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ iPhone အသုံးပြုသူ အတော်များများ မျှော်နေကြတဲ့ Always-on Display ပါဝင်လာဖို့ ရှိပြီး ဒီတခါမှာလည်း Pro Model တွေမှာပဲ ပါဝင်မယ်လို့ ဆိုပါတယ်။ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ iOS 16 Developer Beta မှာပါဝင်လာတဲ့ ကုဒ်တွေအရ Always-on Display အတွက် ရည်ညွှန်းထားတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Lightning Port လား USB-C လား

Apple အနေနဲ့ USB-C ကို ပြောင်းတော့မလားဆိုတဲ့ သတင်းတွေ မကြာခဏကြားရသလို အပေါက်လုံး၀မပါတော့မယ့် Portless iPhone ကို သွားနေတယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရပါတယ်။ ဒါပေမယ့် မကြာသေးခင်က အတည်ပြုခဲ့တဲ့ ဥရောပသမဂ္ဂ EU ရဲ့ ဥပဒေတခုကြောင့်Apple အနေနဲ့ iPhone တွေမှာ USB-C ကို မဖြစ်မနေပြောင်းလဲအသုံးပြုလာရဖို့ ရှိနေပါတယ်။ ဒီလိုမျိုး ဥပဒေကို အမေရိကန်ကပါ ပြဌာန်းဖို့ရှိနေပြီး ဘရာဇီးအပါအဝင် တခြားနိုင်ငံတော်တော်များများကလည်း အလားတူလုပ်ဆောင်ဖို့ ရှိနေပါတယ်။  ဒါပေမယ့် ဒီအပြောင်းအလဲဟာ ဒီနှစ်အတွက်ဖြစ်လာနိုင်စရာမရှိဘဲ နောက်နှစ်မှာထွက်မယ့် iPhone 15 တွေမှာမှပါဝင်လာနိုင်ပါတယ်။ Apple အနေနဲ့ အားသွင်းပေါက်လုံး၀မပါဝင်တော့တဲ့ Portless iPhone ဆီကို သေချာပေါက်သွားနေတာ ဖြစ်နိုင်ပေမယ့် ဒီအခြေအနေကိုရောက်ဖို့ နည်းပညာပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးတာကြောင့် USB-C iPhone ကို အရင်ဆုံး ထုတ်လုပ်ပေးရဖို့ရှိနေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာထွက်မယ့် iPhone 14 Model တွေအားလုံးမှာတော့ Lightning Port ကိုပဲ ဆက်သုံးဖို့ ရှိနေပါတယ်။

A16 Chip လား A15 ပဲလား

iPhone အသစ်ထွက်တိုင်း ပိုမြန် ပိုကောင်းတဲ့ Chip အသစ်နဲ့ ထွက်လေ့ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ စတင်ပြောင်းလဲသွားနိုင်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ iPhone 14 Pro Model တွေမှာပဲ A16 Chip အသစ်ကို အသုံးပြုမှာဖြစ်ပြီး ရိုးရိုး 14 Model တွေမှာတော့ အရင် iPhone 13 တွေမှာသုံးခဲ့တဲ့ A15 Bionic Chip ကိုပဲ ပြန်သုံးမယ်လို့ ဆိုပါတယ်။ ဒီသတင်းသာမှန်ခဲ့ရင်တော့ ဒီနှစ်ဟာ Pro Model နဲ့ Pro မဟုတ်တဲ့ Model တွေကြား ကွာခြားချက် အကြီးမားဆုံးဖြစ်လာမှာပါ။ ဒါ့အပြင် A16 Chip ဟာလည်း A15 ထက် သိသိသာသာ ပိုမိုကောင်းမွန်လာမှာမဟုတ်ဘဲ တိုးတက်မှုအနည်းငယ်သာ ရှိလာမယ်လို့ဆိုပါတယ်။ RAM အနေနဲ့ iPhone 13 တွေမှာလိုပဲ 6GB RAM ကို အတူတူအသုံးပြုထားမယ်လို့ ဆိုပါတယ်။

Apple A16 Chip Illustration

ကားမတော်တဆဖြစ်တာတွေကို သိရှိနိုင်မယ့် Car Crash Detection လုပ်ဆောင်ချက်

Apple Watch တွေမှာ ချော်လဲရင် Emergency Service တွေ၊ အရေးပေါ်ဆက်သွယ်ရမယ့်သူတွေဆီ Message အလိုအလျောက်ပို့ပြီး အကြောင်းကြားပေးတဲ့ လုပ်ဆောင်ချက်ပါဝင်တာ ကြာပါပြီ။ ဒီတခါမှာတော့ Car မတော်တဆဖြစ်တာကို သိရှိပြီး အရေးပေါ်ဆက်သွယ်ရမယ့်ဆီကို အလိုအလျောက်အကြောင်းကြားပေးမယ့် လုပ်ဆောင်ချက် 2022 မှာ ထွက်ဖို့ရှိတယ်လို့ သတင်းတွေပေါ်ထွက်ထားပါတယ်။ ၂၀၂၂ မှာ ထွက်မယ်လို့ ဆိုထားတာကြောင့် ဒီနှစ်မှာထွက်မယ့် iPhone 14 တွေနဲ့ Apple Watch Series 8 မှာပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ဟာ iPhone 14 တွေမှာတင်မကဘဲ အရင်ထွက်ထားတဲ့ iPhone တချို့မှာပါ ထောက်ပံ့ပေးမယ်လို့ ယူဆရပါတယ်။

ဖုန်းလိုင်းမမိလည်း ဂြိုလ်တုနဲ့ချိတ်ဆက်နိုင်မှာလား

ဖုန်းလိုင်းမမိတဲ့နေရာတွေမှာ အရေးပေါ်ဝန်ဆောင်မှုတွေကို ဆက်သွယ်နိုင်ဖို့ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး message ပို့လို့ရမယ့် လုပ်ဆောင်ချက်ပါဝင်လာမယ်လို့ iPhone 13 မထွက်ခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပါဝင်မလာခဲ့ပဲ ဒီနှစ် iPhone 14 တွေမှာ ဒီလုပ်ဆောင်ချက်ပါဝင်လာနိုင်ပါတယ်။ iPhone 14 တေါမှာ Snapdragon X65 Modem ကို အသုံးပြုဖို့ရှိပြီး ဒီModem ဟာ ဂြိုလ်တုနဲ့ ချိတ်ဆက်နိုင်တဲ့ လုပ်ဆောင်ချက်တချို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် လေယာဉ်ပျက်ကျတာမျိုးနဲ့ တောထဲတောင်ထဲ ဖုန်းလိုင်းမမိချိန်တွေမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေဆီကို ဂြိုလ်တုကနေတဆင့်ချိတ်ဆက်ပြီး Message ပို့နိုင်မှာဖြစ်ပါတယ်။ ပို့ဆောင်နိုင်မယ့် စာလုံးအရေအတွက်ကို ကန့်သတ်ထားပြီး SMS, iMessage တို့လို အသုံးပြုရမှာဖြစ်ပြီး ဒါနဲ့ပို့တဲ့စာတွေကို Grey Bubble အနေနဲ့ ပြသပေးမယ်လို့ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်သုံးနိုင်ဖို့ လစဉ်ကြေးတချို့ ပေးရကောင်း ပေးရနိုင်ပါတယ်။

SIM Card ထည့်ဖို့ Slot ထည့်မပေးတော့ဘူးလား

iPhone 14 တွေမှာ SIM Card ထည့်ဖို့ Slot မပါဝင်တော့ဘဲ eSIM သီးသန့်ပဲပါဝင်လာနိုင်ချေရှိပါတယ်။ တကမ္ဘာလုံးအတွက်မဟုတ်ဘဲ တချို့စျေးကွက်တွေ၊ အထူးသဖြင့် အမေရိကန်စျေးကွက်နဲ့ တချို့နိုင်ငံတွေမှာ eSIM Ony ပါဝင်တဲ့ iPhone 14 တွေကို ရောင်းချနိုင်ချေရှိပါတယ်။ Apple အနေနဲ့ US က carriers တွေကို eSIM only smartphone တွေအတွက် 2022 နောက်ဆုံးထားပြီး ပြင်ဆင်ထားဖို့ အကြံပေးထားတယ်ဆိုတဲ့သတင်းတွေကြားထားရပါတယ်။ ဒါပေမယ့် eSIM ကို နိုင်ငံအားလုံးမှာ အသုံးမပြုနိုင်သေးတာကြောင့် SIM Card Slot ပါတဲ့ အမျိုးအစားကိုလည်း ရွေးချယ်ဝယ်ယူနိုင်ဦးမှာပါ။ iPhone 13 Model တချို့ကို nanoSIM မပါဘဲ eSIM သီးသန့်နဲ့ ‌ဝယ်ယူနိုင်အောင်လုပ်ဆောင်ပေးခဲ့ပါသေးတယ်။ လောလောဆယ်အနေနဲ့ eSIM ကို အသုံးပြုနိုင်တဲ့နိုင်ငံပေါင်း ၆၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

ဖုန်းတလုံးမှာ 2TB Storage လိုအပ်လား

ဖုန်းမှာပါတဲ့ 64GBတောင် တဝက်ကုန်အောင် မသုံးတဲ့သူတွေရှိသလို 1TB ကို ရက်ပိုင်းအတွင်းကုန်သွားတဲ့သူတွေလည်း ရှိနိုင်တာကြောင့် 2TB ရှိတဲ့ iPhone လည်း ထွက်လာနိုင်ပါတယ်။ အထူးသဖြင့် iPhone 13 မှာ မိတ်ဆက်ပေးခဲ့တဲ့ ProRes နဲ့ Video ရိုက်ကူးမယ်ဆိုရင် ၁ မိနစ်စာ 4K ProRes Video ဖိုင်တခုဟာ 6GB ကနေ 8GB အထိ အသုံးပြုပါတယ်။ 2TB iPhone နဲ့ ရိုက်မယ်ဆိုရင်တော့ မိနစ် ၃၀ စာလောက် ရိုက်ကူးနိုင်မှာဖြစ်လို့ 2TB ရှိတဲ့ iPhone 14 Pro ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းကတော့ ဖြစ်လာနိုင်ချေ နည်းသေးတယ်လို့ ဆိုပါတယ်။

Via
macrumors9to5mac
Back to top button