AndroidNewsSamsung

Galaxy S10 မှာ နာမည်အပြောင်းအလဲ ပြုလုပ်နိုင်တယ်လို့ Samsung အတည်ပြု

Galaxy S10 ရဲ့ နာမည်ကို ပြောင်းလဲနိုင်တယ်လို့ အရင်က သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခု Galaxy S9 ကို တရားဝင် မိတ်ဆက်ပေးပြီးချိန်မှာ နောက်ထွက်မယ့် Model ကို Galaxy S10 လို့ပဲ ခေါ်မယ်လို့ ယူဆထားကြမှာပါ။ ဒါပေမယ့် ကောလဟလ သတင်းတွေအရ နာမည်ပြောင်းလဲ ခေါ်ဆိုလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး Samsung အနေနဲ့ ဒါကို အတည်ပြုသွားခဲ့ပါတယ်။

Mobile World Congress 2018 အတွင်း သတင်းထောက်တွေကို ပြောကြားရာမှာ လောလောဆယ် Galaxy S10 လို့ ခေါ်ဆိုနေကြတဲ့ လာမယ့် Galaxy S စမတ်ဖုန်းအသစ်အတွက် အခုလက်ရှိနာမည်ပေးပုံကို ဆက်လက်မသုံးစွဲဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ Samsung Mobile ရဲ့ အကြီးအကဲ DJ Kon က ပြောကြားခဲ့ပါတယ်။

ဒီလို နာမည်ပြောင်းလဲနိုင်တဲ့သတင်းကို ကြားရတာ ဒါ ပထမဆုံးမဟုတ်ပေမယ့် Samsung အနေနဲ့ အရင်က ဒီလိုမျိုး Galaxy S10 နဲ့ ပတ်သက်တဲ့ ကောလဟလသတင်းတွေကို ထင်မြင်ချက်ပေးတာမျိုးတွေ ပြုလုပ်ခဲ့ဖူးခြင်း မရှိပါဘူး။ ဒါဟာ Galaxy S Series အတွက် လာမယ့်နှစ်မှာ နာမည်ပြောင်းနိုင်ဆိုတာနဲ့ ပတ်သက်တဲ့အကြောင်းအရာကို ပထမဆုံး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါတယ်။

Galaxy S Model ကို လာမယ့်နှစ်မှာ နာမည်ပြောင်းလဲဖို့ အစီအစဉ်ရှိမရှိ မေးမြန်းရာမှာ Samsung အနေနဲ့ Galaxy ဆိုတဲ့ Brand ကို ဆက်လက်သုံးစွဲမှာဖြစ်ပေမယ့် S ဆိုတဲ့နာမည် ဒါမှမဟုတ် နံပါတ်စဉ်လိုက် နာမည်ပေးတာကို ဆက်လက် ထားရှိမလားဆိုတာ စဉ်းစားနေပါတယ်လို့ Koh က ပြောကြားခဲ့ပါတယ်။

မကြာသေးခင်ကလည်း Samsung အနေနဲ့ လာမယ့်နှစ်ကစတင်ပြီး Galaxy S Series ရဲ့ နာမည်ကို Galaxy X လို့ ပြောင်းလဲခေါ်ဆိုမယ့်အကြောင်း သတင်းတွေ  အတည်မပြုနိုင်တဲ့ သတင်းရစ်မြစ်တွေဆီကနေ ပေါ်ထွက်လာခဲ့သေးပါတယ်။ အခု Koh ရဲ့ ပြောဆိုချက်ဖြစ်တဲ့ Samsung အနေနဲ့ S ဆိုတဲ့ နာမည် ဒါမှမဟုတ် နံပါတ်စဉ်တွေကို ဆက်လက်ထားရှိမလား စဉ်းစားနေတယ်ဆိုတဲ့အချက်ဟာ ထွက်ပေါ်ခဲ့တဲ့ ကောလဟလတွေဟာ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒါပေမယ့် သေချာတာတခုက Samsung အနေနဲ့ Galaxy ဆိုတဲ့နာမည်ကိုတော့ လာမယ့်နှစ်မှာ ထုတ်လုပ်မယ့်ဖုန်းတွေမှာ ဆက်လက်သုံးစွဲသွားမယ်ဆိုတာပါပဲ။

လာမယ့် လတွေအတွင်း Galaxy S10 နဲ့ ပတ်သက်တဲ့ သတင်းတွေ အမျိုးမျိုး ကြားရဖို့ရှိနေပါတယ်။  Samsung အနေနဲ့ နောက်လာမယ့် သူတို့ရဲ့ မော်ဒယ်မြင့်ဖုန်းကို ဘယ်လိုခေါ်မလဲဆိုတာ မကြာခင်မှာ သိရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Source
Sammobile
Back to top button