AndroidNewsSamsung

Galaxy Note 9 မှာ အများက မျှော်လင့်နေကြတဲ့ In-Screen Fingerprint Reader ပါဝင်ဖွယ်မရှိ

Samsung အနေနဲ့ ဖုန်းရဲ့ Display ထဲမှာ Fingerprint Reader ကို ထည့်သွင်းနိုင်ဖို့ ကြိုးစားနေတာ နှစ်အတော်ကြာပြီ ဖြစ်ပေမယ့် အခု Galaxy S9 အထိ ထည့်သွင်းပေးနိုင်ခြင်း မရှိသေးတာ တွေ့ရမှာပါ။ Galaxy S8 မထွက်ခင်ကလည်း In-Screen Fingerprint Reader ပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာ မပါဝင်ခဲ့သလို Galaxy S9 မှာလည်း ပါဝင်လာခြင်း မရှိပါဘူး။ ဒါကြောင့်မို့ပဲ Galaxy Note 9 မှာလည်း ပါဝင်လာဖို့ မျှော်လင့်နေကြတာပါ။

Samsung အနေနဲ့ Galaxy Note 9 မှာလည်း In-Screen Fingerprint Reader ကို ထည့်သွင်းမိတ်ဆက်ပေးနိုင်ဖို့ မရှိသေးတဲ့အကြောင်း သူ့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီပို့တဲ့ စာထဲမှာ ရေးသားထားတယ်လို့ KGI Security က Min-Chi Kuo က ဆိုပါတယ်။ ဒီလိုမျိုး ခန့်မှန်းချက်ကို Galaxy S9 အတွက်လည်း လွန်ခဲ့တဲ့ August လအတွင်းက ပြောဆိုခဲ့ဖူးပြီး (တကယ်လည်း မှန်ကန်ခဲ့ပါတယ်) Galaxy Note 9 မှာမှ ပါဝင်လာနိုင်မယ်လို့ ဆိုခဲ့ဖူးပါတယ်။

နည်းပညာအခက်အခဲကြောင့် ဒီ In-Screen Fingerprint Reader ကို Galaxy Note 9 မှာ မိတ်ဆက်ပေးနိုင်ဦးမှာ မဟုတ်လောက်သေးဘူးလို့သာ Kuo က ဆိုခဲ့ပါတယ်။ ဒီ Sensor အနေနဲ့ ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးမှာ နဲ့ Screen Protector တွေ ကပ်ထားချိန်တွေမှာ ကောင်းမွန်စွာ အလုပ်လုပ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါဟာ မှန်ကန်အောင်မြင်စွာ အလုပ်လုပ်နိုင်ချေ နည်းပါးတဲ့အတွက် Samsung အနေနဲ့ သမာရိုးကျ Fingerprint Reader ကိုပဲ တပ်ဆင်ပေးဖို့ ဆုံးဖြတ်နိုင်ပါတယ်။

ဒါပေမယ့် ဒီခန့်မှန်းချက်မှာ ပြောင်းလဲနိုင်ချေတွေ ရှိနေပါသေးတယ်။ တကယ်လို့ Samsung အနေနဲ့ လာမယ့်လတွေအတွင်း ဒီပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် In-Screen Fingerprint Reader ကို တပါတည်း တပ်ဆင်ပေးလိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒါကို တိတိကျကျပြောနိုင်ဖို့တော့ ခဲယဉ်းပါတယ်။

တကယ်တမ်းတော့ Samsung အနေနဲ့ ဒီနည်းပညာမှာ နောက်ကောက်ကျန်နေခဲ့ပြီးဖြစ်ပါတယ်။ Vivo လိုမျိုး ထုတ်လုပ်သူတွေက In-Screen Fingerprint Reader ပါဝင်တဲ့ စမတ်ဖုန်းတွေကို ဖြန့်ချိရောင်းချနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Samsung အနေနဲ့ နည်းပညာသစ်တွေကို ပထမဆုံးမိတ်ဆက်တဲ့သူဖြစ်ဖို့ လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့မကြာသေးခင်က ပြောကြားခဲ့ဖူးပါတယ်။ ဒါဟာ နည်းပညာသစ်တွေကို ဦးဦးဖျားဖျားမိတ်ဆက်တာအစား ကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်ချိန်အထိ စောင့်ဆိုင်းပြီး သေချာပြီဆိုမှ အသုံးပြုဖို့ ဆုံးဖြတ်တာဖြစ်တဲ့အတွက် In-Screen Fingerprint Reader ကိုလည်း ဒီလိုမျိုး စောင့်ဆိုင်းပြီး သေချာအောင် လုပ်ဆောင်နေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

Via
Sammobile
Back to top button