AppleGadgetsNews

Apple September Event မှာ ဘာတွေ မျှော်လင့်နိုင်မလဲ

iPhone 12 အစား iPad နဲ့ Apple Watch တွေကိုပဲ အရင် မိတ်ဆက်ပေးဖွယ်ရှိ

Apple အနေနဲ့ သူ့ရဲ့ September Event ကို လာမယ့် စက်တင်ဘာလာ ၁၅ ရက်နေ့မှ Online ကနေ Virtual ကျင်းပမယ်လို့ ကြေငြာထားပါတယ်။ အရင် WWDC ပွဲတုန်းကလိုပဲ Apple Park ကနေ တင်ဆက်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ခါတိုင်းနှစ်တွေရဲ့ September Event မှာ iPhone အသစ်တွေကို မိတ်ဆက်ပေးလေ့ရှိပေမယ့် ဒီနှစ်မှာတော့ တမျိုးတဖုံပြောင်းလဲသွားနိုင်ချေ ရှိနေပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အခုကျင်းပမယ့် September Event မှာ iPhone 12 ကို မိတ်ဆက်ဦးမှာမဟုတ်ဘဲ Apple Watch Series 6 နဲ့ iPad အသစ်တွေကိုပဲ မိတ်ဆက်ပေးဖို့ ရှိနေတယ်လို့ Bloomberg က ဆိုပါတယ်။ iPhone 12 မိတ်ဆက်မယ့်နေ့ နောက်ကျနိုင်တဲ့အကြောင်းကို Apple အနေနဲ့ အစောပိုင်းကတည်းက အတည်ပြုထားပါတယ်။

WWDC 2020 တုန်းကလိုပဲ ဒီ September Event ဟာ Virtual အနေနဲ့ Live လွှင့်ပြီးပဲ တင်ဆက်သွားဖို့ ရှိနေပါတယ်။ Apple အသုံးပြုသူတွေဆီပို့တဲ့ ဖိတ်စာတွေထဲမှာ ဘာစာသားမှ မပါဝင်ပေမယ့် သတင်းသမားတွေကို ဖိတ်တဲ့အထဲမှာတော့ Time Flies ဆိုတဲ့ စာသား ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

Apple September Event မှာ ဘာတွေကို မိတ်ဆက်ပေးနိုင်မလဲ။ သတင်းတွေအရတော့ iPad Air 4 ကို မိတ်ဆက်ပေးနိုင်တယ်လို့ ဆိုနေကြပါတယ်။ ဒီတခါ iPad Air အသစ်ဟာ ဒီဇိုင်းပိုင်းပြောင်းလဲထားပြီး အခုရှိနေတဲ့ iPad Pro တွေလိုဖြစ်သွားမယ်လို့ ဆိုပါတယ်။ FaceID တော့ ပါဝင်လာမှာမဟုတ်ဘဲ TouchID ကို Power ခလုတ်မှာ ရောထည့်ပေးထားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါ့အပြင် iPad Air အသစ်အနေနဲ့ Lightning Port အစား USB C ကို ပြောင်းလဲ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။ ဒီသတင်းတွေသာမှန်မယ်ဆိုရင် ဒီနှစ်ဟာ iPad Air တွေအတွက် ကြီးကြီးမားမားပြောင်းလဲသွားမယ့် နှစ်ဖြစ်လာမှာပါ။

နောက်တခု မျှော်လင့်ရတာကတော့ Apple Watch Series 6 ပါ။ Apple Watch Series 6 ရဲ့ သတင်းတွေဟာ iPhone 12 လောက် သိပ်ထွက်မလာပေမယ့် တချို့သတင်းတွေတော့ ပေါ်ထွက်ထားပါတယ်။ ဒီထဲက တခုကတော့ သွေးထဲမှာ ‌အောက်ဆီဂျင်ပါဝင်မှုနှုန်းကို တိုင်းတာပေးနိုင်မယ့် Blood Oxygen Level Detection လုပ်ဆောင်ချက် ပါဝင်လာမယ်လို့ဆိုပါတယ်။ iOS 14 ရဲ့ ကုဒ်တွေကို 9to5Mac ကနေ လေ့လာကြည့်ရာမှာ ဒီလုပ်ဆောင်ချက်ပါဝင်လာမယ်ဆိုတဲ့ အချက်ကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် Apple အနေနဲ့ Apple Watch Series 6 မှာ နှလုံးခုန်နှုန်းတိုင်းတာတဲ့ electrocardiograms လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ လောလောဆယ် Apple Watch Series 4 နဲ့ 5 အနေနဲ့ နှလုံးခုန်နှုန်းကို ဖတ်ရာမှာ နှလုံးခုန်နှုန်း တမိနစ်ကို အကြိမ် ၁၀၀ ကနေ အကြိမ် ၁၂၀ အတွင်းကိုပဲ ဖတ်နိုင်‌ပြီး အတိအကျမဟုတ်တဲ့ ရလာဒ်တွေကို ထုတ်ပေးနိုင်ပါတယ်။ လာမယ့် ECG App Update မှာတော့ Software ပိုင်း ဒါမှမဟုတ် Hardware ပိုင်းကို အသုံးပြုပြီး ဒီ Limit ကို ဖယ်ရှားပစ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Apple Watch Series 6 ရဲ့ ဒီဇိုင်းပိုင်းကတော့ ထူးထူးခြားခြား ပြောင်းလဲသွားဖို့ မရှိဘဲ အရင် Series 4 နဲ့ Series 5 တို့ရဲ့ ဒီဖိုင်းအတိုင်း ရှိနေမယ်လို့ ဆိုပါတယ်။

iPhone 12 အနေနဲ့ကတော့ လာမယ့် September Event မှာ မိတ်ဆက်ပေးဖို့ မသေချာဘဲ October မှာ ကျင်းပမယ့်ပွဲမှာမှ မိတ်ဆက်ပေးလိမ့်မယ်လို့ဆိုပါတယ်။ ဒီနှစ်မှာတော့ iPhone 12 လေးမျိုး ထွက်ဖို့ရှိပြီး အဲ့ဒါတွေကတော့ 5.4 လက်မရှိမယ့် iPhone 12, 6.1 လက်မရှိမယ့် iPhone 12 Max, 6.1 လက်မရှိမယ့် iPhone 12 Pro နဲ့ 6.7 လက်မရှိမယ့် iPhone 12 Pro Max တို့ဖြစ်ပါတယ်။

5.4 လက်မနဲ့ 6.1 လက်မ iPhone 12 တွေအနေနဲ့ နောက်ကျောဘက်မှာ ကင်မရာနှစ်လုံးပါဝင်ပြီး 6.1 လက်မနဲ့ 6.7 လက်မ iPhone 12 Pro တွေအနေနဲ့ကတော့ နောက်ကျောဘက်မှာ ကင်မရာ ၃ လုံးအပြင် LiDAR Scanner ပါ ပါဝင်လာမယ်လို့ ဆိုပါတယ်။ နောက်ကြားရတဲ့သတင်းတခုကတော့ iPhone 12 အားလုံးမှာ OLED Display တွေ ပါဝင်မှာဖြစ်ပြီး 5G လည်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ကတော့ အရင်ကထွက်ခဲ့တဲ့ iPhone 5 နဲ့ အခုလက်ရှိ iPad Pro ဒီဇိုင်းအတိုင်း ဘေးအနားတွေက လုံးမနေဘဲ အပြားဖြစ်သွားမယ်လို့ ဆိုပါတယ်။

 

ဒါတွေအပြင် Apple ဆီကနေ မထင်မှတ်တဲ့ ကြေငြာမိတ်ဆက်မှုတချို့ကိုလည်း တွေ့ရကောင်းတွေ့ရနိုင်ပါတယ်။ Apple Silicon တပ်ဆင်ထားတဲ့ Mac တွေကို စမ်းသပ်နေသလို Beat လိုမျိုး နားပေါ်မှာအုပ်ပြီး နားထောင်ရတဲ့ Over-Ear headphone ကိုလည်း စမ်းသပ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါ့အပြင် သော့တွေ ပိုက်ဆံအိတ်တွေကို Track လုပ်နိုင်ဖို့ AirTag ဆိုတဲ့ ပစ္စည်းလေးကိုလည်း စမ်းသပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြာနေပါပြီ။ ဒါကြောင့် ဒီ September Event မှာ Apple Watch နဲ့ iPad အပြင် တခြား မထင်မှတ်ထားတဲ့ ပစ္စည်းတချို့ကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။

Back to top button