FeaturedNewsSamsung

စျေးနှုန်းသက်သာပြီး ပိုမိုကြီးမားတဲ့ Cover Display ပါဝင်လာတဲ့ Galaxy Z Flip 3 ကို Samsung မိတ်ဆက်

August 11 ရက်နေ့မှာ ကျင်းပခဲ့တဲ့ Samsung ရဲ့ Unpacked Event မှာ စျေးနှုန်း ပိုမိုသက်သာလာပြီး ဆွဲဆောင်မှုရှိတဲ့ ရောင်တွေနဲ့ Galaxy Z Flip 3 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါနဲ့ အတူ Galaxy Z Fold 3, Galaxy Watch 4 နဲ့ Galaxy Buds 2 တို့ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Screen ကြီးကြီးနဲ့ Application တွေအများကြီးကို အပြိုင်ဖွင့်ပြီး Multitasking လုပ်ဆောင်ချင်တဲ့သူတွေအတွက် Galaxy Z Fold 3 ကို မိတ်ဆက်ပေးခဲ့သလို ဆွဲဆောင်မှုရှိပြီး လှပတဲ့ Galaxy Z Flip 3 ဟာ လူအတော်များများကြိုက်နှစ်သက်ကြမှာဖြစ်ပါတယ်။ ခေါက်ထားလိုက်တဲ့အခါမှာလည်း သေးငယ်ပေါ့ပါးသလို အသစ်ပြင်ဆင်ထားတဲ့ Cover Screen ဟာလည်း ပိုမိုကြီးမားလာပြီး ပိုမိုအသုံးဝင်လာပါတယ်။

ဆွဲဆောင်မှုရှိတဲ့ နောက်တချက်ကတော့ စျေးနှုန်းပဲဖြစ်ပါတယ်။ Galaxy Z Fold 3 ရဲ့စျေးနှုန်းဟာ ဒေါ်လာ ၁၈၀၀ လောက်ရှိတာကြောင့် လူတိုင်းလက်လှမ်းမီဖို့ ခက်ပေမယ့် ဒီ Galaxy Z Flip 3 ဟာ ၉၉၉.၉၉ ဒေါ်လာက စတင်တာကြောင့် တခြားထိပ်တန်းစမတ်ဖုန်းတွေနဲ့ စျေးနှုန်းအားဖြင့် သိပ်မကွာခြားတော့ပါဘူး။ ဒီဟာ အနိမ့်ဆုံးစျေးနှုန်းဖြစ်ပြီး RAM 8GB နဲ့ Storage ကတော့ 128GB ပါဝင်ပါတယ်။ အရင်ကထွက်ထားတဲ့ Z Flip ရဲ့ အနိမ့်ဆုံး Storage က 256GB က စတင်ပါတယ်။ ဒါပေမယ့်လည်း Base Model 128GB ဟာ လူအများစုအတွက် လုံလောက်မှာပါ။

Photo: Joshua Swingle

Galaxy Z Fold 3 လိုပဲ Qualcomm ရဲ့ Snapdragon 888 Processor ကို အသုံးပြုထားပြီး 5G ကို ထောက်ပံ့ပေးနိုင်ပါတယ်။ IPX8 လက်မှတ်ရရှိထားတာကြောင့် ရေအောက် 1.5 မီတာမှာ မိနစ် ၃၀ အထိ ရေစိမ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါဟာ IPX8 ရဲ့ စံသတ်မှတ်ချက်ဖြစ်ပြီး လက်တွေ့မှာတော့ ဒီလိုစိမ်ပြီး စမ်းမကြည့်ဖို့ အကြံပြုလိုပါတယ်။ iPX8 ဆိုတာ IP58 တို့ IP68 တို့လိုမျိုး အမှုန်တွေ၊ ဖုန်မှုန့်လိုဟာမျိုးတွေရဲ့ဒဏ်ကနေ ကာကွယ်နိုင်ခြင်းတော့ မရှိပါဘူး။ မနှစ်ကလိုပဲ နောက်ကျောဘက်မှာ Wide Camera နဲ့ Ultra Wide Camera တွေ ပါဝင်ပါတယ်။ နှစ်ခုစလုံးဟာ 12MP ရှိပြီး Main Camera မှာ f/1.8 Aperture ရှိပြီး OIS လည်းပါဝင်ပါတယ်။ HDR10+ Video တွေကိုလည်း ရိုက်ကူးပေးနိုင်ပြီး Digital Zoom အနေနဲ့ ၁၀ ဆအထိ ဆွဲယူရိုက်ကူးပေးနိုင်ပါတယ်။

Photo: Anthony

ခေါက်လို့ရတဲ့ Foldable Display ဟာ 6.7 လက်မရှိပြီး အချိုးအားဖြင့် 22:9 ရှိပါတယ်။ အရင်နှစ်က 60Hz Refresh Rate ကိုပဲ ထောက်ပံ့ပေးနိုင်ပေမယ့် ဒီနှစ် Flip 3 မှာတော့ 120Hz Refresh Rate ကို ထောက်ပံ့ပေးထားပါတယ်။ ဒီ Refresh Rate ဟာ Battery စားသက်သာအောင် လိုအပ်သလို အလိုအလျောက်ရောက် ချိန်ညှိပေးနိုင်ပါတယ်။ Z Fold 3 မှာလို Under Display Camera မပါဝင်ပဲ တခြား Samsung ဖုန်းတွေမှာလိုပဲ ကင်မရာနေရာအတွက် Display ကို အပေါက်ဖောက်ပေးထားပါတယ်။

ဖုန်းနှစ်ခုလုံးကို ပိုမိုကြံ့ခိုင်အောင် ပြုလုပ်ပေးထားပြီး အရမ်းပါးလွှာတဲ့ Glass ကို ကာကွယ်ပေးနိုင်တဲ့ Protective Film ကိုလည်း ပိုမိုအကြမ်းခံနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Samsung ရဲ့အဆိုအရ ဒီ Flip 3 မှာ ၃၀ ရာခိုင်နှုန်း ပိုမိုအကြမ်းခံနိုင်မယ်လို့ ဆိုပါတယ်။

Photo: MKBHD

နောက်ထပ် သဘောအကျဆုံး အပြောင်းအလဲကတော့ ပိုမိုကြီးမားတဲ့ Cover Screen ကို တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ ခေါက်ထားလို့ ရတဲ့ စမတ်ဖုန်းတလုံးအနေနဲ့ Notification တွေပြနိုင်ဖို့ နောက်ထပ် Display တခုလိုအပ်ပါတယ်။ အရင် Z Flip မှာပါဝင်တဲ့ Secondary Cover Screen ဟာ အရမ်းသေးငယ်လွန်းတာကြောင့် သုံးရတာ တော်တော် အဆင်မပြေဖြစ်ခဲ့ကြပါတယ်။ ဒီတခါမှာတော့ ပိုမိုကြီးမားလာတဲ့အပြင် Music တွေ၊ Weather တွေ၊ Timer တွေလိုမျိုး Widget တွေပါ ထည့်သွင်းလာနိုင်မှာဖြစ်ပြီး Notification တွေအတွက်လည်း နေရာတွေ ပိုရလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒီ Cover Screen ဟာ Selfie ပုံတွေရိုက်ကူးရာမှာ Viewfinder အဖြစ် အသုံးပြုနိုင်လောက်အောင်ထိ ပိုမိုကြီးမားလာပါတယ်။ ဒီ Cover Screen ကို ကြည့်ပြီး Selfie Video တွေ၊ Vlog တွေပါ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ နောက်ပြီး Android Quick Setting တွေ၊ Samsung Pay တွေကိုလည်း ဒီထဲမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Photo: Gizmodo

Dolby Atmos ကို ထောက်ပံ့ပေးနိုင်တဲ့ Stereo Speaker တွေလည်း ပါဝင်လာပါတယ်။ နောက်ပြီး ဖုန်းကို တဝက်ပဲ ခေါက်ထားတဲ့ Flex Mode မှာထားမယ်ဆိုပါက Video တွေ၊ သီချင်း Album Art တွေအနေနဲ့ အပေါ်ပိုင်းတဝက်မှာ ပေါ်နေမှာဖြစ်ပြီး Play Pause စတဲ့ Control တွေက အောက်ဘက်တဝက်မှာ ဖော်ပြပေးမယ်လို့ ဆိုပါတယ်။

Photo: Gizmodo

Galaxy Z Flip 3 ကို အရောင် ခုနှစ်ရောင်နဲ့ ရရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့ Cream, Green, Pule, Black, Gray, White နဲ့ Pink တို့ဖြစ်ပြီး နောက်ဆုံး ၃ ရောင်ကိုတော့ Samsung ရဲ့ Website ကနေမှာယူမှပဲ ရရှိနိုင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံအလိုက် အရောင်ရနိုင်မှုတွေလည်း ကွာခြားနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ 8GB/128GB အတွက် ၉၉၉.၉၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး 8GB/256GB အတွက်တော့ ၁၀၄၉.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ Galaxy Z Fold 3 လိုပဲ Preorder စတင်လက်ခံနေပြီး August 27 ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။

Back to top button