AppleFeaturedNews

iPhone တွေမှာ USB-C ကို မြင်တွေ့ရတော့မလား

Internet ပေါ်မှာ နာမည်ကြီးသွားတဲ့ Ken Pillonel ဆိုတဲ့သူ ကိုယ်တိုင်လုပ်ထားတဲ့ DIY USB-C iPhone ကို ပြောတာမဟုတ်ပါဘူး။ လာမယ့် ၂၀၂၃ မှာထွက်မယ့် iPhone မှာ Lightning ပေါက်အစား USB-C ပေါက် ပါဝင်လာနိုင်ခြေရှိတာကို ပြောနေတာပါ။

Apple နဲ့ပတ်သက်တဲ့ အတွင်းသတင်းတွေကို မကြာခဏ ပေါက်ကြားလေ့ရှိပြီး သူ့ခန့်မှန်းချက်အများစုဟာလည်း မှန်ကန်လေ့ရှိတဲ့ Ming-Chi Kuo က ဒီသတင်းကို ထုတ်ဖော်ပြောကြားလာတာပါ။ သူ့ရဲ့ Twitter မှာ တင်ထားတဲ့ Tweet တွေအရ လာမယ့် ၂၀၂၃ မှာထုတ်မယ့် iPhone မှာ Lightning Port ကို ဖယ်ရှားပြီး USB-C Port ကို ပြောင်းလဲ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ USB-C ကို ပြောင်းလဲ အသုံးပြုလိုက်ခြင်းအားဖြင့် အားသွင်းဖို့ ကြာချိန်တွေ ပိုပြီး မြန်ဆန်လာနိုင်သလို ဒေတာတွေကူးပြောင်းရာမှာလည်း ပိုမိုမြန်ဆန်လာနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပိုပြီး မြန်လာမလဲဆိုတာကတော့ iOS က ဘယ်လောက်ထောက်ပံ့ပေးမလဲဆိုတာပေါ် မူတည်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို အတိအကျ ဖော်ပြမထားတဲ့ သူ့ရဲ့ စစ်တမ်းတခုပေါ်အခြေခံထားတာလို့ ဆိုထားပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ ဒီစစ်တမ်းကို iPhone အတွက် အစိတ်အပိုင်းတွေ ထုတ်လုပ်ပေးတဲ့ သူတွေဆီကနေ ကောက်ယူထားတာဖြစ်နိုင်ပါတယ်။ အရင်ကတည်းက Apple နဲ့ ပတ်သက်တဲ့ ရှေ့လာမယ့်ထုတ်ကုန်တွေအကြောင်း သတင်းတွေကိုလည်း ဒီလူတွေဆီကပဲ ရရှိလာခဲ့တာ ဖြစ်နိုင်ပါတယ်။ IC Controller တို့ Connector တို့လိုမျိုး USB-C နဲ့ ပတ်သက်တဲ့ Apple Suppliers တွေဟာ လာမယ့် ၁ နှစ် ၂ နှစ်အတွင်း စျေးကွက်ဦးစားပေး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Apple ဆီက Order အမြောက်အများ ရလာနိုင်သလို USB-C နဲ့ ပတ်သက်တဲ့ Accessories တွေလည်း အမြောက်အများ ထုတ်လုပ်လာကြမှာမို့ ဖြစ်ပါတယ်။

အရင်ကထွက်ခဲ့ဖူးတဲ့ သတင်းတွေအရ Apple အနေနဲ့ iPhone တွေမှာ Lightning Port ကိုပဲ ဆက်လက်အသုံးပြုမယ်လို့ ဆိုကြပါတယ်။ တကယ်လို့ Lightning Port ကို ဖယ်ထုတ်ခဲ့ရင်တော့ USB-C ကို ပြောင်းသုံးမှာမဟုတ်ဘဲ အားသွင်းတဲ့ အပေါက် လုံး၀မပါဝင်တော့မယ့် iPhone ကို ထုတ်လုပ်လာနိုင်ချေရှိတယ်ဆိုတဲ့ သတင်းတွေလည်း တော်တော်လေး ပြန့်နှံ့ခဲ့ဖူးပါတယ်။ Kuo ကိုယ်တိုင် Apple အနေနဲ့ iPhone တွေမှာ USB-C ကို ပြောင်းသုံးဖို့ စဉ်းစားထားတာမရှိသေးဘူးလို့ မနှစ်က ဆိုခဲ့ဖူးပါတယ်။ အနည်းဆုံးတော့ လာမယ့်နှစ်တွေအတွင်းမှာ ဖြစ်နိုင်ချေမရှိသေးဘူးလို့ ဆိုခဲ့ဖူးပါတယ်။ Lightning Port ကို အသုံးပြုထားတဲ့အတွက် MFi ဆိုတဲ့ Program ကနေ အကျိုးအမြတ်တွေ အမြောက်အများ ရရှိနေတာကြောင့်ရော USB-C ဟာ ရေစိုခံမှုအပိုင်းမှာ Lightning Port ထက် စံနှုန်းတွေနိမ့်တာကြောင့် တနည်းအားဖြင့် USB-C ဟာ Lightning Port လောက် ရေစိုခံနိုင်မှုမရှိတာကြောင့် ဒီအပြောင်းအလဲ ဖြစ်မလာနိုင်ဘူးလို့ ဆိုနေကြတာပါ။

Photo: Macrumors

MFi ဆိုတာ ဘာလဲ

MFi ဆိုတာက Made for iPhone ရဲ့ အတိုကောက်ဖြစ်ပြီး iPhone, iPad, iPod တို့အတွက် Accessories ထုတ်လုပ်သူတွေ၊ Game Controller တွေ၊ တခြား HomeKit နဲ့ ပတ်သက်တဲ့ Accessories ထုတ်လုပ်သူတွေကို Apple ကနေ License ထုတ်ပေးတဲ့ Program ဖြစ်ပါတယ်။ ဒီအတွက် Apple ကို License ကြေးပေးရတာကြောင့် Accessories ထုတ်လုပ်သူတွေဆီကနေ ဝင်ငွေအမြောက်အများ ရရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Lightning Port မှာ MFi Program ကနေတဆင့်မှသာ Support လုပ်မယ့် Protocol တချို့ပါဝင်လာပါတယ်။ Official Lightning Connector မှာ Authentication Chip တခု ပါဝင်လာပြီး Accessories ထုတ်လုပ်သူတွေအနေနဲ့ Apple ရဲ့ ခွင့်ပြုချက်မရဘဲ ထုတ်လုပ်လို့မရနိုင်အောင် ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒါကို Crack လုပ်နိုင်ခဲ့ကြပြီး Apple ဆီက တရားဝင် လိုင်စင်မယူဘဲ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေ ပေါ်ထွက်လာပါတယ်။ ဒါ့အပြင် တရားဝင် License ယူပြီး ရောင်းချသူတွေအနေနဲ့ ဒီ Program ကို လျှောက်ထားဖို့ ၁ နှစ်ကို ၉၉ ဒေါ်လာပေးရပြီး License ယူထားတဲ့ Accessories ရောင်းချမှုကနေ သတ်မှတ်ထားတဲ့ ရာနှုန်းကိုလည်း Apple ကို ခွဲဝေပေးရပါတယ်။ ဒါကြောင့်မို့ Apple နဲ့ ပတ်သက်တဲ့ Accessories တွေ အထူးသဖြင့် iPhone နဲ့ ပတ်သက်တဲ့ Accessories တွေအနေနဲ့ တခြားပြိုင်ဘက်ထုတ်ကုန်တွေထက် စျေးပိုကြီးနေတာဖြစ်ပါတယ်။ MFi Program ကနေ လိုင်စင် ရယူထားသူတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေပေါ်မှာ MFi Badge တွေကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

MFi Badges

Apple နဲ့ USB-C နောက်ကြောင်း

Apple အနေနဲ့ 2015 က စပြီး သူ့ရဲ့ MacBook တွေမှာ USB-C ကို စတင်အသုံးပြုလာခဲ့ပါတယ်။ USB-C ပေါက်တခုပဲပါဝင်တဲ့ ၁၂ လက်မ MacBook ကို မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၆ ကစပြီး MacBook Pro တွေမှာပါ Thunderbolt ကို Support လုပ်တဲ့ USB-C ပေါက်တွေကိုပဲ အသုံးခဲ့တဲ့အတွက် တော်တော်လေး လူပြောများခဲ့ကြပါသေးတယ်။ ၂၀၂၁ မှာ ထွက်ခဲ့တဲ့ MacBook Pro တွေကြမှ MagSafe ၊ HDMI နဲ့ SD Card Slot တွေကို ပြန်ထည့်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ မှာ ထွက်ခဲ့တဲ့ 11″ နဲ့ 12.9″ iPad Pro Model တွေမှာ Lightning အစား USB-C ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက် iPad Air နဲ့ iPad Mini တွေမှာပါ USB-C ကို ပြောင်းလဲအသုံးပြုခဲ့တာမို့ Apple က ထုတ်တဲ့ အဓိက ထုတ်ကုန်တွေထဲမှာ USB-C မပါဝင်တာ iPhone ပဲ ရှိပါတော့တယ်။ ဒီအချိန်မှာပဲ အထက်က ပြောခဲ့သလို Apple အနေနဲ့ iPhone တွေမှာ USB-C ပြောင်းသုံးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့သလို (အားသွင်းစရာ၊ ဒေတာတွေကူးစရာ) ဘာအပေါက်မှ မပါဝင်တော့တဲ့ Portless iPhone ထွက်လာလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိလာခဲ့ပါတယ်။

Photo: Lightning Port and Lightning Cable By frankieleon

USB-C iPhone လား၊ Portless iPhone လား

Kuo ရဲ့ 2023 iPhone မှာ USB-C ပါဝင်လာနိုင်တယ်ဆိုတဲ့ သတင်းထွက်ပြီး နောက်မှာပဲ Bloomberg က သတင်းထောက် Mark Gurman ကလည်း Apple အနေနဲ့ USB-C ကို iPhone တွေမှာ စမ်းသပ်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် အစောဆုံး ၂၀၂၃ မရောက်ခင်အထိ Lightning ကနေ USB-C ကို ပြောင်းဦးမှာမဟုတ်သေးဘူးလို့ဆိုပါတယ်။

Photo: Macrumors

ဒါ့အပြင် ဥရောပသမဂ္ဂ EU ရဲ့ ဖိအားကလည်း ရှိနေပါသေးတယ်။ EU အနေနဲ့ စမတ်ဖုန်းတွေ အပါအဝင် အသေးစားနဲ့ အလတ်စား လူသုံးကုန်အီလက်ထရောနစ် ပစ္စည်းတွေမှာ အားသွင်းခေါင်းကို USB-C မဖြစ်မနေသုံးရမယ်ဆိုတဲ့ ဥပဒေ ပြဌာန်းဖို့ ရှိနေပါတယ်။ အားသွင်းဖို့ရာအတွက် USB-C တမျိုးတည်းကို အသုံးပြုခြင်းအားဖြင့် သုံးစွဲသူတွေအတွက် အဆင်ပြေလွယ်ကူစေသလို E-Waste လို့ခေါ်တဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဒီဥပဒေဟာ တက်ဘလက်တွေ၊ နားကြပ်တွေ၊ Portable Speaker တွေ၊ ဗီဒီယို ဂိမ်းစက်တွေ နဲ့ ကင်မရာလိုပစ္စည်းတွေအတွက်ပါ အကျုံးဝင်ပါတယ်။ ဒါ့အပြင် ထုတ်လုပ်သူတွေအနေနဲ့ သူတို့ထုတ်လုပ်တဲ့ Device တွေမှာပါဝင်တဲ့ Fast-Charging Standard ဟာ တခြားထုတ်လုပ်သူတွေရဲ့ပစ္စည်းတွေနဲ့ သုံးစွဲနိုင်ရမယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူတို့ Device တွေအနေနဲ့ ဘယ် Charging Standard ကို ထောက်ပံ့ပေးနိုင်လဲဆိုတာ ပြောပြထားရမယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပစ္စည်းအသစ်တခုဝယ်တိုင်း အားသွင်းကြိုးတွေ၊ အားသွင်းခေါင်းတွေ ထပ်ဝယ်စရာမလိုတော့ပဲ ရှိပြီးသားပစ္စည်းတွေနဲ့ ဆက်ပြီး သုံးနိုင်လို့ E-Waste တွေကို လျှော့ချနိုင်မှာဖြစ်သလို ကုန်ကျစရိတ်တွေလည်း သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ ကြိုးနဲ့အားသွင်းတဲ့ ပစ္စည်းတွေပေါ်မှာပဲ သက်ရောက်ပြီး Wireless နည်းနဲ့ အားသွင်းတဲ့ ပစ္စည်းတွေပေါ်မှာ မသက်‌ေရာက်ဘူးလို့ ဆိုထားပါတယ်။ EU ရဲ့ ဒီဥပဒေ အတည်ဖြစ်ခဲ့ရင် Apple အပါအဝင် စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ USB-C ကို ပြောင်းဖို့ အချိန် ၂ နှစ်ရမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂက ပြဌန်းဖို့အဆိုပြုထားတဲ့ ဥပဒေထဲက ပုံတပုံ

ဒီလိုဆိုတော့ Apple အနေနဲ့ Portless iPhone အားသွင်းပေါက်လုံး၀မပါတော့တဲ့ iPhone ကို ပြောင်းလဲထုတ်လုပ်လာတော့မလားဆိုတာ ခန့်မှန်းစရာဖြစ်လာပြန်ပါတယ်။ ဒါပေမယ့် Ming-Chi Kuo ကနောက်ထက် Tweet တခုကို တင်ထားပါသေးတယ်။

အဲ့ဒါကတော့ “Portless iPhone အပေါက်မပါတဲ့ iPhone ဟာ Wireless နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်တွေ ရှိနေသလို Apple ရဲ့ Wireless အားသွင်းနည်းအသစ်တခုဖြစ်တဲ့ MagSafe ဟာလည်း အကောင်းဆုံးပုံစံကို မရောက်ရှိသေးတာကြောင့် ပြဿနာတွေပဲ ပိုကြုံရနိုင်တယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် ” တခြား Lightning Port ကို အသုံးပြုထားတဲ့ ပစ္စည်းတွေဖြစ်တဲ့ AirPods တွေ၊ Magic Mouse တွေ၊ Magic Keyboard/Trackpad တွေ၊ MagSafe Battery တွေဟာလည်း လာမယ့်ကာလတွေမှာ USB-C ကို ပြောင်းသုံးလိမ့်မယ်”လို့ ဆိုပါတယ်။ နောက်ပြီး MacRumor ရဲ့ သုံးသပ်ချက်တခုအရလည်း Lightning Port ကို 2012 ခုနှစ် iPhone 5 မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အဲ့တုန်းက နောက်ဆယ်စုနှစ်အတွက် Modern Connector လို့ ဆိုခဲ့တာကြောင့် ခု 2022 မှာ ၁၀ နှစ်ပြည့်ပြီဖြစ်လို့ သူ့သက်တမ်းကုန်တော့မလားလို့လည်း ဆိုထားပါသေးတယ်။

ခုရက်ပိုင်းအတွင်း ထွက်လာတဲ့ သတင်းတွေအရတော့ Apple အနေနဲ့ iPhone တွေမှာ Lightning Port ကနေ USB-C ကို ပြောင်းလဲသုံးစွဲနိုင်ချေများနေတယ်လို့ ယူဆရပါတယ်။ Portless iPhone ဆီသွားဖို့ကလည်း နည်းပညာပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးသလို Lightning ကိုပဲ ဆက်သုံးဖို့ကလည်း EU က Regulator တွေရဲ့ ဖိအားကလည်း ရှိနေပြန်ပါတယ်။ တကယ်လို့ EU က ဒီဥပဒေကို အတည်ပြုပြီးသွားရင် တခြားနိုင်ငံတွေကလည်း ဒီလိုမျိုး လိုက်လုပ်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် Lightning Port ရဲ့ ဒေတာကူးပြောင်းနှုန်းဟာ USB 2.0 နဲ့ အတူတူပဲဖြစ်လို့ ဆယ်စုနှစ် တခုစာကြာပြီးချိန်မှာ တော်တော်လေး ဒိတ်အောက်နေပြီလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် Apple ရဲ့ ProRes Video တွေရဲ့ ဆိုဒ်ဟာ အရမ်းကြီးလွန်းတာကြောင့် iPhone ကနေ ကွန်ပျူတာဆီလိုမျိုး ကူးပြောင်းရာမှာ အရမ်းနှေးကွေးလွန်းတယ်လို့ စောဒကတက်တာလည်း ခံနေရပါတယ်။ ဒီတော့ Apple အနေနဲ့ လာမယ့် 2023 မှာထွက်မယ့် iPhone၊ တနည်းအားဖြင့် iPhone 15 မှာ USB-C ကို ပြောင်းလဲ သုံးစွဲလာနိုင်ပါတယ်။ အနည်းဆုံးတော့ iPhone 15 Model တွေထဲက တလုံးမှာတော့ USB-C ကို ပြောင်းသုံးလာနိုင်တယ်လို့ သတင်းတပုဒ်က ဆိုထားပါသေးတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် Apple အနေနဲ့ အားသွင်းပေါက်လုံး၀မပါတော့မယ့် Portless iPhone ဆီကိုပဲ တန်းသွားမလား၊ EU တို့လို့ Regulator တွေလည်းကျေနပ်၊ သုံးစွဲသူတွေလည်း နှစ်သက်ကြမယ့် USB-C iPhone ကိုပဲသွားမလား၊ Lightning Port ကိုပဲ ဆက်သုံးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Source
9to5MacThe VergeMacRumorsThe VergWikipediaDigitalTrends
Back to top button