Redmi Note 5 Pro ဟာ Xiaomi ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတလုံးဖြစ်ပြီး ပိုမိုဈေးသက်သာတဲ့ Redmi Note 5 နဲ့အတူ အိန္ဒိယဈေးကွက်မှာ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Xiaomi အနေနဲ့ ပိုဈေးကြီးတဲ့ Model တွေကို ရောင်းချပေမယ့်လည်း ဒီ Redmi Note Series ဟာ ရောင်းအားအကောင်းဆုံးဖြစ်ပြီး Xiaomi အတွက် အရေးကြီးတဲ့ Series လည်း ဖြစ်ပါတယ်။
ပိုရှည်လာတဲ့ အချိုးပါဝင်တဲ့ Display၊ ရှေ့နောက် ကင်မရာအသစ်၊ ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ Processor အသစ်၊ ပိုမြန်တဲ့ Memory နဲ့အတူ အရင်လိုပဲ ကြီးမားတဲ့ ဘက်ထရီ ပါဝင်လာပါတယ်။
Xiaomi အနေနဲ့ Snapdragon 636 ကို တပ်ဆင်ပေးထားတာက တခြားပြိုင်ဖက်တွေထက် ပိုသာတဲ့ အခြေအနေကို ပြလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် မော်ဒယ်မြင့် စမတ်ဖုန်းတွေမှာသာ ပါဝင်လေ့ရှိတဲ့ LPDDR4X Memory နဲ့ တွဲဖက်ပေးထားပါသေးတယ်။ နောက်ပြီး ဒီဖုန်းမှာတပ်ဆင်ပေးထားတဲ့ ကင်မရာဟာ Xiaomi ရဲ့ ကောင်းဆုံး ကင်မရာတွေထဲက တခုဖြစ်ပါတယ်။
Xiaomi Redmi Note 5 Pro specs
- Body: Plastic + Aluminum
- Screen: 5.99-inch, 2160×1080 IPS LCD, 403 PPI
- Rear Camera: 12MP (1.25μm), f2.2, Sony IMX 486 PDAF primary, 5MP (1.12μm), f2.0, Samsung depth sensor; 1080p video
- Front Camera: 20MP (1.0μm), f2.2 Sony IMX 376, LED flash; 1080p video
- Chipset: 14nm Qualcomm Snapdragon 636, Kryo 260 (4x Cortex-A73 @ 1.8GHz + 4x Cortex-A53 @ 1.6GHz), Adreno 509
- Memory: 4/6GB LPDDR4X, 64GB eMMC 5.0 + microSD (up to 128GB)
- OS: Android 7.1.1; MIUI 9
- Battery: 4000mAh; Quick Charge 2.0
- Connectivity: Hybrid dual SIM (4G+3G), 4G VoLTE, dual-band Wi-Fi 802.11ac, Bluetooth 5.0, GPS/GLONASS/BeiDou, Wi-Fi Direct, FM Radio, IR blaster, microUSB, headphone jack
- Misc: Fingerprint sensor, face unlock (coming later)
Design
Redmi Note 5 Pro ဟာ သူ့အရင်ထွက်ခဲ့တဲ့ ဖုန်းနဲ့ လုံးဝကို ပြောင်းလဲသွားတဲ့ ကိုယ်ထည် ပါဝင်လာပါတယ်။ ပိုမိုရှည်လျားတဲ့ 18:9 အချိုးရှိတဲ့ Display ပါဝင်ပြီး ဒေါင့်အနားတွေဟာလည်း အနည်းငယ် လုံးဝန်းပါတယ်။ Display ရဲ့ ဘေးအနားတွေဟာ အရင်ကထက် ပိုမိုသေးငယ်သွားပေးမယ့် အသေးဆုံးတွေထဲမှာတော့ မပါဝင်ပါဘူး။
ကံမကောင်းစွာနဲ့ပဲ အရောင်လေးမျိုးမှာ ၃ မျိုးရဲ့ ရှေ့ဘက်မျက်နှာပြင်ဟာ အဖြူနဲ့ပဲ လာပါတယ်။ ဒါကြောင့် ဖုန်းဟာ ဘေးဘောင်မဲ့ ဒီဇိုင်းပုံစံနဲ့ အမြင်ရှိစေမယ့်အစား Display နဲ့ ဘေးဘောင် စပ်ဆက်နေတာကို ထင်ထင်ရှားရှားမြင်ရစေပါတယ်။ ဖုန်းကို ဒေါင်လိုက်အနေအထား အသုံးပြုနေချိန်မှာ ဒါဟာ မသိသာပေမယ့် အလျားလိုက်အနေအထားနဲ့ ဗီဒီယိုကြည့်တာလိုမျိုး ပြုလုပ်နေချိန်မှာ ဒီအနားသားတွေဟာ ထင်ရှားလွန်းနေတာကြောင့် အမြင်အာရုံကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အနက်ရောင် Version မှာတော့ ရှေ့မျက်နှာပြင်ဟာလည်း အနက်ဖြစ်တာကြောင့် Display နဲ့ ဘေးဘောင်းတွေဟာ ရောနေပြီး တသားတည်းလို့ ခံစားရတာကြောင့် အမြင်မှာ ပိုမိုကောင်းမွန်စေမှာပါ။
ဖုန်းရဲ့ ညာဘက်ခြမ်းမှာတော့ Power Button နဲ့ Volume Button ကိုတပ်ဆင်ပေးထားပြီး တခြားတဘက်မှာတော့ Hybrid SIM Tray ပါဝင်ပါတယ်။ Power Button နဲ့ Volume Button ဟာ ဖိနှိပ်အသုံးပြုတဲ့အခါ ပျော့လွန်းခြင်း မာလွန်းခြင်းမရှိဘဲ တော်တေ်ာလေး ကောင်းမွန်တာ တွေ့ရပါတယ်။
နောက်ကျောဘက်က ကြည့်မယ်ဆိုရင် ဖုန်းဟာ မြင်ဖူးနေကျပုံစံ ဖြစ်နေပါတယ်။ တကယ်လို့ ကင်မရာနေရာကိုသာ လက်နဲ့ ကွယ်ထားလိုက်မယ်ဆိုရင် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ တခြား Xiaomi ဖုန်းတွေနဲ့ တော်တော်လေးဆင်တူနေတာ တွေ့ရပါတယ်။ ကင်မရာဟာ နောက်ကျောဘက်ကို သိသိသာသာ ပိုထွက်နေတာကြောင့် စားပွဲခုံပေါ်လိုမှာမျိုး မာကြောတဲ့အရာတွေပေါ် ထားရှိသုံးစွဲတဲ့အခါ မညီမညာဖြစ်နေစေပါတယ်။
သဘောမကျစရာအနည်းငယ်ကလွဲရင် ဒီဇိုင်းပိုင်းအနေနဲ့ တဖြည်းဖြည်းချင်းပြင်ဆင်ရင်း အရင်နှစ်တွေကထက် ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်။ ရှေ့မျက်နှာပြင်က Glass ဟာ ဘေးအစွန်လေးတွေမှာ အနည်းငယ် ကွေးညွှတ်နေပြီး Gorilla Glass နဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်ကို သတ္တုနဲ့ ပြုလုပ်ထားပြီး ကွေးညွှတ်အောင် ပြုလုပ်ပေးထားတာကြောင့် ကိုင်တွယ်တဲ့အခါ လက်ထဲမှာ မြဲမြဲမြံမြံ ရှိစေပါတယ်။ ဒါ့အပြင် ဒီ သတ္တုနောက်ကျောဟာ အပေါ်ပိုင်းနဲ့ အောက်ခြေပိုင်းတွေမှာရှိတဲ့ ပလပ်စတစ်ကာဗာတွေနဲ့ ရောစပ်နေပြီး အရောင်အသွေးပါ တူညီတာ တွေ့ရပါတယ်။ ဒီ ဒီဇိုင်းပိုင်း အပြင်အဆင်ဟာ တခြား Redmi ဖုန်းတွေထက် အနည်းငယ် ပိုမိုကောင်းမွန်တဲ့ ပုံပေါက်ပေမယ့် ကိုယ်လုံးပြည့် အလူမီနီယံ ကိုယ်ထည်တွေလောက် ကောင်းမွန်မှုမရှိတာတွေ့ရပါတယ်။
ဒါ့အပြင် ဒီဖုန်းဟာ ကြီးမားပြီး လေးလံတဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ သူ့အရင်ထွက်ခဲ့တဲ့ Model ထက် သိသိသာသာ ပိုမိုရှည်လျားတာကြောင့် လက်ချောင်းသေးငယ်တဲ့ သူတွေအတွက် ဖုန်းရဲ့ ပေါ်ထိပ်ပိုင်းထိရောက်ရှိကိုင်တွယ်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါ့အပြင် အလေးချိန်ဟာလည်း သိသိသာသာပိုများတာ ကြောင့် တချို့သုံးစွဲသူတွေအတွက် ဝယ်ယူဖို့ တွန့်ဆုတ်နိုင်ပါတယ်။
Display
Redmi Note 5 Pro မှာ 5.99 လက်မရှိတဲ့ 18:9 အချိုး IPS LCD Display ပါဝင်ပြီး Resolution ကတော့ 2160×1080 pixel ရှိပါတယ်။ ဒီ Display မှာ Color, Contrast နဲ့ Temperature တွေကို ချိန်ညှိဖို့ Setting အမျိုးမျိုး ပါဝင်တာ တွေ့ရပါတယ်။ ပုံမှန်အနေနဲ့ Automatic Mode ကို ရွေးချယ်ပေးထားပြီး ပတ်ဝန်းကျင်ရဲ့ အလင်းရောင်အလိုက် Contrast ကို ချိန်ညှိပေးမှာ ဖြစ်ပါတယ်။ Increased Contrast Mode အနေနဲ့ ပိုမိုမြင့်မားတဲ့ Contrast ကို ရွေးချယ်ထားမှာဖြစ်ပြီး Saturation ကိုတော့ ပိုအေးတဲ့ အရောင်ကာလာနဲ့ ချိန်ညှိပေးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Standard Mode ကို ရွေးချယ်နိုင်ပြီး ဒါကတော့ သဘာဝနဲ့ ပိုမိုနီးစပ်တဲ့ အရောင်၊ Contrast နဲ့ Color Temperature ကို ရွေးချယ်ပေးမှာဖြစ်ပြီး sRGB တန်ဖိုးတွေနဲ့ ပိုမိုနီးစပ်အောင် ချိန်ညှိပေးထားတာ ဖြစ်ပါတယ်။
Xiaomi အနေနဲ့ Color Preset တွေကို ယခုနောက်ပိုင်း ခေတ်စားနေတဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ sRGB နဲ့ DCI-P3 အရောင်တွေအတိုင်း ပြုလုပ်ပေးဖို့ မျှော်လင့်မိပေမယ့် အခု Standard Mode မှာပါတဲ့ အရောင်တွေကို လက်ခံနိုင်တဲ့ အတိုင်းအတာတော့ ရှိနေပါတယ်။ Standard Mode မှာ ပုံအရည်အသွေးဟာ တော်တော်လေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် Display ဟာ မျက်နှာပြင်ပေါ်က Glass နဲ့ နီးကပ်စွာ ရှိနေတာကြောင့် ပုံရိပ်တွေကို ပိုပြီး အသက်ဝင်စေပါတယ်။
Software
Redmi Note 5 Pro ကို Android 7.1.1 ကို အခြေခံထားတဲ့ MIUI 9 ထည့်သွင်းပေးထားပါတယ်။ အခု Redmi Note 5 Pro ရဲ့ MIUI 9 ဟာ တခြား MIUI 9 ပါဝင်တဲ့ Xiaomi Device တွေနဲ့ အနည်းနဲ့အများ ဆင်တူတာ တွေ့ရပါတယ်။ Hardware မတူညီမှုအပေါ်မှာပဲ အနည်းငယ် ခြားနားတာကြောင့် Camera App လိုမျိုးနေရာတွေမှာကလွဲရင် တခြား MIUI 9 ပါဝင်တဲ့ ဖုန်းတွေမှာလို အခုလည်း အသုံးပြုရတာ အတူတူပဲ ဖြစ်ပါတယ်။
ဒါကြောင့် အားသားချက်နဲ့ အားနည်းချက်တွေကိုပဲ ပြောပြချင်ပါတယ်။ အားသားချက်တွေအနေနဲ့ကတော့ Stock Android မှာ မပါဝင်တဲ့ လုပ်ဆောင်ချက်အမြောက်အများကို ထည့်သွင်းပေးထားပါတယ်။ Dual App ( App တမျိုးတည်းကို Account နှစ်ခုနဲ့ တပြိုင်နက် အသုံးပြုလို့ရအောင် နှစ်ကြိမ်သွင်းထားတာမျိုး၊ ဥပမာ Facebook App ကို နှစ်ခုပြိုင်ထည့်ထားတာမျိုး) လိုမျိုး လုပ်ဆောင်ချက်တွေ၊ App တွေကို Lock ချတာတွေ၊ မိမိ စိတ်ကြိုက် Themem ပြောင်းလဲလို့ ရတာတွေ၊ Second Space လို့ခေါ်တဲ့ ဖုန်းတလုံးအတွင်း Profile နှစ်ခုစာအတွက် သီးသန့်နေရာခွဲပေးနိုင်တာတွေ နဲ့ Caller ID လို့ခေါ်တဲ့ ကိုယ်မသိတဲ့ နံပါတ်တွေဆီကနေ ဖုန်းခေါ်တဲ့အခါ သတိပေးနိုင်ပြီး လူအများက ဒီနံပါတ်ကို Report ပေးတဲ့အခါ Spam Number တွေအဖြစ် သတ်မှတ်ပေးနိုင်တာ စတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။
Xiaomi အနေနဲ့ Localization တွေ အမြောက်အများလည်း ပြုလုပ်ထားတာကြောင့် ရထားလက်မှတ်လို SMS တွေဝင်ရောက်လာချိန်မှာ ဖတ်ဖို့ လွယ်ကူတဲ့ ပုံစံဖြစ်အောင် ပြင်ဆင်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ၊ Notification SMS တွေကို သီးသန့် Folder ခွဲပေးထားနိုင်တာတွေနဲ့ OTP (One Time Password) တွေကို အလွယ်တကူ Copy လုပ်လို့ရအောင် လုပ်ဆောင်ပေးနိုင်တာတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် File Format အတော်များများကို ဖွင့်လှစ်ပေးနိုင်တဲ့ Video Player လည်း ထည့်သွင်းပေးထားပါတယ်။
ဒါပေမယ့် MIUI ဟာ အခုချိန်အထိ တရုတ်ဈေးကွက်အတွက် အဓိက ဦးတည်ထားတဲ့ ဒီဇိုင်းအတိုင်း ရှိနေသေးပြီး တခြား တရုတ် ROM တွေလိုမျိုးပဲ iOS ရဲ့ လွှမ်းမိုးမှုတွေလည်း တော်တေ်ာ ရှိနေပါသေးတယ်။ UI နေရာ အတော်များများမှာ အဖြူရောင်ကို အလွန်အကျွံ အသုံးပြုထားတာ၊ App Drawer မပါရှိတာ၊ icon တွေ အားလုံး လေးထောင့် Border တွေဖြစ်အောင် ပြုလုပ်ထားတာတွေဟာ iOS ရဲ့ လွှမ်းမိုးမှုတွေ ရှိနေတာကို ဖော်ပြနေပါတယ်။ ဒါ့အပြင် Xiaomi အနေနဲ့ နောက်ဆုံးထွက် Android Version မှာ ပါဝင်တဲ့ လုပ်ဆောင်ချက် တွေအတော် များများကိုလည်း ထည့်သွင်းမပေးသေးတာ တွေ့ရပါတယ်။ ဥပမာ Notification တွေကို အခုထိ Expand လုပ်ကြည့်လို့ မရသေးပါဘူး။ မူရင်း App တော်တော်များများမှာ Menu ကို သွားဖို့ Multitasking Button ကို ကြာကြာဖိထားပြီးမှ Menu ကို ခေါ်ယူလို့ရတာတွေလည်း ခုထိရှိပါသေးတယ်။ ဒါလုပ်ဆောင်ချက်ဟာ မူရင်း Android မှာ နှစ်တော်တော်ကြာကြာတည်းက မရှိတော့ပါဘူး။
Xiaomi အနေနဲ့ အသုံးပြုသူတွေအတွက် ပိုမိုအသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေကို MIUI မှာ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် ခေတ်နောက်ကျနေတဲ့ UI ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး Apple ရဲ့ ဒီဇိုင်းပုံစံတွေအစား Google ရဲ့ ဒီဇိုင်းဂိုက်လိုင်းတွေနဲ့ အညီပြင်ဆင်သင့်ပါတယ်။
Performance
Redmi Note 5 Pro ဟာ Qualcomm ရဲ့ Snapdragon 636 processor တပ်ဆင်ထားတဲ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။ ARM ရဲ့ Cortex-A73 နဲ့ Cortex-A53 CPU Core လေးခုစီ ပေါင်းစပ်ထားတဲ့ semi-custom Kryo 260 CPU ပါဝင်ပါတယ်။ ဒီဖုန်းကို သုံးစွဲကြည့်တဲ့အခါ သူ့အရင်ကထွက်ခဲ့တဲ့ Model ထက် သိသိသာသာ မြန်ဆန်သွက်လက်တာကို တွေ့ရပါတယ်။ တယောက်ယောက်ကနေ ဒီဖုန်းမှာ Snapdragon 835 ပါတယ်လို့ ပြောရင် အလွယ်တကူ ယုံမိလောက်စေပါတယ်။ တခါတရံမှာတော့ App တွေ Scroll လုပ်တာ၊ ဖွင့်လှစ်တာတွေမှာ ထစ်သွားတာတွေ ရှိပေမယ့် ဒါတွေကို Software Optimize လုပ်ပြီး အလွယ်တကူ ပြင်ဆင်နိုင်ပါတယ်။
ဒီလိုမျိုး ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ရရှိတာရဲ့ နောက်တချက်ကတော့ ပိုမိုဈေးကြီးတဲ့ LPDDR4X Memory ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ Memory ဈေးတွေ တက်နေချိန်မှာ ဒါကို အသုံးပြုဖို့ ရွေးချယ်တာကလည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လို့ ပြောလို့ပြောလို့ရပါတယ်။
Graphic စွမ်းဆောင်ရည်အနေနဲ့လည်း အနည်းငယ် တိုးတက်လာတာ တွေ့ရပါတယ်။ GPU အနေနဲ့ CPU ပိုင်းမှာလောက် သိသိသာသာ တိုးတက်လာတာမျိုး မဟုတ်ပေမယ့် များသောအားဖြင့် Game အားလုံးနီးပါးကို ဆော့ကစားနိုင်အောင် လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒီဖုန်းအနေနဲ့ ဂိမ်းဆော့နေချိန်တွေမှာလည်း အပူချိန်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်တာတွေ့ရပါတယ်။
Connectivity
ဖုန်းပြောဆိုရာမှာလည်း ခေါ်ဆိုမှု အရည်အသွေးနဲ့ Network ပိုင်း စွမ်းဆောင်ရည်မှာ ကောင်းမွန်တာ တွေ့ရပါတယ်။ Earpiece နဲ့ Loud Speaker နှစ်ခုလုံးမှာ အသံတွေကို ကြည်ကြည်လင်လင်ကြားရပြီး Loud Speaker ဟာလည်း Ringtone ကို ကောင်းမွန်စွာ ကြားနိုင်လောက်တဲံအထိ ကျယ်လောင်တာ တွေ့ရပါတယ်။ ဒါပေမယ့် သီချင်းနားထောင်ဖို့အတွက်တော့ သိပ်မကောင်းမွန်ပါဘူး။
ဒါ့အပြင် ဒီဖုန်းမှာ WiFi 802.11ac နဲ့ Bluetooth 5.0 ကို တိုးမြှင့် တပ်ဆင်ပေးထားပါတယ်။ IR Sensor လည်း ပါဝင်ပြီး Mi Remote App ဟာလည်း တခြား Electronics ပစ္စည်းတော်တော်များများနဲ့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။ ဒီဖုန်းမှာ Headphone Jack နဲ့ FM Radio လည်း ပါဝင်ပါတယ်။
စိတ်ပျက်စရာတခုကတော့ MicroUSB ကိုပဲ ဆက်လက် သုံးစွဲထားတာဖြစ်ပါတယ်။ ၂၀၁၈ မှာ ထုတ်တဲ့ ဖုန်းတွေ အနေနဲ့ ဒါကိုဆက်သုံးနေတာ မဖြစ်သင့်တော့ပါဘူး။ နောက်တခုကတော့ Hybrid SIM ပဲ ဖြစ်ပါတယ်။ SIM Card နှစ်ကဒ်ကို တပြိုင်တည်း အသုံးပြုချင်တယ်ဆိုရင် MicroSD Card ကို ထည့်သွင်း သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ သိုလှောင် သိမ်းဆည်းဖို့ 64GB ထည့်သွင်းပေးထားပေမယ့် တခြား ပြိုင်ဘက်ဖုန်းတွေမှာလို Dual SIM Slot နဲ့ MicroSD Card Slot တွေကို သီးခြားစီ ထည့်သွင်းပေးထားတာကို ပိုမို သဘောကျပါတယ်။
Camera
Redmi Note 5 Pro မှာ 12MP Primary Camera နဲ့ 5MP Depth Sensor ပါဝင်တဲ့ Dual Camera တပ်ဆင်ပေးထားပါတယ်။ ဒါဟာ နောက်ကျောဘက်မှာ Dual Camera ပါဝင်တဲ့ ပထမဆုံး Redmi Note ဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ 20MP Camera နဲ့အတူ LED Flash ပါ ပါဝင်ပါတယ်။
Camera Application ဟာ တခြား MIUI 9 Device တွေမှာပါဝင်တဲ့ ဆင်တူပေမယ့် Portrait Mode အတွက် Option ထပ်မံထည့်သွင်းပေးထားပါတယ်။ Option တွေအားလုံးဟာ iOS Camera App မှာလိုပဲ အောက်ခြေဘက်မှာ ထည့်သွင်းပေးထားပါတယ်။ အပေါ်ဘက်ပိုင်းမှာ HDR Mode ကို အဖွင့်အပိတ်လုပ်ဖို့ ပါဝင်ပြီး နောက်ကျောဘက်ကင်မရာအတွက် Auto HDR Mode မပါဝင်ပါဘူး။ (ဒါပေမယ့် ရှေ့ဘက်ကင်မရာအတွက်တော့ ပါဝင်တာ တွေ့ရပါတယ်) ဒါ့အပြင် Filter အသစ်တွေပါဝင်တဲ့ Filter Mode လည်း ပါဝင်ပါတယ်။
Redmi ဖုန်းတွေမှာပါဝင်တဲ့ Camera App ဟာ Mi Phone တွေမှာပါဝင်တဲ့ Camera app ကို အခုထိ မမီသေးတာ တွေ့ရပါတယ်။ HDR Auto Mode မပါဝင်သေးသလို Pro Mode မှာလည်း White Balance နဲ့ ISO ချိန်ညှိတာတွေကိုပဲ လုပ်ဆောင်နိုင်ပါသေးတယ်။ ဒါပေမယ့် သာမန်ဓာတ်ပုံရိုက်ကူးတာတွေအတွက်တော့ ကောင်းကောင်းအလုပ်လုပ်တယ်လို့ ဆိုရမှာပါ။
ဓာတ်ပုံအရည်အသွေးပိုင်းအနေနဲ့ အလင်းကောင်းမွန်စွာရရှိတဲ့ အခြေအနေမှာ တော်တော်ကောင်းမွန်တာ တွေ့ရပါတယ်။ Xiaomi ရဲ့ Image Processing ဟာ တော်တော်လေးကောင်းမွန်ပြီး ဓာတ်ပုံတွေကို အနီးကပ် ကြည့်ရှုတာတောင်မှ အရည်အသွေးကောင်းမွန်တာ တွေ့ရပါတယ်။ ၁၀၀% Zoom ဆွဲကြည့်ရှုတဲ့အခါမှာလည်း ဓာတ်ပုံအရည်အသွေး အရမ်းကျမသွားတာ တွေ့ရပါတယ်။ အရောင်နဲ့ White Balance ဟာလည်း မှန်ကန် တည်ငြိမ်တာ တွေ့ရပြီး ပုံအားလုံးဟာ မျှော်လင့်ထားသလို ထွက်လာတာကို တွေ့ရပါတယ်။
Xiaomi ဟာ HDR Processing ကို မှန်ကန်စွာ လုပ်ဆောင်တဲ့ ကုမ္ပဏီအနည်းငယ်မှာ တခုအပါအဝင်ဖြစ်ပါတယ်။ HDR ကို ဖွင့်ထားမယ်ဆိုရင် အရိပ်ထဲက အချက်အလက်တွေနဲ့ အလင်းထဲက အချက်အလက်တွေနှစ်ခုလုံးကို ဆွဲယူပြီး ပေါင်းစပ်ပေးပါတယ်။ တခြား ကုမ္ပဏီအများစုဟာ အရိပ်ထဲက အချက်အလက်တွေကိုပဲ ဦးစားပေးပြီး ယူဆောင်တာ တွေ့ရပါတယ်။ HDR Mode မှာရိုက်ကူးထားတဲ့ ပုံတွေရဲ့ အချက်အလက်ပုံရိပ်တွေဟာ စိတ်ကျေနပ်စရာကောင်းပါတယ်။
အလင်းအားနည်းချိန် ရိုက်ကူးတဲ့ ပုံရိပ်တွေဟာလည်း တော်တော်လေး ကောင်းမွန်တာ တွေ့ရပါတယ်။ Noise တွေကို ကောင်းမွန်စွား ထိန်းချုပ်နိုင်ပြီး အလင်းအရမ်းအားနည်းနေချိန်တွေမှာသာ ပုံရိပ်ကို Soft ဘက်ပိုများသွားတာ ဖြစ်စေပါတယ်။ အရောင်နဲ့ White Balance ဟာလည်း မှန်ကန်စွာ ချိန်ညှိပေးနိုင်တာတွေ့ရပါတယ်။ Pixel 2 တို့ iPhone X တို့လို ဖုန်းအမျိုးအစားမဟုတ်ပေမယ့်လည်း အလင်းအားနည်းတာတွေကို သူ့နည်းသူ့ဟန်နဲ့ ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်တာ တွေ့ရပါတယ်။
Portrait Mode ဟာလည်း မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်တာ တွေ့ရပါတယ်။ ပုံရိပ်အစွန်းတွေကို ခန့်မှန်းတဲ့နေရာမှာလည်း ကောင်းမွန်ပြီး အရာဝတ္တုလား လူလားဆိုတာကို ခွဲခြားပေးနိုင်သလို Background နဲ့ ရှေ့ဘက် Foreground ကို ခွဲခြားတဲ့နေရာမှာလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ နောက်ခံ Background ကို ဝါးပေးတဲ့ Blur Effect ကို ပြုလုပ်ပေးရာမှာ တခြားဖုန်းတွေလောက် ဆိုးရွားတာမျိုးတွေ မဖြစ်တာကြောင့် သဘာဝကျပေမယ့် တခါတရံမှာ ဝါးနေမှန်း မသိသာတာတွေလည်း ဖြစ်စေပါတယ်။
Video ရိုက်ကူးတဲ့နေရာမှာတော့ သိပ်သဘောကျစရာမကောင်းတာ တွေ့ရပါတယ်။ Chipset က ထောက်ပံ့ပေးပေမယ့် 4K Video ရိုက်ကူးနိုင်ခြင်း မရှိတာ ဟာ တော်တော်ဆိုးရွားတယ်လို့ ဆိုရမှာပါ။ ဒီဖုန်းနဲ့ တန်ဖိုးတူညီပြီး ပိုမိုနှေးတဲ့ Chipset ရှိတဲ့ တခြားဖုန်းတွေဟာ 4K ရိုက်ကူးနိုင်ကြပါတယ်။ ရိုက်ကူးနေစဉ်မြင်ရတဲ့ Video ရဲ့ အရည်အသွေးဟာလည်း Resolution နည်းလွန်းတာကြောင့် Focus ပြတ်မပြတ်ကြည့်ဖို့တောင် မလွယ်ကူတာ တွေ့ရပါတယ်။ တကယ့်ဗီဒီယိုရုပ်ထွက်ကတော့ အသင့်အတင့်ရှိပေမယ့် ပုံရိပ်တွေဟာ ကျစ်လစ်မှုမရှိဘဲ Dynamic Range အနေနဲ့လည်း အားနည်းတာ တွေ့ရတာကြောင့် ကောင်းမွန်တယ်လို့ မဆိုနိုင်ပါဘူး။ Electronic Image Stabilization အနေနဲ့ ကောင်းမွန်ပေမယ့် ကင်မရာကို လှည့်ပတ်ရိုက်ကူးရာမှာ ပုံရိပ်တွေ မတည်ငြိမ်တာ တွေ့ရပါတယ်။ ခြုံငုံပြောရမယ်ဆိုရင်တော့ ကင်မရာအနေနဲ့ စိတ်ကျေနပ်စရာကောင်းပြီး ကြည့်ကောင်းတဲ့ပုံတွေကို ထုတ်ပေးနိုင်ပါတယ်။
Battery
Battery သက်တမ်းအနေနဲ့ကတော့ Redmi Note 5 Pro ဟာ မျှော်လင့်ထားသလို အသုံးခံတာ တွေ့ရပါတယ်။ Screen-on time ၈ နာရီလောက်နဲ့ တနေကုန်အသုံးခံတာ တွေ့ရပါတယ်။ ဖုန်းကို သုံးစွဲတာ နည်းတဲ့ သူတွေအတွက် ၂ရက်စာလောက်ထိဘက်ထရီ အသုံးခံနိုင်ပြီး ပုံမှန်အသုံးပြုသူတွေအနေနဲ့ကတော့ တရက်လုံးစာကို ကောင်းကောင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အားသွင်းတဲ့အခါမှာတော့ အရမ်းစိတ်ကျေနပ်စရာမကောင်းဘူးလို့ ဆိုရမှာပါ။ ဒီဖုန်းဟာ Quick Charge 2.0 သာ ပါဝင်ပြီး အသုံးပြုထားတဲ့ Chipset အနေနဲ့ Quick Charge 4.0 အထိ အထောက်အပံ့ပေးနိုင်တာ တွေ့ရပါတယ်။
ဒါ့အပြင် ဖုန်းမှာ Fast Charger တပါတည်း ပါဝင်လာခြင်း မရှိဘဲ အသုံးပြုလိုပါက သီးသန့် ထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။ Fast Charger ကို သီးသန့်ဝယ်ယူမယ်ဆိုရင်တောင် စမ်းသပ်မှုအရ 10W Standard Charger နဲ့ 15W Quick Charge 3.0 Charger တို့နဲ့အားသွင်းကြည့်ရာမှာ အားသွင်းချိန် တူညီတာ တွေ့ရပြီး မိနစ် ၃၀ အားသွင်းတဲ့အခါ ၂၇% နဲ့ တနာရီကြာ အားသွင်းတဲ့အခါ ၅၅% အထိသာ အားသွင်းပေးနိုင်တာ တွေ့ရပါတယ်။
0 ကနေ 100% ထိ အားအပြည့်သွင်းဖို့ ၂ နာရီ ၂၀ မိနစ် ကြာတာ တွေ့ရပါတယ်။ ဒါကြောင့် အလျင်အမြန်အားသွင်းဖို့လိုမယ်ဆိုရင် ဒီဖုန်းဟာ အဆင်မပြေနိုင်သလို Micro USB ဟာလည်း USB C ကို ပြောင်းလဲနေချိန်ဖြစ်လောက် ရေရှည်မှာ အဆင်မပြေတာတွေ ကြုံလာရနိုင်ပါတယ်။
Conclusion
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ Redmi Note 5 Pro ဟာ စိတ်ကျေနပ်စရာ ဖုန်းတလုံး ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ Display၊ မြန်ဆန်သွက်လက်တဲ့ Processor၊ သဘောကျစရာ ကင်မရာနဲ့ အရင်လိုပဲ ကြာရှည်ခံတဲ့ ဘက်ထရီတို့ ပါဝင်ပါတယ်။ Xiaomi အနေနဲ့ပိုကောင်းအောင်လုပ်ဖို့ မျှော်လင့်မိတဲ့နေရာတော့ Software ပိုင်းပဲ ဖြစ်ပါတယ်။ MIUI အနေနဲ့ ဟိုးအရင်က လန်းတယ်လို့ ဆိုရပေမယ့် အခုအချိန်ဟာ 2012 မှာလိုမဟုတ်တော့သလို တချို့အနေနဲ့ iOS UI ကို iPhone တွေပေါ်မှာ မြင်ရတာတောင် မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် Andorid ကို Andoid အတိုင်းထားသင့်ပြီး Xiaomi အနေနဲ့ Software Design ပိုင်းကို Andoid Guidline တွေနဲ့အညီ ပြင်ဆင်ဖို့ ပြန်လည် စဉ်းစားသင့်ပါတယ်။ ဒါဟာ အခုခေတ်စားနေတဲ့ ဈေးကွက်တခုဖြစ်နေသလို တရုတ်ပြည်အပြင်ဘက်က သုံးစွဲသူတွေ မျှော်လင့်စောင့်စားနေတဲ့ အရာလည်း ဖြစ်ပါတယ်။
ပြိုင်ဖက်တွေနဲ့ယှဉ်မယ်ဆိုရင်တော့ Honor 9 Lite ရဲ့ အသွင်အပြင်ကို ကြိုက်ပေမယ့် Xiaomi Note 5 Pro မှာ Camera တို့ ဘက်ထရီတို့မှာ အားသာတာကြောင့် နှစ်ခုတည်းက ရွေးရမယ်ဆိုရင် Xiaomi Note 5 Pro ကိုပဲ ရွေးချယ်မှာဖြစ်ပါတယ်။ ဒီဖုန်းကို Android One နဲ့ပါ ထွက်ပေါ်လာဖို့ မျှော်လင့်မိပါတယ်။
Ref:GSMArena