AndroidFeaturedSamsung

Galaxy Note 20 နဲ့ Note 20 Ultra မဝယ်ယူခင် သိထားသင့်တဲ့ အချက်များ

Samsung အနေနဲ့ သူ့ရဲ့ Flagship စမတ်ဖုန်းတွေထဲက တခုဖြစ်တဲ့ Note Series အသစ်ကို August ၅ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းတွေကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း Galaxy Note 20 Ultra နဲ့ Galaxy Note 20 တို့ပဲဖြစ်ပါတယ်။ ဒီနှစ်ခုစလုံးဟာ သစ်လွင်ထားတဲ့ Hardware ပိုင်းတွေ၊ ပိုပြီး အသုံးဝင်လာတဲ့ Software ပိုင်းတွေ၊ ထိပ်တန်း Specifications တွေနဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။

ဒီဖုန်းတွေဟာ Screen ကြီးကြီး၊ ဒီဇိုင်းသန့်သန့်နဲ့ S Pen ပါဝင်တာကြိုက်တဲ့သူတွေ၊ ကင်မရာကောင်းကောင်းနဲ့ Specifications မြင့်မြင့်ဖုန်းတွေကို လိုချင်သူတွေအတွက် သင့်တော်တဲ့ ဖုန်းအမျိုးအစားတွေအဖြစ် ထိပ်ဆုံးက ရှိနေမယ့်ဖုန်းတွေလို့ပြောရင် မမှားပါဘူး။ Galaxy Note 20 Ultra အနေနဲ့ အရောင်အားဖြင့် သုံးမျိုးလာပြီး Mystic Black လို့ခေါ်တဲ့ အနက်ရောင်၊ Mystic Bronze လို့ခေါ်တဲ့ ကြေးနီရောင်နဲ့ Mystic White လို့ခေါ်တဲ့ အဖြူရောင်တွေအနေနဲ့ ရရှိနိုင်ပါတယ်။ စျေးနှုန်းအားဖြင့် နိုင်ငံတကာမှာ ဒေါ်လာ ၁၂၉၉ ကျသင့်မှာဖြစ်ပြီး ပြည်တွင်းမှာတော့ 1,659,000 ကျပ်နဲ့ Pre-order လက်ခံနေပါတယ်။

Galaxy Note 20 အနေနဲ့လည်း အရောင် ၃ ရောင် ရရှိနိုင်ပြီး အရောင်အားဖြင့် Mystic Black, Mystic Bronze နဲ့ Mystic Green တို့ပဲဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ နိုင်ငံတကာမှာ ၉၉၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး ပြည်တွင်းမှာတော့ 1,299,000 ကျပ် နဲ့ Pre-order လက်ခံနေပါတယ်။

Galaxy Note 20 Ultra

ပထမဆုံး Original Note စတင်မိတ်ဆက်စဉ်က Screen Size အကြီးကြီးနဲ့ ပုံမှန်မဟုတ်တဲ့ ဖုန်းတစ်လုံးအဖြစ် ယူဆခဲ့ကြပေမယ့် အံ့အားသင့်စွာပဲ သုံးစွဲသူအများအပြား ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ပဲ စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ Screen ကြီးကြီးနဲ့ ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာခဲ့ကြပါတယ်။ Galaxy Note 20 Series အနေနဲ့ ဒီ DNA ကို ဆက်လက်ထိမ်းသိမ်းထားပြီး Screen Size ကြီးကြီး၊ Specification အမြင့်နဲ့ ဖုန်း Series တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ မကြာသေခင်နှစ်ပိုင်းက Note 7 အနေနဲ့ မီးလောင်ပေါက်ကွဲတာတွေဖြစ်ပြီး ပြန်လည် သိမ်းဆည်းခဲ့ရပေမယ့် အဲ့ဒီနောက်နှစ်မှာပဲ Galaxy Note 8 ကို ပြန်လည်ထုတ်လုပ်နိုင်ခဲ့ကာ အခုထိ တည်တည်ငြိမ်ငြိမ်ရှိနေဆဲဖြစ်ပါတယ်။

တခြား Smartphone ထုတ်လုပ်သူတွေအနေနဲ့ ကြီးမားတဲ့ Battery တွေ၊ Refresh Rate မြန်တဲ့ Screen တွေ၊ Megapixel အမြင့်တွေနဲ့ ကင်မရာတွေ၊ ထိပ်တန်း Processor တွေနဲ့ အတူ စမတ်ဖုန်းစျေးကွက်ကို ပြိုင်ဆိုင်ချဲ့ထွင်နေကြပေမယ့် Galaxy Note 20 နဲ့ Note 20 Ultra တွေကတော့ ဒါတွေအားလုံးပေါင်းစပ်ပါဝင်တဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုအဖြစ် ရှိနေပါတယ်။

ဒီ Note 20 ဖုန်းနှစ်ခုလုံးမှာ Aluminum ဘေးဘောင်တွေပါဝင်ပြီး ရှေ့မျက်နှာပြင်မှာတော့ Gorilla Glass တွေ ပါဝင်ပါတယ်။ Note 20 Ultra ရဲ့ ‌ှေရှ့မျက်နှာပြင်မှာတော့ နောက်ဆုံးထွက် Gorilla Glass Victus ကို တပ်ဆင်ပေးထားပြီး စျေးသက်သာတဲ့ Galaxy Note 20 မှာတော့ Gorilla Glass 6 ကို တပ်ဆင်ပေးထားပါတယ်။ Note 20 Ultra ရဲ့နောက်ကျောမှာလည်း Gorilla Glass ကိုပဲ တပ်ဆင်ပေးထားပြီး ၉၉၉ ဒေါ်လာတန် Note 20 ရဲ့နောက်ကျောမှာ ပလပ်စတစ်ကိုပဲ တပ်ဆင်ပေးထားတာကတော့ စိတ်ပျက်စရာပါ။ Samsung အနေနဲ့ ဒါကို Glasstic လို့ နာမည်ပေးထားပေးမယ့် ပလပ်စတစ်ဟာ ပလပ်စတစ်ပါပဲ။

Galaxy Note 20

Note 20 Ultra အနေနဲ့ 8.1 mm ထူပြီး Note 20 ကတော့ 8.3 mm ထူပါတယ်။ Note 20 Ultra ရဲ့ Display က ၆.၉ လက်မထိရှိလာပြီး Note 20 ရဲ့ Display ကတော့ ၆.၇ လက်မရှိပါတယ်။ ဒါဟာ အရင်က Note 10 တွေထက် ပိုကြီးလာတာပါ။ Note 20 Ultra မှာ Resolution ပိုမိုမြင့်မားတဲ့ WQHD+ Display ပါဝင်လာပြီး Refresh Rate အနေနဲ့ 120Hz ရှိပါတယ်။ Super AMOLED 2 နည်းပညာကို အသုံးပြုထားပါတယ်။

အတွင်းပိုင်းမှာတော့ နောက်ဆုံးထွက် Snapgradon 865 plus Processor ကို အသုံးပြုထားပါတယ်။ Snapgradon 865 Plus ဟာ 865 ကို Clock Speed မြှင့်ထားတဲ့ အဆင့်မြင့် Version ပဲဖြစ်ပါတယ်။ Memory ပိုင်းနဲ့ Storage ပိုင်းတွေအတွက် ရွေးချယ်စရာတွေကတော့ မနှစ်ကအတိုင်းပဲဖြစ်ပါတယ်။ Note 20 အနေနဲ့ RAM 8GB ၊ Storage 128GB အနေနဲ့ ရွေးချယ်နိုင်ပြီး၊ Note 20 Ultra မှာတော့ RAM 12GB နဲ့အတူ Storage အနေနဲ့ 128GB ဒါမှမဟုတ် 512GB အဖြစ် ရွေးချယ်နိုင်ပါတယ်။ Note 20 မှာ microSD Card ထပ်စိုက်လို့ရမှာမဟုတ်ပေမယ့် Note 20 Ultra မှာတော့ microSD Card ထပ်စိုက်လို့ရမှာပါ။

Samsung အနေနဲ့ S20 Series က ကင်မရာစနစ်ကို Note 20 ဆီယူဆောင်လာပါတယ်။ Note 20 Ultra ရဲ့ Main Camera အနေနဲ့ 108MP Sensor ပါဝင်ပြီး ဘေးမှာ IR Focusing Sensor ပါဝင်ထောက်ပံ့ပေးထားပါတယ်။ 12 MP ရှိတဲ့ Telephoto Camera လည်း ပါဝင်ပြီး Optical Zoom ၅ ဆအထိ ဆွဲယူရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် 12MP ရှိတဲ့ Ultra Wide Camera လည်း ပါဝင်ပါတယ်။

Note 20 မှာတော့ 12MP ရှိတဲ့ Main Camera နဲ့အတူ 64MP ရှိတဲ့ Telephoto Camera၊ 12MP Ultra Wide Camera တို့ ပါဝင်ပါတယ်။

နှစ်ခုလုံးမှာ 10MP ရှိတဲ့ Selfie Camera တွေ ပါဝင်ပါတယ်။

S Pen မှာလည်း Features အသစ်တွေပါဝင်လာပါတယ်။ Pressure Level ကို ပိုပြီး သိလာပြီး စာရေးတဲ့အခါမျိုးတွေမှာ စာရွက်ပေါ်ရေးသလိုမျိုး ပိုပြီး ခံစားရစေပါတယ်။ Pressure Level ကို ပိုသိလာတာကြောင့် ဖုန်း Screen ပေါ်ရေးခြစ်လိုက်ချိန်မှာ ချက်ချင်းတုန့်ပြန်ပြီး Screen ပေါ်မှာ မြန်မြန်ဆန်ဆန် ဖော်ပြပေးနိုင်လာပါတယ်။ Samsung Notes App ဟာလည်း ပိုမို ကောင်းမွန်လာပြီး Phone တွေ၊ Tablet တွေနဲ့ Computer တွေကြားမှာ အဆင်ပြေပြေ Sync လုပ်ပေးနိုင်လာပါတယ်။ PDF ဖိုင်တွေကို Highlight လုပ်တာလိုမျိုး တွေမှာလည်း ပိုပြီး အဆင်ပြေလာပါတယ်။

Gesture အသစ် ၄ မျိုးလည်း ပါဝင်လာပြီး S Pen ကို အသုံးပြုကာ App မျိုးစုံအတွက် သီချင်းတွေကို ကျော်တာ၊ PowerPoint Slide တွေကို ပြောင်းတာလိုမျိုး လုပ်ဆောင်ချက်အစုံကို Gesture သုံးပြီး စေခိုင်းနိုင်မှာဖြစ်ပါတယ်။ Samsung ဖုန်းတွေ အနေနဲ့ အသံဖမ်းတာနဲ့ စာတွေရေးမှတ်တာကို တပြိုင်နက် ပြုလုပ်နိုင်ပါတယ်။ ရေးထားတဲ့စာတွေကို ထိလိုက်တာနဲ့ သက်ဆိုင်ရာ အသံဖိုင်ကိုလည်း ပြပေးနိုင်ပါတယ်။ Samsung ရဲ့ DeX ဟာလည်း ကြိုးမလိုတော့ပဲ Wireless အသုံးပြုနိုင်လာပါပြီး။ TV ဒါမှမဟုတ် Monitor ပေါ် Cast လုပ်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Microsoft နဲ့ Xbox တို့နဲ့ ချိတ်ဆက်ထားတာကလည်း ဖုန်းကို အသုံးပြုပြီး အလုပ်လုပ်တာ Game ကစားတာတွေမှာ ပိုမိုအဆင်ပြေလာပါတယ်။ ဥပမာအနေနဲ့ Galaxy Note 20 အသုံးပြုသူတွေအနေနဲ့ သူတို့ဖုန်းကို Windows 10 အသုံးပြုထားတဲ့ ကွန်ပျူတာတွေနဲ့ ချိတ်ဆက်ပြီး ဖုန်းထဲက Applications တွေကို ကွန်ပျူတာပေါ်မှာ တိုက်ရိုက်အသုံးပြုနိုင်လာတော့မှာပါ။ ဒါ့အပြင် Message ပို့တာ၊ Notifications တွေကို ကြည့်ရှုတာ၊ ထိမ်းချုပ်တာ၊ ဓာတ်ပုံတွေကူးတာတွေအပြင် ဖုန်းခေါ်တာတွေကိုပါ ကွန်ပျူတာပေါ်ကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဖုန်းထဲက App တွေကို ကွန်ပျူတာရဲ့ Taskbar ပေါ်မှာ Pin လုပ်ထားနိုင်မယ်လို့ ဆိုပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ Note 20 အသုံးပြုသူတွေအနေနဲ့ App အများကြီးကို အပြိုင်ဖွင့်ပြီး အသုံးပြုနိုင်လာမယ်လို့ Samsung က ပြောကြားထားပါတယ်။

Windows 10 ပေါ်မှာ Android App တွေကိုလည်း အသုံးပြုနိုင်လာမှာပါ

Xbox Game ၁၀၀ ကျော်ကိုလည်း Xbox Game Pass ကတဆင့် Galaxy Note 20 ဖုန်းတွေပေါ်မှာ ဆော့ကစားနိုင်ဦးမှာပါ။ Note 20 Ultra မှာ Game Booster ပါဝင်ပြီး Touch တွေကို တုန့်ပြန်နှုန်းဟာ 240Hz ရှိတာကြောင့် Game ဆော့လို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Note 20 Ultra နဲ့ Note 10 Plus ဘာတွေကွာခြားသွားသလဲ။ ပထမဆုံးအနေနဲ့ကတော့ Display ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က Note 10 Plus ရဲ့ Display ဟာ 6.8 လက်မရှိတဲ့ Infinity-O Display ဖြစ်ပြီး Resolution အနေနဲ့ 3040×1440 pixels ရှိပါတယ်။ HDR10+ ကို ထောက်ပံ့ပေးနိုင်ပြီး Pixel Density အနေနဲ့ 498ppi ရှိပါတယ်။ ဒီနှစ် 2020 မှာ ထွက်တဲ့ Note 20 Ultra မှာတော့ 6.9 လက်မ Display ပါဝင်ပြီး Refresh Rate အနေနဲ့ 120Hz ရှိပါတယ်။ Note 10 ရဲ့ Screen မှာ 60Hz ပဲပါဝင်ပါတယ်။ 120Hz Display ပါဝင်တာကြောင့် ရုပ်ထွက်တွေဟာ ပိုမိုကောင်းမွန်ညက်ညောလာမှာဖြစ်ပြီး ဂိမ်းဆော့သူတွေအကြိုက်ဖြစ်စေမှာပါ။

Processor ပိုင်းအနေနဲ့လည်း ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ အမျိုးအစားကို အသုံးပြုထားပါတယ်။ Note 10 မှာ Snapdragon 855 Plus ကို အသုံးမပြုဘဲ သာမန် 855 ကိုသာ အသုံးပြုထားလို့ ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဒီနှစ်မှာတော့ အဲ့ဒီအမှားကို ပြင်ဆင်ပြီး Snapdragon 865 Plus ကို တပ်ဆင်အသုံးပြုပေးထားပါတယ်။ ပြည်တွင်းမှာတော့ Exynos 990 Processor နဲ့ပဲ ဝင်လာဖို့ ရှိပါတယ်။ Exynos 990 Processor ဟာ အရင်ထွက်ခဲ့တဲ့ S20 Ultra မှာ အသုံးပြုထားတဲ့ Processor နဲ့ အတူတူပဲဖြစ်ပါတယ်။ Samsung အနေနဲ့ Snapdragon Processor ကို US စျေးကွက်မှာပဲ အသုံးပြုထားပြီး တခြားစျေးကွက်တွေမှာ Exynos Processor ကိုပဲ အသုံးပြုထားတာ စိတ်ပျက်စရာပါ။ Performance ပိုင်းအနေနဲ့ ယှဉ်မယ်ဆိုရင် Snapdragon Processor ကိုပဲ ပိုသဘောကျပါတယ်။ အသုံးပြုသူတချို့ရဲ့ Comment တွေအရ Exynos Processor ကို အသုံးပြုထားတဲ့ အမျိုးအစားဟာ Snapdragon အမျိုးအစားနဲ့ယှဉ်ရင် Performance ပိုင်းရော ကင်မရာရုပ်ထွက်ပိုင်းမှာပါ နိမ့်ကျတယ်လို့ ဆိုကြပါတယ်။

Battery အနေနဲ့ 200mAh ပိုပါလာပြီး 4500mAh ပါရှိပါတယ်။ ကင်မရာပိုင်းအနေနဲ့ ‌Note 20 Ultra မှာ 108MP အထိ တိုးလာပြီး IR Focusing System လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် Note 20 တွေမှာ 8K Video တွေရိုက်ကူးနိုင်ပြီး Note 10 တွေမှာတော့ 4K အထိပဲ ရိုက်ကူးနိုင်ပါတယ်။ သတင်းကောင်းတခုကတော့ Power Button ကို ဖုန်းရဲ့ညာဘက်မှာ ပြန်ထည့်ပေးထားပါတယ်။

Note 20 နဲ့ Note 20 Ultra မှာရော ဘာတွေ ကွာခြားသလဲ။ ဒီတခါမှာတော့ ဆိုဒ်တွေတင် ကွာခြားသွားတာမဟုတ်ပါဘူး။ ဒေါ်လာ ၃၀၀ ကွာခြားတာ (ပြည်တွင်းစျေးကွက်ရဲ့ pre-order စျေးနှုန်းအရဆို ၃၅၀၀၀၀ ကျော်) ဟာ တော်တော်လေးကို ကွာခြားသွားပါတယ်။

ပထမဆုံးအနေနဲ့ Screen ပါ။ Note 20 Ultra မှာ 6.9 လက်မ WQHD+ Display ပါဝင်ပြီး Refresh Rate က 120Hz ရှိပါတယ်။ နောက်ပြီး ဘေးအနားတွေဟာ အနည်းငယ် ကွေးထားပါတယ်။ Note 20 မှာတော့ 6.7 လက်မ Full HD Screen ပါဝင်ပြီး Refresh Rate ကတော့ ပုံမှန် 60Hz ပဲရှိပါတယ်။ ဘေးအနားတွေ ကွေးညွှတ်မနေဘဲ အပြန့် Flat Screen ဖြစ်ပါတယ်။ ဒေါ်လာ ၄၀၀ ဝန်းကျန်သာကျသင့်မယ့် One Plus Nord မှာတောင် 90Hz Refresh Rate ရှိတဲ့ Display ပါဝင်ပြီး ၉၉၉ ဒေါ်လာတန် Note 20 မှာ 60Hz Display ပဲ ပါဝင်တာ စိတ်ပျက်စရာပါ။ ဒါ့အပြင် Note 20 Ultra ရဲ့ Aspect Ratio ဟာ 19.3:9 ရှိပြီး Note 20 မှာတော့ 20:9 ရှိပါတယ်။ ဒီအချိုးပေါ်မူတည်ပြီး Display ရဲ့ အလျားနဲ့ အနံဟာ ပြောင်းလဲသွားပါတယ်။ ဘာကြောင့် ဒီလို Ratio မတူတာလည်းဆိုတော့တော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

Processor ပိုင်းအနေနဲ့ Note 20 Ultra နဲ့ Note 20 မှာ အတူတူပဲဖြစ်ပြီး စျေးကွက်ကိုလိုက်ပြီး Snapdragon နဲ့ Exynos ဆိုပြီး ကွာခြားမှုတော့ ရှိပါတယ်။ RAM နဲ့ Storage မှာတော့ မတူညီတော့ပဲ Note 20 Ultra မှာRAM 12GB/ Storage 512GB အမျိုးအစားကို ရွေးချယ်လို့ရပြီး Note 20 မှာတော့ RAM 8GB / Storage 128GB နဲ့ပဲ ရရှိနိုင်ပါတယ်။ Note 20 Ultra မှာ External microSD Storage ထပ်စိုက်လို့ရပေမယ့် Note 20 မှာတော့ ထပ်စိုက်လို့ မရပါဘူး။

ဘက်ထရီပိုင်းအနေနဲ့ အနည်းငယ်သာကွာခြားပြီး Note 20 Ultra မှာ 4500mAh ပါရှိပြီး Note 20 မှာတော့ 4300mAh ပါဝင်ပါတယ်။ Screen Resolution၊ Screen Size နဲ့ Refresh Rate တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် Note 20 က ဘက်ထရီပိုခံမယ်လို့ ယူဆရပါတယ်။

ကင်မရာပိုင်းအနေနဲ့လည်း ကွာခြားပါတယ်။ Note 20 Ultra မှာ 108MP, 12MP နဲ့ 12MP ဆိုပြီး ကင်မရာတွေစီထားပြီး Note 20 မှာတော့ 12MP, 64MP, 12MP ဆိုပြီး စီထားပါတယ်။ နှစ်ခုလုံးမှာ 8K 24fps Video တွေကို ရိုက်ကူးနိုင်ပြီး 10MP Selfie Camera တွေလည်း ပါဝင်ပါတယ်။

Note 20 Ultra ရဲ့ နောက်ကျောဘက်ကို Glass တပ်ဆင်ပေးထားပြီး Note 20 မှာတော့ Glasstic လို့ နာမည်ပေးထားတဲ့ Plastic ကိုပဲ တပ်ဆင်ပေးထားပါတယ်။ Plastic ဖြစ်တဲ့အတွက် အကြမ်းပိုခံမယ်လို့ ယူဆရပေမယ့် ၉၉၉ ဒေါ်လာတန်ဖုန်းတစ်လုံးအနေနဲ့ Plastic နောက်ကျောပဲ တပ်ဆင်ပေးထားတာကိုတော့ သဘောမကျပါဘူး။

နောက်ဆုံးတခုကတော့ Ultra-Wideband လို့ခေါ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ Proximity Sensor နဲ့ တခြား Sensor တွေကို အသုံးပြုပြီး Digital Key တခုအနေနဲ့ တံခါးတွေကို သော့ဖွင့်တာမျိုး၊ ကားသော့အဖြစ်အသုံးပြုတာမျိုးတွေနဲ့ ဖိုင်တွေကို တခြားဖုန်းတွေဆီ အလျင်အမြန် ကူးပေးနိုင်တာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ Galaxy Note 20 Ultra မှာပဲ ဒီလုပ်ဆောင်ချက်တွေပါဝင်ပြီး Note 20 မှာတော့ ပါဝင်ခြင်းမရှိပါဘူး။

Note Series နဲ့ S Series ရဲ့ အဓိက ကွာခြားချက်ကတော့ S Pen ပါဝင်တာနဲ့ မပါဝင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Note Series ရဲ့ Design တွေက ပိုဆွဲဆောင်မှုရှိတယ်လို့ ယူဆမိပါတယ်။ ဒါ့အပြင် S Series မှာရှိတဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို Note Series အသစ်ထွက်တဲ့အခါ ပြင်ဆင်ပေးလေ့ရှိတာကြောင့် လူအတော်များများက Note Series က ပိုကောင်းတယ်လို့လည်း ယူဆကြပါတယ်။ ဒီ နှစ် Note 20 မှာတော့ S Pen ကို အသုံးပြုပြီး လုပ်ဆောင်နိုင်တဲ့ Feature တွေ ပိုမိုပါဝင်လာပါတယ်။ ဖုန်း Screen ကို မထိပဲ လေထဲမှာတင် S Pen ကို V ပုံစံ Gesture တွေ ရေးခြစ်ပြီး Back ပြန်သွားတာ၊ Home Screen ကို ပြန်သွားတာ၊ App Switcher ကို သွားတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။

Note 20 Ultra နဲ့ Note 20 ဘယ်ဟာကို ရွေးသင့်သလဲ။ Note 20 Ultra မှာပါတဲ့ လုပ်ဆောင်ချက်တွေကို ပိုသဘောကျကြမှာပါ။ Samsung အနေနဲ့က ပိုသေးတဲ့ ဖုန်းတွေကို သဘောကျတဲ့သူတွေအတွက် Note 20 ကို ထုတ်လုပ်ပေးထားတယ်လို့ ဆိုပေမယ့် Screen Size တင်သေးသွားတာမဟုတ်ဘဲ တခြားလုပ်ဆောင်ချက်အတော်များများကိုပါ လျှော့ချထားတာတွေ့ရပါတယ်။ Note 20 Ultra ရဲ့ ကင်မရာ System ပိုင်းဟာ ပိုကောင်းပြီး Optical Zoom လိုမျိုး လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ Screen အနေနဲ့လည်း Resolution ပိုကောင်းသလို Refresh Rate လည်း 120Hz အထိပါဝင်လို့ သုံးစွဲရာမှာ သိသိသာသာ ကောင်းမွန်လာမှာပါ။ နောက်ပြီး Note 20 ရ‌ဲ့ နောက်ကျောကို Plastic နဲ့ပဲ တပ်ဆင်ပေးထားပါတယ်။ UWB လိုမျိုး နည်းပညာတွေ မပါဝင်တာ၊ external microSD Card ထပ်ဆိုက်လို့မရတာ၊ RAM 8GB နဲ့ 12GB ကွာခြားတာ၊ စတာတွေအားလုံးနဲ့ ပေးရတဲ့စျေးနဲ့ ယှဉ်ကြည့်လိုက်ရင် Pre-Order စျေးအရ ၃၅၀,၀၀၀ ကျော်ပဲ ပိုများတဲ့ Note 20 Ultra ကိုပဲ ရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

Back to top button