AppleFeaturedNews

iPhone 12 mini, iPhone 12, iPhone 12 Pro, iPhone 12 Pro Max နဲ့ HomePod Mini တို့ကို Apple မိတ်ဆက်

October 13 မှာ ကျင်းပခဲ့တဲ့ Apple Special Event မှာ အားလုံးစောင့်မျှော်နေကြတဲ့ iPhone 12 မျိုးဆက်နဲ့ HomePod mini ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အရင်က သတင်းတွေကြိုတင်ပေါက်ကြားထားတဲ့အတိုင်း အချက်အလက်တွေ အတော်များများ မှန်ကန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

iPhone 12, iPhone mini

ဒီနှစ်ထွက်လာတဲ့ iPhone တွေဟာ အရင်ထွက်ခဲ့ဖူးတဲ့ iPhone 4 နဲ့ iPhone 5 တို့ ဒီဇိုင်းအတိုင်း ဘေးဘောင်အပြားတွေနဲ့ လှလှပပ ပွဲထွက်လာခဲ့ပါတယ်။ Screen ကလည်း အပြည့်ဖြစ်သွားတဲ့အတွက် ဒီဇိုင်းပိုင်းအနေနဲ့တော်တော်လေး လှပလာတယ်ပြောလို့ရပါတယ်။ iPhone 12 နဲ့ iPhone 12 mini ရဲ့ ဘေးဘောင်တွေကို Aluminum နဲ့ပဲ ပြုလုပ်ပေးထားပါတယ်။ နောက်ကျောဘက်ကိုလည်း iPhone 11 မှာလိုပဲ Glass နဲ့ တပ်ဆင်ပေးထားပါတယ်။ IP68 Rating ရထားတာကြောင့် ရေအောက် ၂ မီတာမှာ မိနစ် ၃၀ အထိ ရေစိုခံနိုင်မှာဖြစ်ပါတယ်။ ထူးခြားသွားတာကတော့ Display ပိုင်းပဲဖြစ်ပါတယ်။

ဒီနှစ်ထွက်တဲ့ iPhone Model ၄ မျိုးလုံးကို OLED Retina XDR Display တပ်ဆင်ပေးထားတာပဲဖြစ်ပါတယ်။ ဒီ OLED Display တွေဟာ အရင်နှစ်တွေတုန်းက Pro Model တွေမှာမှ ပါဝင်တာဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့အဆိုအရ ၄ ဆ ပိုပြီး အကြမ်းခံတဲ့ Ceramic Shield ဆိုတာကိုလည်း ရှေ့ဘက်မျက်နှာပြင်မှာ တပ်ဆင်ပေးထားတယ်လို့ဆိုပါတယ်။ iPhone 12 ထဲမှာ စျေးအသက်သာဆုံးနဲ့ အသေးဆုံးဖြစ်တ‌ဲ့ iPhone 12 mini မှာတင် 1080P Resolution ရှိတဲ့ Display တပ်ဆင်ပေးထားလို့ Display ပိုင်းကို တော်တော် ဦးစားပေးထားတယ်လို့ ပြောလို့ရပါတယ်။ Maximum Brightness အနေနဲ့ 1200 nits ထိရှိလို့ နေရောင်အောင် အလင်းပြင်းပြင်းအောက်တွေမှာလည်း ကောင်းမွန်စွာ မြင်ရမှာဖြစ်ပါတယ်။ iPhone 12 mini ရဲ့ Screen Size ကတော့ 5.4 လက်မရှိပြီး iPhone 12 ရ‌ဲ့ Screen Size ကတော့ 6.1 လက်မရှိပါတယ်။ Apple ရဲ့အဆိုအရ iPhone 12 အနေနဲ့ အရင် iPhone 11 ထက် ၁၁% ပိုပါးပြီး ၁၅% ပိုသေးသွားတယ်လို့ ဆိုပါတယ်။

ကင်မရာပိုင်းကိုလည်း အဆင့်မြှင့်ပေးထားတာတွေ့ရပါတယ်။ iPhone 12 mini န‌ဲ့ iPhone 12 နှစ်ခုလုံးမှာ နောက်ကျောဘက် ကင်မရာနှစ်လုံးပါဝင်ပါတယ်။ Wide Angel ကင်မရာနဲ့ Ultra Wide Angel Camera နှစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ တခါမှာတော့ f/1.6 aperture ရှိတဲ့ Wide Angel Camera အသစ်ကို တပ်ဆင်ပေးထားတာကြောင့် အလင်းအားနည်းချိန်တွေ၊ ညအချိန်တွေရိုက်ကူးရာမှာ ပိုမိုကောင်းမွန်တဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်မယ်လို့ ဆိုပါတယ်။ Wide Angel Camera မှာ အသစ်ဖြစ်တဲ့ seven-element lens ကိုတပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Night Mode နဲ့ Deep Fusion လုပ်ဆောင်ချက်တွေကို နောက်ကျောဘက်ကင်မရာနှစ်ခုလုံးအပြင် ရှေ့ဘက် Selfie Camera မှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Smart HDR 3 ကိုအသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ HDR ဓာတ်ပုံတွေကိုလည်း ရိုက်ကူးပေးနိုင်တော့မှာဖြစ်ပါတယ်။

Video ရိုက်ကူးရာမှာလည်း HDR Video တွေကို ရိုက်ကူးပေးလာနိုင်ပြီဖြစ်ပါတယ်။ 4K HDR Video with Dolby Vision ကိုရိုက်ကူးပေးနိုင်မယ်လို့ ဆိုပါတယ်။ နောက်ပြီး Night Mode Time-Lapse Video တွေကိုလည်း ရိုက်ကူးပေးနိုင်မယ်လို့ဆိုပါတယ်။ Dolby Vision Video တွေကို ရှေ့ဘက် Selfie ကင်မရာမှာလည်း ရိုက်ကူးပေးနိုင်ပါတယ်။

iPhone 12 Lineup တခုလုံးကို A14 Bionic Chip တပ်ဆင်ပေးထားပါတယ်။ Apple အနေနဲ့ သူရဲ့ A Series Processor တွေဟာ မျိုးဆက်တခုစာလောက်ထိ ရှေ့ရောက်နေတယ်လို့ ပြောလို့ရလောက်အောင် ကောင်းမွန်မြန်ဆန်တာတွေ့ရပါတယ်။ ဒီနှစ်မှာလည်း 5 nm နည်းညာကို အသုံးပြုထုတ်လုပ်ထားတဲ့ A14 Bionic Chip ကို တပ်ဆင်ပေးထားတာပါ။ Apple ရဲ့ အဆိုအရ ဒီ 6-core A14 Bionic Chip ဟာ တခြား Smartphone တွေအားလုံးထက် 50% ပိုမိုမြန်ဆန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 4-core GPU လည်း ပါဝင်ပါတယ်။

ဒီနှစ်ထွက်တဲ့ iPhone 12 အားလုံးကို 5G တပ်ဆင်ပေးထားပါတယ်။ Apple ရ‌ဲ့ အဆိုအရ ကမ္ဘာအနှံ့က 5G Network တွေမှာ အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့ စမ်းသပ်ထားတယ်လို့ဆိုပါတယ်။ 5G ဟာ Battery သုံးစွဲမှု များတာကြောင့် ဒါကို ဖြေရှင်းဖို့ Smart Data Mode ကို ထည့်သွင်းပေးထားမယ်လို့ဆိုပါတယ်။ Smart Data Mode ဟာ 4G နဲ့ 5G ကြားလိုအပ်သလုိ အလိုအလျောက် ပြောင်းလဲပေးမယ်လို့ ဆိုပါတယ်။ ဒါပမေယ့် mm Wave 5G ကိုတော့ US မှာ ရောင်းချမယ့် အလုံးတွေမှာပဲ ရရှိမယ်လို့ သိရပါတယ်။

Apple အနေနဲ့ MacBook တွေမှာ လူကြိုက်များခဲ့တဲ့ MagSafe ကို iPhone တွေအတွက် ပြန်လည် ယူဆောင်ခဲ့ပါတယ်။ iPhone 12 အားလုံးရဲ့နောက်ကျောမှာ သံလိုက်အကွင်းပါဝင်ပြီး Wireless Charger တွေအပါအဝင် တခြား Accessories တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ Wireless Charger အနေနဲ့ ဒီသံလိုက်နဲ့ ချိတ်ဆက်ကာ Apple Watch တွေအားသွင်းတဲ့ပုံစံအတိုင်း အားသွင်းနိုင်မှာဖြစ်ပါတယ်။ သံလိုက်ပါဝင်တဲ့အတွက် Wireless Charger တွေနဲ့ အားသွင်းတဲ့အခါ နေရာမကျဖြစ်မှာမပူရတော့ပဲ အလွယ်တကူ အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့ Case တွေမှာလည်း ဒါကို အသုံးပြုနိုင်ဖို့ သံလိုက်တွေ ပါဝင်လာတာတွေ့ရပါတယ်။

စိတ်ပျက်စရာကောင်းတာတခုကတော့ Apple အနေနဲ့ သဘာ၀ပတ်ဝန်းကျင်ကို အကြောင်းပြပြီး iPhone ဘူးတွေထဲမှာ Charger နဲ့ နားကြပ် ပါဝင်တော့မှာ မဟုတ်ပါဘူး။ ဒီအစား USB-C to Lightning Cable ပဲ ပါဝင်တော့မှာဖြစ်ပါတယ်။ ဘူးအနေနဲ့လည်း တော်တော်လေး သေးသွားတာတွေ့ရပါတယ်။ နှစ်စဉ် ဖုန်းတွေ သန်းဆယ်ချီရောင်းနေတဲ့ Apple အနေနဲ့ ဒီလိုလုပ်လိုက်လို့ သဘာ၀ပတ်ဝန်းကျင်ထိခိုက်တာကိုလျှော့ချနိုင်မှာသေချာပေမယ့် ပါမလာတော့တဲ့ Accessory တွေအတွက် iPhone စျေးတွေကိုလျော့ချပေးထားခြင်းမရှိပါဘူး။ ဒါ့အပြင် ပါဝင်တဲ့ USB C to Lightning Cable ကို အသုံးပြုဖို့ USB C Charger ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် Apple ရောင်းချခဲ့တဲ့ အရင် iPhone တွေထဲမှာ iPhone 11 Pro တွေမှာပဲ ဒီ USB C Charger ပါဝင်တာဖြစ်လို့ တခြားသူတွေအနေနဲ့ USB C Charger တွေကို ထပ်မံဝယ်ယူဖို့လိုအပ်လာနိုင်ပါတယ်။ Apple အနေနဲ့ USB C Charger နဲ့ နားကြပ်တွေကို ပုံမှန် 39 ဒေါ်လာအစား 29 ဒေါ်လာအထိလျော့ချပေးထားပေမယ့် ဒီအစား iPhone စျေးကိုပဲ လျော့ချပေးသင့်တယ်လို့ ယူဆမိပါတယ်။

Storage ပိုင်းအနေနဲ့ 64GB မှာ စတင်မှာဖြစ်ပြီး 128GB နဲ့ 256GB တွေကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရောင်ပိုင်းအနေနဲ့ Black, White, Product Red, Green နဲ့ အရောင်သစ် Blue အရောင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းပိုင်းအနေနဲ့ iPhone 12 mini 64GB ကို စင်္ကာပူဒေါ်လာ ၁၁၄၉ နဲ့ စတင်မှာဖြစ်ပြီး 128GB အတွက် စင်္ကာပူဒေါ်လာ S$1219 ကျသင့်မှာဖြစ်ကာ 256GB အတွေက်တော့ စင်္ကာပူဒေါ်လာ S$1389 ကျသင့်မှာဖြစ်ပါတယ်။ iPhone 12 အနေနဲ့ 64GB Version ကို စင်္ကာပူဒေါ်လာ S$1299 နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။ 128GB အတွက် စင်္ကာပူဒေါ်လာ S$1369 ကျသင့်မှာဖြစ်ကာ 256GB အတွက် စင်္ကာပူဒေါ်လာ S$1539 ကျသင့်မှာဖြစ်ပါတယ်။ iPhone 12 ကို October 16 မှာ Pre-order တင်နိုင်မှာဖြစ်ပြီး October 23 မှာ စတင်ရရှိမယ်လို့ ဆိုပါတယ်။ iPhone 12 mini ကိုတော့ November 6 မှာ Pre-order တင်နိုင်မှာဖြစ်ပြီး November 13 မှာ စတင်ရရှိမယ်လို့ ဆိုပါတယ်။

(*စျေးနှုန်းတွေကို အမေရိကန်ဒေါ်လာအစား စင်္ကာပူဒေါ်လာနဲ့ ပြသပေးထားတာကတော့ Apple US Website မှာ ပြထားတဲ့ စျေးတွေဟာ အခွန်မပါသေးတဲ့ စျေးတွေဖြစ်သလို မြန်မာနိုင်ငံမှာရောင်းချသလို SIM-Free iPhone တွေဟာ ပြထားတာထက် စျေးပိုကြီးတာကြောင့် ဒီနိုင်ငံမှာ ရောင်းချစျေးနဲ့ တော်တော်လေး ဆင်တူတဲ့ စင်္ကာပူစျေးနှုန်းကို ပြသပေးထားတာဖြစ်ပါတယ်။)

iPhone 12 Pro, iPhone 12 Pro Max

ဒီနှစ်မှာတော့ Apple အနေနဲ့ Pro လိုင်းကို ထပ်မံခွဲခြားလိုက်ပြီ ဖြစ်ပါတယ်။ အရင် iPhone 11 Pro နဲ့ iPhone 11 Pro Max မှာ Screen Size နဲ့ Battery Size ပဲ ကွာခြားတာဖြစ်ပေမယ့် ဒီတခါ iPhone 12 Pro နဲ့ iPhone 12 Pro Max မှာတော့ ကင်မရာပိုင်းပါ ကွာခြားသွားပြီဖြစ်ပါတယ်။

iPhone 12 Pro နဲ့ iPhone 12 Pro Max ရဲ့ ဘေးဘောင်တွေကိုတော့ Steel တွေနဲ့ ပြုလုပ်ပေးထားပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ကတော့ iPhone 12 မှာလို အတူတူပဲဖြစ်ပါတယ်။ iPhone 12 မှာလိုပဲ Ceramic Shield နဲ့ကာထားတဲ့ OLED Super Retina XDR Display တပ်ဆင်ပေးထားပါတယ်။ တခုပိုကောင်းလာတာကတော့ iPhone 12 Pro နဲ့ iPhone 12 Pro Max ရဲ့ Display ဟာ ပုံမှန် အသုံးပြုချိန်မှာ 800 nits အထိ လင်းပေးနိုင်ပြီး iPhone 12 mini နဲ့ iPhone 12 မှာတော့ 625 nits ထိပဲ လင်းပေးနိုင်ပါတယ်။ Maximum Brightness အနေနဲ့ကတော့ 1200 nits အတူတူပဲဖြစ်ပါတယ်။ iPhone 12 Pro ရဲ့ Screen Size ဟာ 6.1 လက်မရှိပြီး iPhone 12 Pro Max ရဲ့ Screen Size ကတော့ 6.7 လက်မရှိပါတယ်။

iPhone 12 နဲ့ မတူညီတာတခုကတော့ ကင်မရာပိုင်းပဲဖြစ်ပါတယ်။ iPhone 12 Pro နဲ့ iPhone 12 Pro Max ရဲ့ နောက်ကျောဘက်မှာ 12MP ရှိတဲ့ ကင်မရာသုံးလုံးပါဝင်ပါတယ်။ ဒါ့အပြင် iPad Pro 2020 မှာလို LiDAR Scanner ပါဝင်လာပါတယ်။ iPhone 12 Pro ရဲ့ Wide Angel ကင်မရာမှာ Seven-element Lens တပ်ဆင်ပေးထားပြီး f/1.6 Aperture ရှိတာကြောင့် အလင်းအားနည်းချိန်တွေမှာတောင် ၂၇ ရာခိုင်နှုန်း ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 120 degree မြင်ကွင်းရှိတဲ့ Ultra Wide Angel Camera ပါဝင်သလို 52mm focal length ရှိတဲ့ Telephoto Lens လည်း ပါဝင်ပါတယ်။ Ultra Wide Camera ကနေ Telephoto Lens အထိ Optical Zoom ၄ ဆအထိ ရောက်ရှိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

iPhone 12 Pro Max မှာတော့ f/1.6 Wide Angel Camera မှာ Sensor Size က ၄၇ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ 1.7μm pixels Sensor တပ်ဆင်ပေးထားတာကြောင့် အလင်းအားနည်းတဲ့အချိန်တွေမှာ ၈၇ ရာခိုင်နှုန်းထိ ပိုမိုကောင်းမွန်တဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ တော်တော်သိသိသာသာ ကွာခြားသွားတာဖြစ်ပါတယ်။ ဒါ့အပြင် Telephoto Camera မှာ 65mm focal length ရှိတာကြောင့် Optical Zoom Range အနေနဲ့ ၅ ဆထိရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် iPhone 12 Pro နဲ့ Pro Max မှာ Apple ProRAW ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်မယ်လို့ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ကို နှစ်ကုန်ပိုင်းမှာ Software Update ကတဆင့် ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။

ဒါတွေအပြင် iPhone 12 မှာလိုမျိုး ကင်မရာအားလုံးမှာ Deep Fusion နဲ့ Night Mode Photo တွေကို ရိုက်ကူးပေးနိုင်မှာဖြစ်ပြီး Night Mode Time Lapse တွေကိုလည်း ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ iPhone 12 Pro တွေမှာ Video ပိုင်းအနေနဲ့ Dolby Vision 4K HDR Video တွေကို 60fps အထိ ရိုက်ကူးပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် Dolby Vision ကို ရိုက်ကူးနေစဉ်အတွင်းမှာပင် Live ကြည့်နိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Video Stabilization အနေနဲ့လည်း ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ iPhone 12 Pro Max မှာတော့ Professional Camera တွေမှာအသုံးပြုထားတဲ့ Sensor Shift Optical Image Stabilization ပါဝင်တယ်လို့ သိရပါတယ်။

Sensor Shift Optical Image Stabilization on iPhone 12 Pro Max

အသစ်ပါဝင်လာတဲ့ LiDAR Scanner ကြောင့့် AR ပိုင်းတွေမှာလည်း ပိုမိုတိကျမြန်ဆန်လာမှာဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းကို တိုင်းတာသလိုမျိုး Application တွေမှာလည်း ပိုမိုတိကျမှုရှိလာတော့မှာပါ။ ဒါ့အပြင် ဒီ Scanner ကို အသုံးပြုပြီး ညပိုင်းလိုမျိုး အလင်းအားနည်းချိတ်တွေအတွင်း ဓာတ်ပုံဗီဒီယို ရိုက်ကူးရာမှာ Autofocus ကို ၆ ဆအထိ ပိုမိုမြန်ဆန်စေမယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလင်းအားနည်းချိန်တွေမှာ Focus ပြတ်ဖို့ စောင့်နေရတာမျိုးတွေ လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီ LiDAR Scanner နဲ့ Neural Engine တို့ ပေါင်းစပ်အသုံးပြုပြီး Night Mode Portrait တွေကိုလည်း ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။

ဒါတွေအပြင် iPhone 12 မှာပါဝင်တဲ့ MagSafe Accessories တွေကို ထောက်ပံ့ပေးနိုင်ဖို့ သံလိုက်တွေ ဖုန်းရဲ့ နောက်ကျောဘက်မှာပါဝင်ပါတယ်။

iPhone 12 Pro အနေနဲ့ 128GB မှ စတင်မှာဖြစ်ကာ စင်္ကာပူဒေါ်လာ S$1649 ကျသင့်မှာဖြစ်ပါတယ်။ 256GB iPhone 12 Pro အတွက်တော့ စင်္ကာပူဒေါ်လာ S$1819 ကျသင့်မှာဖြစ်ကာ 512GB iPhone 12 Pro အတွက်တော့ စင်္ကာပူဒေါ်လာ S$2149 ကျသင့်မှာဖြစ်ပါတယ်။ iPhone 12 Pro Max အနေနဲ့ လည်း 128GB ကစတင်မှာဖြစ်ကာ 256GB နဲ့ 512GB အဖြစ် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းတွေအနေနဲ့ စင်္ကာပူဒေါ်လာ S$1799, S$1969, S$2299 အသီးသီး ကျသင့်မှာဖြစ်ပါတယ်။

iPhone 12 Pro ကို October 16 မှာ Pre-order တင်နိုင်မှာဖြစ်ပြီး October 23 မှာ စတင်ရရှိနိုင်မှာဖြစ်ပါတယ်။ iPhone 12 Pro Max အနေနဲ့ November 6 မှာ Pre-order တင်နိုင်မှာဖြစ်ကာ November 13 မှာ စတင်ရရှိနိုင်မှာဖြစ်ပါတယ်။

HomePod mini

HomePod mini ကိုလည်း Apple အနေနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ၉၉ ဒေါ်လာပဲ ကျသင့်မယ့် ဒီ HomePod mini ဟာ အချင်းချင်း ချိတ်ဆက်နိုင်သလို တခန်းနဲ့ တခန်း လှမ်းပြောနိုင်တဲ့ Intercom လုပ်ဆောင်ချက်တွေလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီ Intercom လုပ်ဆောင်ချက်ဟာ တခြား Apple Device တွေနဲ့လည်း ချက်ဆက်အလုပ်လုပ်နိုင်မယ်လို့ဆိုပါတယ်။ HomePod mini အနေနဲ့ ၃.၃ လက်မသာမြင့်ပါတယ်။ November 6 ရက်မှာ Pre-order မှာနိုင်မှာဖြစ်ပြီး November 16 မှာ စတင်ရရှိနိုင်မယ်လို့ဆိုပါတယ်။

Back to top button