AndroidGadgetsReviews

Samsung Galaxy Note 8 Preview

Dual Camera နဲ့ ပွဲထွက်လာတဲ့ ပထမဆုံးသော Samsung ဖုန်း ဖြစ်ပါတယ်။ မီးလောင်မှုတွေကြောင့် သက်တမ်းမရှည်ခဲ့တဲ့ Galaxy Note 7 ရဲ့ အရိပ်မည်းကြီးကို ချေဖျက်နိုင်ဖို့အတွက် Note 8 ဟာ Samsung အတွက် အရေးကြီးတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် Europe အတွက်တော့ Galaxy Note 4 ပြီးကတည်းက တရားဝင်ဝယ်လို့မရခဲ့တဲ့ Note Series ကို ပထမဆုံး ပြန်လည် ဝယ်ယူခွင့်ရတဲ့ Note Series ဖြစ်ပါတယ်။ Samsung ဟာ Note 5 ကို Europe မှာ တရားဝင် ရောင်းချခြင်း မရှိခဲ့သလို Note 7 ဟာလည်း မီးလောင်မှုတွေကြောင့် ဈေးကွက်ထဲက ပြန်လည် ရုပ်သိမ်းခဲ့ရပါတယ်။

“Galaxy Note 8 ဟာ 6.3 inches ရှိတဲ့ Display နဲ့ ပွဲထွက်လာခဲ့ပြီး ထုတ်ခဲ့ဖူးသမျှ Note Series တွေထဲမှာ အကြီးဆုံး Display ဖြစ်ပါတယ်”

Galaxy Note 8 ဟာ 6.3 inches ရှိတဲ့ Display နဲ့ ပွဲထွက်လာခဲ့ပြီး ထုတ်ခဲ့ဖူးသမျှ Note Series တွေထဲမှာ အကြီးဆုံး Display ဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ဖူးသမျှ Note တွေထဲမှာ အလေးဆုံးလည်း ဖြစ်ပါတယ်။ 195g ရှိတဲ့ Note 8 ဟာ 183g ရှိတဲ့ Note 2 ထက်ကို ပိုလေးပါတယ်။ ဒါ့အပြင် Note 5 ထက် 7mm ခန့် ပိုရှည်လာပါတယ်။ ဒါဟာ Original Note ထက် 15mm ကျော် ပိုရှည်လာတာပါ။ Note 7 ထက် 0.7mm ခန့် ပိုကျယ်လာပါတယ်။ Edge Display ဟာ Galaxy S8/S8 + တွေမှာလောက် ကွေးသွားတာမျိုး မဟုတ်တော့ဘဲ အစွန်းဘက်မှာ ချက်ချင်း ကွေးညွှတ်သွားတဲ့ပုံဖြစ်တဲ့အတွက် Pen နဲ့ရေးရာမှာ ပိုအဆင်ပြေလာနိုင်ပါတယ်။ ရှေ့မျက်နှာပြင်နဲ့ နောက်ကျောကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။

Camera အနေနဲ့ 12 Mega Pixels ရှိတယ် ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ဒီကင်မရာ 2 ခုလုံးမှာ OIS ပါဝင်လာတဲ့အတွက် iPhone 7 Plus မှာပါတဲ့ ကင်မရာထက် ပိုသာတယ်လို့ ယေဘုယ ပြောလို့ရပါတယ်။ iPhone 7 Plus ကင်မရာမှာ Wide Angle Lens မှာပဲ OIS ပါဝင်ပါတယ်။ ဒီကင်မရာ နှစ်လုံးနဲ့ Live Focus ဆိုတဲ့ Function ပါဝင်လာပါတယ်။ ဒါက iPhone 7 Plus မှာပါဝင်တဲ့ Portrait Mode နဲ့ ပုံစံတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Tele Zoom ၂ ဆ ထိ ဆွဲလို့ရပါတယ်။ 4K 30fps ရိုက်ကူးနိုင်ပါတယ်။ Front Facing Camera အနေနဲ့ 8 Mega Pixels ရှိပါတယ်။ ထူးခြားတာက ကင်မရာဟာ အရင်ဖုန်းတွေမှာလို အပြင်ဘက် စူထွက်နေတာမျိုး မရှိတော့ပါဘူး။

Processor အနေနဲ့ Snapdragon 835 ကို US/China အလုံးတွေမှာ တပ်ဆင်ထားပြီး တခြား Market တွေမှာတော့ Exynos 8895 ကို တပ်ဆင်ထားပါတယ်။ RAM အနေနဲ့ 6GB ပါဝင်ပြီး Storage ကတော့ 64GB ပါဝင်ကာ 128GB 256GB Model တွေလည်း ဝယ်ယူရရှိနိုင်ပါတယ်။ SD Card Slot ပါဝင်ပြီး 256GB အထိ ထပ်စိုက်နိုင်ကာ UFS Card တွေကိုလည်း Support လုပ်ပေးနိုင်ပါတယ်။ တရုတ်နိုင်ငံလိုမျိုး ဈေးကွက်အတွက် ဈေးသက်သာတဲ့ RAM 4GB နဲ့ Version တမျိုးလည်း ထုတ်လုပ်ဦးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

S Pen အနေနဲ့ Note 7 မှာနဲ့ အတူတူပဲဖြစ်ပြီး Pressure Level 4096 ထိ သိရှိနိုင်ပါတယ်။ ဒါ့အပြင် ရေစိုလည်း ခံနိုင်တဲ့အတွက် ရေအောက်မှာ ရေးမှတ်တာတွေ ပြုလုပ်နိုင်ပါတယ်။

Battery အနေနဲ့ 3300 mAh ပဲ ပါဝင်ပါတယ်။ S8+ မှာ 3500 mAh အထိပါဝင်လာတာကြောင့် ပိုနည်းလာတယ်လို့ သတ်မှတ်ရမှာပါ။ Do Bigger Things လို့ ကြွေးကြော်ထားတဲ့ Samsung အတွက်တော့ ဒီအချက်ဟာ အားမရစရာပါ။ ဒါ့အပြင် ထုတ်ခဲ့ဖူးတဲ့ Note Series ဖုန်းတွေဟာ S Series ဖုန်းတွေထက် Battery Capacity ပိုကြီးလေ့ရှိပြီး ဒီတခါ ပိုသေးသွားတာဟာ Note 7 မှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုကြောင့်လို့ ယူဆရပါတယ်။ Note 7 ထက် ပိုကြီးလာတဲ့ ဖုန်းမှာ Battery ပိုသေးသွားတာကတော့ စိတ်ပျက်စရာပါ။

Google က Android 8.0 Oreo ကို တရားဝင် ဖြန့်ချိပေးလိုက်ပေမယ့် Android 7.1.1 Nougat နဲ့ ပွဲထွက်လာတာကလည်း စိတ်ပျက်စရာ ကောင်းပါတယ်။ Samsung အနေနဲ့ အရင်ကတည်းက Software Update အရမ်းနှေးတဲ့ အစဉ်အလာအရ အချိန်တော်တော်ကြာအောင် စောင့်ရဖို့ရှိပါတယ်။ ဒါ့အပြင် နောက် ၆ လအကြာ Galaxy S9 ထွက်လာခဲ့ရင် အခု Note 8 ဟာ လျစ်လျူရှုခံရမှာဖြစ်ပြီး Software Update ဟာလည်း ပိုနောက်ကျလာမှာဖြစ်ပါတယ်။ ဒီလိုအစဉ်အလာမျိုး Note 4 မှာလည်း ရှိခဲ့ဖူးပါတယ်။ ပိုဆိုးခဲ့တာက Software Update မှာ Note 4 ကို ဦးစားပေးရမယ့်အစား Note 3 ကို အရင် ဦးစားပေးပြီး ဖြန့်ချိပေးခဲ့တာပါ။ နောက်ဆုံးပေါ်ဖုန်းကို ဝယ်ထားတဲ့သူတွေအတွက် အရမ်းကို စိတ်ပျက်ခဲ့ရပါတယ်။

Bluetooth 5.0 ပါဝင်လာပြီး USB 3.1/USB C ပါဝင်ပါတယ်။ Fast Charging/ Fast Wireless Charging လည်း ပါဝင်ပြီး Quick Charge 2.0 ကိုလည်း Support ပေးပါတယ်။

ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၉၆၀ ပတ်ဝန်းကျင်ဖြစ်ပြီး August 24 ကနေ September 15 အတွင်း Preorder မှာသူတွေအနေနဲ့ Gear 360 Camera ဒါမှမဟုတ် Micro SD 256GB နဲ့ Wireless Charging Dock ကြိုက်နှစ်သက်ရာ တတွဲကို လက်ဆောင်ရရှိနိုင်ပါတယ်။ ဒါ့အပြင် Note 7 ဝယ်ယူထားသူတွေအနေနဲ့ လက်ရှိကိုင်နေတဲ့ဖုန်းနဲ့ အလဲအလှယ်လုပ်ပြီး ပြန်အမ်းငွေ အများဆုံး ဒေါ်လာ ၄၂၅ ခန့်ထိ သက်သာနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ US မှာပဲ ရရှိနိုင်ပြီး တခြားနိုင်ငံတွေအနေနဲ့ ရရှိနိုင်ဖို့ မသေချာပါဘူး။

လွမ်းမိုးဝေ

Back to top button