AndroidFeaturedNewsReviews

Samsung Galaxy A8 အၾကိဳသံုးသပ္ခ်က္

Samsung Galaxy A8 Series ဟာ Samsung ရဲ့ အလယ်အလတ်စားနဲ့ အမြင့်စား ဖုန်းတွေကြားမှာရှိတဲ့ Series တစ်ခုဖြစ်ပါတယ်။ တနည်းအားဖြင့် အဓိကထုတ်ကုန် Galaxy S Series အောက်မှာရှိနေပြီး ဈေးနှုန်းအားဖြင့် S Series ထက် သက်သာပါတယ်။ Galaxy A8 2018 ဟာ ၅.၆လက်မ Super AMOLED Display ပါဝင်ပြီး Resolution ကတော့ Full HD ရှိပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပြီး Internal Storage ကတော့ 32GB ရှိပါတယ်။ နောက်ကျောဘက် ကင်မရာအနေနဲ့ 16MP ရှိပြီး ရှေ့ဘက်မှာတော့ ကင်မရာနှစ်လုံးပါဝင်ပါတယ်။ Battery အနေနဲ့ 3000mAh ရှိပါတယ်။

Design

Galaxy A8 2018 ရဲ့ Design ပိုင်းအနေနဲ့ Galaxy S8 ဆီက Design ပုံစံယူထားတယ်လို့ ဆိုလို့ရပေမယ့် S8 မှာပါဝင်တဲ့ Infinity Display တော့ ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့် Display ရဲ့ ဘေးအနားတွေကို အရမ်းသေးအောင်လုပ်ပေးထားပါတယ်။ Galaxy A8 ရဲ့ အတိုင်းအတာတွေကတော့ 149.2 x 70.6 x 8.4mm ရှိပါတယ်။ နောက်ကျောဘက်မှာ ကွေးညွှတ်ထားတဲ့ Glass နဲ့ ဖုန်းအုပ်ထားပြီး ဘေးဘောင်တွေကိုတော့ သတ္တုနဲ့ ပြုလုပ်ထားပါတယ်။ ဒါကြောင့် Galaxy A8 ဟာ အကောင်းစား ဖုန်းတစ်လုံးအသွင်ရှိနေပါတယ်။ ဒါပေမယ့် လက်ထဲ ဆုပ်ကိုင်တဲ့အခါ ဖုန်းရဲ့နောက်ကျောဘက်ဟာ အနည်းငယ် ဈေးပေါသလို ခံစားရပါတယ်။

Power ခလုတ်ဟာ ဖုန်းရဲ့ ညာဘက်မှာ ရှိပြီး Volume ခလုတ်ကတော့ ဖုန်းရဲ့ ဘယ်ဘက်မှာ ရှိနေပါတယ်။ နှစ်ခုလုံးဟာ လက်နဲ့ဖိနှိပ်ဖို့ အနေတော်နေရာမှာ ရှိနေပါတယ်။ တခု အဆင်မပြေတာကတော့ Fingerprint Scanner ပါ။ Samsung ဟာ Fingerprint Scanner ကို ဖုန်းရဲ့ နောက်ကျောဘက် ပို့ပြီးကတည်းက တခြားပြိုင်ဘက်တွေရဲ့ ဖုန်းတွေမှာလို အသုံးပြုရလွယ်ကူတဲ့နေရာမှာ မထားနိုင်သေးတာ အားနည်းချက်တခုပါ။ ဒီတခါတော့ နေရာအနည်းငယ် ပြောင်းထားပြီး ကင်မရာရဲ့ ဘေးဘက်အစား ကင်မရာရဲ့ အောက်ဘက်ကို ပို့ထားပါတယ်။  ဒါပေမယ့် ကင်မရာနဲ့ နီးနေသေးတာကတော့ တော်တော် စိတ်ပျက်စရာကောင်းပါတယ်။ လက်ကို Scan ဖတ်ဖို့ ထားတဲ့အခါ ကင်မရာကို မှားထိမိပြီး လက်ရာတွေ ထင်နေတတ်ပါတယ်။ Fingerprint Scanner ဟာ အနည်းငယ် ချိုင့်ဝင်နေတာကြောင့် လက်နဲ့ စမ်းသပ်ထိတွေ့ဖို့ အထောက်အကူဖြစ်ပြီး သုံးစွဲတာ ကြာလာတာနဲ့အမျှတော့  အဆင်ပြေလာပါတယ်။

Photo: Aaron Yoo

အခုထိ Samsung အနေနဲ့ Headphone Jack ကို တပ်ဆင်ပေးထားဆဲဖြစ်ပြီး USB C အပေါက်ရဲ့ ဘေးဘက်မှာ ရှိနေပါတယ်။ ခပ်ဆန်းဆန်းဖြစ်နေတာက Speaker ရဲ့ တည်နေရာပါ။ Speaker ကို ဖုန်းရဲ့ ညာဘက်က Power ခလုတ်ရဲ့ အပေါ်မှာ တပ်ဆင်ပေးထားပါတယ်။ ဒီအတွက် ဖုန်းကို အလျားလိုက် ကိုင်တဲ့အခါ Speaker ကို လက်နဲ့ ပိတ်မိနေတာမျိုးမဖြစ်တော့ပေမယ့် Display ရဲ့ အပေါ် သို့မဟုတ် အောက်ကနေ မျက်နှာချင်းဆိုင်တပ်ပေးထားရင် ပိုကောင်းပါတယ်။ ဒါ့အပြင် Galaxy A8 2018 ဟာ IP68 အဆင့် ရေစိုခံပါတယ်။

Photo: Aaron Yoo

Display

Galaxy A8 2018 အနေနဲ့ ၅.၆ လက်မရှိတဲ့ Full HD AMOLED Display တပ်ဆင်ထားပါတယ်။ အချိုးအားဖြင့် ပိုရှည်ပြီး ကျဉ်းမြောင်းတဲ့ 18:9 ရှိပြီး Resolution အနေနဲ့ တော့ 1080×2220 ရှိပါတယ်။ 18:9 ဟာ ၂၀၁၇ နောက်ပိုင်းထွက်တဲ့ ဖုန်းအတော်များများမှာ တွေ့လာရပြီး ၂၀၁၈ မှာထွက်တဲ့ ဖုန်းအများစုဟာလည်း ဒီ အချိုးနဲ့ ထွက်လာလိ့မ်မယ်လို့ ယူဆရပါတယ်။ Galaxy S8 မှာလိုမျိုး ရှေ့ဘက် Display ရဲ့ ဘေးအနားတွေဟာ ကွေးညွှတ်မနေပေမယ့် ဘေးဘောင်တွေကိုတော့ အတော်လေးသေးအောင် လုပ်ပေးထားတာ တွေ့ရပါတယ်။ Display အနေနဲ့ အရောင် တောက်ပပြီး စိုပြည်ပါတယ်။ ဒါ့အပြင် ဘေးထောင့်လေးတွေဟာ အနည်းငယ် လုံးဝန်းနေပြီး LG G6 နဲ့ ဆင်တာကြောင့် ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် အမြင်မှားနိုင်ပါတယ်။

Photo: Arron Yoo

Camera

Galaxy A8 2018 မှာ ကင်မရာ ၃ လုံး ပါဝင်ပါတယ်။ နောက်ဘက် အဓိက ကင်မရာအနေနဲ့ 16MP ရှိပြီး Aperture အနေနဲ့ F1.7 ရှိပါတယ်။ ရှေ့ဘက်မှာတော့ 16MP ရှိတဲ့ ကင်မရာနဲ့ အတူ နောက်ထပ် 8MP ရှိတဲ့ ကင်မရာ ထပ်မံပါဝင်ပါတယ်။

ပထမဆုံးအနေနဲ့ နောက်ကျောဘက်ကင်မရာဟာ အလင်းရောင်အားကောင်းတဲ့နေရာတွေမှာ ထင်ရှားပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်ပြီး အလင်းအားနည်းတဲ့ နေရာတွေမှာတောင် ကောင်းမွန်စွာ ရိုက်ကူးပေးနိုင်တာ တွေ့ရပါတယ်။

ရှေ့ဘက်ကင်မရာနှစ်လုံးအနေနဲ့ အတူပေါင်းဆက်ရိုက်ကူးပြီး နောက်ခံ Background ကို မှုန်ဝါးသွားအောင် လုပ်ဆောင်ပေးပါတယ်။ Samsung အနေနဲ့ Live Focus လို့ ခေါ်ဆိုပြီး ဒါကို Galaxy S8 မှာ စတင်မိတ်ဆက်ပေးခဲ့တာပါ။ ဒီ Live Focus ကို အခုလို ဈေးလျော့နည်းတဲ့ တခြား Series တွေမှာပါ သုံးစွဲလာတဲ့အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လို့ ပြောလို့ ရပါတယ်။ အလင်းအားနည်းတဲ့ ညအချိန်လိုမျိုးတွေမှာတော့ ဒီ Live Focus ဟာ နောက်ခံ Background ကို ခွဲခြားပြီး မှုန်ဝါးအောင်လုပ်ဖို့ အနည်းငယ် အခက်အခဲရှိတာကို တွေ့ရပါတယ်။

Photo: TechRadar

Performance, Battery and Operation System

Samsung Galaxy A8 မှာ octa-core Exynos 7885 Chipset နဲ့ RAM 4GB ပါဝင်တဲ့အတွက် သွက်လက်မြန်ဆန်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။ စမ်းသပ်သုံးစွဲကြည့်တဲ့အခါ App တွေဖွင့်တာအပါအဝင် လုပ်ဆောင်ချက်တွေကို အထစ်အငေါ့မရှိပဲ အဆင်ပြေမြန်ဆန်စွာ လုပ်ဆောင်ပေးနိုင်တာ တွေ့ရပါတယ်။

Android 7.1.1 Nougat နဲ့ ပွဲထွက်လာခဲ့တဲ့အတွက် တော့ စိတ်ပျက်စရာပါ။ Android 8.0 Oreo ထွက်လာတာ လအတော်ကြာရှိနေပြီ ဖြစ်ပေမယ့် အခုမှ ထွက်လာတဲ့ ဖုန်းမှာ Nougat ပဲ ပါဝင်လာတာဖြစ်ပါတယ်။ Android Version Update ထွက်ရှိရာမှာ ကြာတတ်သလို ဖုန်းတလုံးကိုလည်း အချိန်ကြာကြာထိ ထောက်ပံ့မပေးတတ်တဲ့ Samsung အနေနဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Android Version နဲ့ ထုတ်လုပ်ပေးသင့်ပါတယ်။

Battery အနေနဲ့ Galaxy S8 မှာလိုပဲ 3000mAh ပါဝင်ပါတယ်။ USB C ကနေတဆင့် Fast Charging နဲ့ အားသွင်းနိုင်ပါတယ်။ ပုံမှန်အသုံးပြုပါက အားတခါသွင်းထားရင် တနေကုန် အသုံးခံမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Photo: Aaron Yoo

Galaxy A8 2018 ဟာ နည်းပညာပိုင်းအရ ထူးခြားဆန်းသစ်တာတွေ ပါဝင်မလာပေမယ့် ကောင်းမွန်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အမြင်အားဖြစ်လည်း Galaxy S8 လို အကောင်းစားဖုန်းတလုံး အသွင်ရှိပြီး ဈေးနှုန်းအားဖြင့်လည်း အနည်းငယ်ချိုသာပါတယ်။ ဒါပေမယ့် ဈေးနှုန်းအနေနဲ့ One Plus 5T နဲ့ Honor View 10 တို့ကို ယှဉ်နိုင်ဖို့ မလွယ်ကူသေးပါဘူး။

Ref: TechRadar, GSMArena

Back to top button