AndroidFeaturedNewsSamsung

Galaxy S9/S9+ မှာ သိထားသင့်တဲ့ လုပ်ဆောင်ချက် ၉ ခု

Samsung အနေနဲ့ နောက်ထပ် မော်ဒယ်မြင့် စမတ်ဖုန်း နှစ်လုံးဖြစ်တဲ့ Galaxy S9 နဲ့ S9+ ကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဖုန်းအသစ်တွေထွက်တိုင်း လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာလေ့ရှိပါတယ်။ အခု ဖုန်းနှစ်လုံးမှာ ပါဝင်လာတဲ့ လုပ်ဆောင်ချက်အသစ်တွေထဲက အရေးပါတဲ့ လုပ်ဆောင်ချက် ၉ မျိုးကို ဖော်ပြပေးချင်ပါတယ်။

Fingerprint Sensor အတွက် နေရာသစ်

ဒါကို ကြားလိုက်ရလို့ အံ့အားသင့်သွားနိုင်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ Galaxy S8 ဒါမှမဟုတ် Galaxy Note 8 တွေကို သုံးစွဲဖူးရင် အဲ့ဒီ ဖုန်းတွေမှာပါတဲ့ Fingerprint Sensor ရဲ့ တည်နေရာကြောင့် အဆင်မပြေဖြစ်တာ သိကြမှာပါ။ အခုတော့ ဒီ Fingerprint Sensor ကို ဖုန်းနောက်ကျောရဲ့ အလည် Camera ရဲ့ အောက်ကို ပြောင်းလဲ တပ်ဆင်ပေးထားပါတယ်။ ကင်မရာပေါ်ကို မတော်တဆ လက်နဲ့ ထိမိနိုင်သေးပေမယ့် အရင်ကထက် ပိုမိုအဆင်ပြေလာတာတွေ့ရပါတယ်။ ဒါ့အပြင် အရင် Sensor ပေါ် Scan ဖတ်ဖို့ ညာဘက်လက်နဲ့သာ သုံးစွဲလို့ အဆင်ပြေပေမယ့် အခုတော့ မိမိကြိုက်နှစ်သက်နဲ့ အဆင်ပြေစွာ သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။

Dual Camera For Galaxy S9 Plus

Samsung အနေနဲ့ Dual Camera ကို S Series အထိ ယူဆောင်လာပြီ ဖြစ်ပါတယ်။ Fingerprint ရဲ့ အပေါ်ဘက်မှာ ဒေါင်လိုက် အနေအထားနဲ့ Camera နှစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ ဒီ ကင်မရာနှစ်လုံးမှာ တလုံးဟာ ပုံမှန် Wide Angle Lens ကို တပ်ဆင်ပေးထားပြီး ဒုတိယ ကင်မရာမှာတော့ f/2.4 Aperture ပါဝင်တဲ့ Telephoto Lens ကို တပ်ဆင်ပေးထားပါတယ်။ နှစ်ခုလုံးမှာ 12MP ရှိပြီး OIS လည်း ပါဝင်ကြပါတယ်။ ဒီကင်မရာနှစ်လုံးကို အသုံးပြုပြီး နောက်ခံပုံရိပ်ကို ဝါးသွားစေတဲ့ လုပ်ဆောင်ချက်ရရှိအောင် ရိုက်ကူးနိုင်ပါတယ်။

Multi-Frame Image Processing

ဒီလုပ်ဆောင်ချက်ကတော့ Galaxy S9 ရဲ့ အဓိက လုပ်ဆောင်ချက်တွေထဲက တခုဖြစ်ပါတယ်။ Image Signal Processor အသစ်ကြောင့် ဒီဖုန်းတွေဟာ ဓာတ်ပုံများစွာကို ပေါင်းစပ် အသုံးပြုပြီး Noise တွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ Galaxy S9 ဟာ ကင်မရာ Sensor ပေါ်မှာပါဝင်တဲ့ DRAM ကို အသုံးပြုပြီးတော့ လေးဆပိုမြန်တဲ့အချိန်အတွင်း ပုံလေးဆခန့် ပိုမိုရိုက်ကူးပေးနိုင်ပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ဓာတ်ပုံ ၁၂ ပုံကို ရိုက်ကူးပြီး ဒီပုံတွေကို ၄ ပုံစီစုပြီး စီလိုက်ပါတယ်။ ဒီအစုလေးတွေထဲမှာရှိတဲ့ ပုံလေးပုံစီက အချက်အလက်တွေကို စုစည်းပြီး အကောင်းဆုံးပုံတစ်ပုံစီရအောင် ပြုလုပ်ပါတယ်။ နောက်ဆုံးရရှိတဲ့ ပုံ ၃ ပုံကို ထပ်မံစုစည်းပြီး အကောင်းဆုံးပုံတပုံကို နောက်ဆုံးအဖြစ် ဖန်တီး ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

960 fps Automatic Slow-Motion Video

Camera Sensor ပေါ်မှာ ပါဝင်တဲ့ DRAM ဟာ Super Slow-motion video ရိုက်ကူးရာမှာလည်း အသုံးဝင်ပါတယ်။ Galaxy S9 ဟာ Galaxy S8 ထက် လေးဆပိုများတဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါကြောင့်လည်း Slow-Motion Video တွေ ရိုက်ကူးတဲ့အခါ 720p HD Resolution ရှိတဲ့ ဗီဒီယိုတစ်ခုကို S8 မှာ 240 fps ထိရိုက်ကူးပေးနိုင်ရာကနေ S9 မှာတော့ 960 fps ထိ ရောက်ရှိအောင် ရိုက်ကူးပေးနိုင်ပါတယ်။

ဒါ့အပြင် Galaxy S9 မှာပါတဲ့ Automatic Mode ဟာ ဘယ်အချိန်မှာ Slow-motion Video ကို အချိန်ကိုက် ရိုက်ကူးရမလဲဆိုတာကို ခန့်မှန်းပေးနိုင်ပါတယ်။ Slow-motion Video ကို ဘယ်အချိန်မှာ စတင်ရိုက်ကူးရမလဲဆိုတာ ခန့်မှန်းတဲ့အစား Galaxy S9 ဟာ ပုံမှန် ဗီဒီယိုရိုက်ကူးနေရင်း ဘယ်အချိန်မှာ Super Slow-motion Video ကို ရိုက်ကူးမလဲဆိုတာကို အလိုအလျောက် ခွဲခြားရိုက်ကူးပေးနိုင်ပါတယ်။ သင့်အနေနဲ့ ဘောလုံးပွဲတစ်ခုမှာ ရောက်ရှိနေပြီး ခေါင်းခုန်တိုက်တဲ့ Slow-motion Video ကို အမိအရ စောင့်ဆိုင်းရိုက်ကူးဖို့ဟာ ခဲယဉ်းပါတယ်။ ဒါပေမယ့် Galaxy S9 မှာတော့ ပုံမှန် ဗီဒီယိုရိုက်ကူးနေရင်းကပဲ ဘယ်အချိန်မှာ ဒီ Slow-motion ဗီဒီယိုကို ရိုက်ကူးရမလဲဆိုတာ တိတိကျကျ ခန့်မှန်းရိုက်ကူးပေးနိုင်ပါတယ်။

Super Slow-motion Video ကို ရိုက်ကူးပြီးတာနဲ့ Camera Roll ထဲကို သိမ်းထားပေးမှာဖြစ်ပြီး Share လို့ရတဲ့ GIF ဖိုင်တွေကိုလည်း သိမ်းထားပေးနိုင်ပါတယ်။ ဒီ GIF ဖိုင်တွေအတွက် loop လုပ်နေတာ၊ နောက်ပြန် ပြန်ရစ်တာ စတဲ့ Effect တွေလည်း ပါဝင်ပါတယ်။ ဒီ Video တွေကိုလည်း နောက်ခံ တေးသွားတွေ အလိုအလျောက် ထည့်သွင်းပေးသွားမှာဖြစ်ပြီး မိမိစိတ်ကြိုက် ကိုယ်ပိုင်သီချင်းတွေနဲ့လည်း ပြောင်းလဲပြင်ဆင်ထားနိုင်ပါတယ်။

 

Mechanical Aperture

အလင်းအားနည်းချိန်တွေမှာ ပုံကောင်းတွေ ရိုက်ကူးဖို့ ခက်ခဲလေ့ရှိပါတယ်။ Samsung အနေနဲ့ Galaxy S9 မှာ ဒါကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ Galaxy S9 မှာ မတူညီတဲ့ Aperture နှစ်ခုကို ပြောင်းလဲလို့ရတဲ့ Hardware ပါဝင်လာပါတယ်။

F/2.4 Aperture ကို အလင်းအားပြင်းနေချိန်တွေမှာ ရိုက်ကူးဖို့ အသုံးပြုနိုင်ပြီး ပိုကျယ်တဲ့ F/1.5 Aperture ကတော့ အလင်းပိုမို ဝင်ရောက်နိုင်တာကြောင့် အလင်းအားနည်းနေချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ Auto Mode မှာ ဖုန်းအနေနဲ့ ဘယ် Aperture ကို အသုံးပြုရမလဲဆိုတာ အလိုအလျောက် ရွေးချယ်ပေးနိုင်ပြီး Pro Mode မှာတော့ မိမိစိတ်ကြိုက် Aperture တခု ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

AR Emoji

Apple ရဲ့ Animoji လိုမျိုး Galaxy S9 မှာလည်း AR Emoji ကို အသုံးပြုနိုင်ပါတယ်။ ဒီနှစ်ခုဟာ ခပ်ဆင်ဆင်ဆိုပေမယ့် Galaxy S9 မှာ ပိုသာတဲ့အချက်တခုကတော့ မိမိကိုယ်ပိုင် AR Emoji တွေကို ဖန်တီးအသုံးပြုနိုင်တာဖြစ်ပါတယ်။ မိမိရဲ့ မျက်နှာကို 3D Scan လုပ်ပြီး ရုပ်ချင်းဆင်တဲ့ ကိုယ်ပိုင် AR Emoji တွေဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဆံပင်ပုံစံ၊ အသားရောင်၊ အဝတ်အစား စတာတွေကို  မိမိစိတ်ကြိုက် ပြင်ဆင်လို့ရပါတယ်။

 

ကိုယ်ပိုင် AR Emoji တွေကို ဖန်တီးပြီးပါက ဗီဒီယိုအနေနဲ့ ဖြစ်စေ ဓာတ်ပုံအနေနဲ့ဖြစ်စေ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီ AR Emoji တွေကို သိမ်းဆည်းလိုက်တာနဲ့ မတူညီတဲ့ GIF ၁၈ မျိုးကို ဖုန်းရဲ့ Gallery ထဲမှာနဲ့ ဖုန်းရဲ့ Keyboard မှာပါ သိမ်းဆည်းပေးသွားမှာဖြစ်လို့ အလွယ်တကူ Share လုပ်လို့ရမှာ ဖြစ်ပါတယ်။

Gigabit LTE

Galaxy S9 အနေနဲ့ LTE Cat 18 ကို အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဒါကို အထောက်အပံ့ပေးနိုင်တဲ့ Mobile Network တွေမှာ ဒီဖုန်းဟာ အင်တာနက်မြန်နှုန်း 1.2 Gbps နဲ့ Download ရယူပေးနိုင်ပါတယ်။

Stereo Speaker

Samsung smartphone တွေအနေနဲ့ အသံပိုင်းမှာ အမြဲလိုလို ရုန်းကန်နေရလေ့ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်က Harmon Kardon ဝယ်ယူပြီးချိန်မှာတော့ အသံပိုင်းဆိုင်ရာမှာ ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်လာနိုင်ပြီဖြစ်ပါတယ်။ အရင်က ဖုန်းရဲ့ အောက်ခြေမှာပဲ စပီကာ ပါဝင်ခဲ့ပေမယ့် အခု Galaxy S9 မှာတော့ Earpiece နေရာမှာ ဒုတိယ စပီကာကိုပါ တပ်ဆင်ပေးထားတာကြောင့် Stereo အသံထွက်ကို နားထောင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစပီကာတွေကို AKG ကနေ အသံတွေ ချိန်ညှိပေးထားပါတယ်။ ဒီ စပီကာတွေဟာ Galaxy S8 မှာထက် ၁.၄ ဆ အသံပိုကျယ်ပြီး ပိုကောင်းတဲ့ အသံတွေကို ထုတ်လုပ်ပေးနိုင်တယ်လို့ Samsung က ဆိုပါတယ်။ ဒါ့အပြင် ဒီ စပီကာတွေဟာ Dolby Atmos ကိုပါ ထောက်ပံ့ပေးတာကြောင့် 360 Surround Sound တွေကို နားဆင်နိုင်မှာ ဖြစ်ပါတယ်။

Intelligent Scan

Galaxy S8 မှာတုန်းက Biometric လုံခြုံရေး သုံးမျိုးဖြစ်တဲ့ Fingerprint Sensor, Iris Scanner နဲ့ Face Unlock တို့ ပါဝင်ခဲ့ပါတယ်။ Iris Scanner နဲ့ Face Unlock တို့ဟာ အလင်းရောင်ရရှိမှုပေါ်မူတည်ပြီးတော့ပဲ ကောင်းကောင်း အလုပ်လုပ်တာ တွေ့ရပါတယ်။  Iris Scanner ဟာ လုံခြုံစိတ်ချရပေမယ့် နေရောင်က ကိုယ့်ရဲ့ နောက်ကျေမှာ ရောက်ရှိနေပြီး IR Sensor ကို အနှောင့်အယှက်ဖြစ်နေချိန်တွေမှာ ကောင်းကောင်း အလုပ်မလုပ်တာ တွေ့ရပါတယ်။ Face Unlock ကတော့ ပြောင်းပြန်ဖြစ်ပြီး အလင်းအားကောင်းနေချိန်မှာ ကောင်းကောင်း အလုပ်လုပ်ပြီး အလင်းအားနည်းတဲ့အခါ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တာ တွေ့ရပါတယ်။

 

Galaxy S9 မှာတော့ Samsung ဟာ ဒီ လုပ်ဆောင်ချက် နှစ်ခုကို ပေါင်းစပ်လိုက်ပြီး ဒါကို Intelligent Scan လို့ ခေါ်ဆိုပါတယ်။ ဒီ Intelligent Scan ဟာ Bank Application တို့ Samsung Pay တို့လိုမျိုး လုံခြုံရေးပိုမိုလိုအပ်တဲ့ Application တွေအတွက် Iris Scanner ကို အသုံးပြုမှာဖြစ်ပါတယ်။ နေ့စဉ်လုပ်ဆောင်နေကျဖြစ်တဲ့ ဖုန်းကို Unlock ပြုလုပ်တာမျိုးတွေအတွက်တော့ မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုရတာ အဆင်ပြေအောင် Face Unlock ကို အသုံးပြုဖို့ လုပ်ဆောင်ပေးထားပါတယ်။

ဒါတွေကတော့ Galaxy S9 မှာပါဝင်တဲ့ ဆောင်ချက်တွေထဲက ထိပ်တန်း လုပ်ဆောင်ချက် ၉ ခု ဖြစ်ပါတယ်။

 

 

Via
Android Authority
Back to top button