GadgetsReviews

Xiaomi Mi Band 5 Review

Xiaomi Mi Band 5 ဟာ Xiaomi ရဲ့ နောက်ဆုံးထွက် စျေးသက်သာတဲ့ Fitness Tracker တခုပဲ ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ Xiaomi Smart Band 5 လို့ခေါ်ဆိုရောင်းချပါတယ်။ ဒီ Mi Band 5 ဟာ မနှစ်က ထွက်ခဲ့တဲ့ Mi Band 4 ထက် တိုးတက်မှု အနည်းငယ်နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့လည်း မဆိုစလောက် ပြောင်းလဲသွားပြီး Health Features အသစ်တချို့လည်း ပါဝင်လာပါတယ်။

Mi Band 5 နဲ့ Mi Band 4 ဟာ အမြင်အားဖြင့် တော်တော်လေး ဆင်ပေမယ့် အသစ်ထွက်ဖြစ်တဲ့ Mi Band 5 ဟာ အနည်းငယ်ပိုမိုကြီးမားလာပါတယ်။ ၂၀% ပိုကြီးမားလာတဲ့ AMOLED Display တပ်ဆင်ပေးထားပြီး ၁.၁ လက်မရှိပါတယ်။ ဒါ့အပြင် P3 Color ကို ၁၀၀% ထောက့်ပံ့ပေးထားပါတယ်။ Display ဟာ ကောင်းမွန်ပြီး နေရောင်စူးစူးအောက်မှာလည်း ထင်ထင်ရှားရှား ဖော်ပြပေးနိုင်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က အလင်းရောင်ကို ဖတ်ရှုနိုင်တဲ့ Ambient Light Sensor မပါဝင်တာကြောင့် မိမိစိတ်ကြိုက် Brightness ရဖို့ ကို မကြာခဏ ချိန်ညှိရနိုင်ပါတယ်။

Mi Band 5 ဟာ ပိုမိုကြီးမားလာတာကြောင့် အရင်ရှိပြီးသား Mi Band 4 တို့၊ Mi Band 3 တို့ဆီက ကြိုးတွေကိုတော့ တပ်ဆင်အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Mi Band 5 ရဲ့ ဘက်ထရီဟာ ပုံမှန်အသုံးပြုမယ်ဆိုရင် ၁၄ ရက်ခံပါတယ်။ ဒါဟာ Fitness Tracker တွေကြားမှာတော့ တော်တော်ကောင်းမွန်တဲ့ ဘက်ထရီသက်တမ်းလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့အရင် ထွက်ခဲ့တဲ့ Mi Band 4 ရဲ့ ဘက်ထရီဟာ ရက် ၂၀ ခံပါတယ်။ Xiaomi ရဲ့အဆိုအရ နှလုံးခုန်နှုန်းတိုင်းတာတွေ၊ Raise-to-wake တွေ၊ Sleep Tracking တွေကို ပိတ်ပြီး အသုံးပြုမယ်ဆိုရင်တော့ Mi Band 4 လိုပဲ ရက် ၂၀လောက် အသုံးခံမယ်လို့ ဆိုပါတယ်။

အားသွင်းတဲ့နေရာမှာလည်း Mi Band 5 ရဲ့ Charger ဟာ တခြား Mi Band တွေရဲ့ Charger တွေထက် အများကြီး ကောင်းမွန်လာတာ တွေ့ရပါတယ်။ Charger မှာ သံလိုက်ပါဝင်လာတာကြောင့် အားသွင်းဖို့အတွက်အရင်လို Mi Band ကို Charger ဆီ တပ်ရတာ ဖြုတ်ရတာတွေ လုပ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် Charger ရဲ့ ကြိုးကလည်း ရှည်လာတာကြောင့် အရင် ၄ လက်မလောက်ပဲ ရှိတဲ့ Charging ကြိုးထက် ပိုပြီး သုံးရတာ အဆင်ပြေလာပါတယ်။

Xiaomi အနေနဲ့ PAI လို့ခေါ်တဲ့ Personal Activity Intelligence ကို Mi Band 5 နဲ့ ချိတ်ဆက်ပေးထားတာကြောင့် အသုံးပြုသူရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ PAI ဆိုတာ အသက်၊ ယောက်ျား မိန်းမ၊ ကိုယ်လက်လှုပ်ရှားမှု နဲ့ တခြားအချက်အလက်တွေပေါ်မူတည်ပြီး နှလုံးရဲ့ ကျန်းမာရေးကို သိပ္ပံနည်းကျ တိုင်းတာပြီး အမှတ်ပေးတဲ့ စနစ်တခုဖြစ်ပါတယ်။ အဲ့ဒီရလာတဲ့ အမှတ်တွေပေါ်အခြေခံပြီး လိုအပ်တဲ့ လေ့ကျန်ခန်းတွေပြုလုပ်နိုင်ဖို့ အကြံပေးနိုင်မှာဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ တနေတာလှုပ်ရှားမှုတွေပေါ်အခြေခံပြီး အမှတ်ပေးမှာဖြစ်ကာ PAI အမှတ်အများစုကတော့ လေ့ကျင့်ခန်းလုပ်တာကနေ ရရှိနိုင်မှာဖြစ်ပါတယ်။ PAI အမှတ်ကို ၁၀၀ အထက်မှာရှိနေအောင် ပစ်မှတ်ထားရမှာဖြစ်ပါတယ်။

Mi Band 5 အနေနဲ့ Mi Band 4 ထက် Track လုပ်နိုင်တဲ့ Sport Mode တွေ ပိုလာပါတယ်။ Mi Band 4 မှာ Sport Mode ၆ မျိုး ပါဝင်ပြီး Mi Band 5 မှာတော့ ၁၁ မျိုး ပါဝင်လာပါတယ်။ အပြင်မှာ ပြေးတာ၊ လမ်းလျှောက်စက်နဲ့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ၊ ကြိုးခုန်တာ စတာတွေအပါဝင် လေ့ကျင့်ခန်း 11 မျိုးကို Track လုပ်ပြီး မှတ်တမ်းတင်ထားနိုင်မှာ ဖြစ်ပါတယ်။

Mi Band 5 အနေနဲ့ နှလုံးခုန်နှုန်းကို တနေ့တာ ၂၄ ရီစာကို အရင်ကထက် အကြိမ်ရေပိုပြီး မှတ်တမ်းတင်ထားနိုင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် အရင် Mi Band 4 ထက် မကြာခဏ တိုင်းတာ မှတ်တမ်းတင်ထားပေးမှာဖြစ်ပါတယ်။ တနေ့တာလုံး အလိုအလျောက် မှတ်တမ်းတင်ဖို့ ရွေးချယ်နိုင်သလို အိပ်တဲ့အချိန်မှာပဲ မှတ်တမ်းတင်ဖို့၊ ဒါမှမဟုတ် အိမ်မနေချိန်တွေမှာပဲ မှတ်တမ်းတင်ဖို့ စသည်ဖြင့်လည်း ရွေးချယ်ထားနိုင်မှာဖြစ်ပါတယ်။

Sleep Tracking လုပ်ရာမှာလည်း ပိုမိုကောင်းမွန်လာပါတယ်။ Mi Band 5 အနေနဲ့ Deep Sleep နဲ့ Light Sleep အပြင် REM (Rapid Eye Movement) Sleep တွေကိုလည်း Track လုပ်နိုင်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် နေ့ခင်းဘက် တရေးတမော အိပ်စက်တာတွေကိုလည်း မှတ်တမ်းတင်ထားနိုင်မှာပါ။

ဒါ့အပြင် အမျိုးသမီးတွေအတွက် ရာသီစက်ဝန်းကိုလည်း Track လုပ်တာ မှတ်တမ်းတင်တာတွေ လုပ်လာနိုင်ပြီဖြစ်ပါတယ်။ ရာသီမလာခင် ကြိုတင်သတိပေးတာတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

Mi Band 5 ဟာ စျေးသက်သာပြီး ကောင်းမွန်တဲ့ Fitness Tracker တခုပဲဖြစ်ပါတယ်။ ခြေလှမ်းတွေကို မှတ်တမ်းတင်ထားရာမှာလည်း ကောင်းမွန်ပြီး တခြားပြိုင်ဘက်တွေနဲ့ အရမ်းကြီးကွာခြားမှုမရှိတာတွေ့ရပါတယ်။ Sleep Tracking အနေနဲ့လည်း Galaxy Watch 3 နဲ့ ယှဉ်တဲ့အခါ တော်တော်လေး တိကျမှုရှိတာ တွေ့ရပါတယ်။ REM Sleep ကို ထည့်ပေးထားတာလည်း သဘောကျစရာဖြစ်ပြီး အိပ်စက်မှုတွေကို အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် Mi Fit ရဲ့ Sleep Quality ကို ဆန်းစစ်ပေးတာကိုလည်း သဘောကျပါတယ်။

Review လုပ်တဲ့သူတချို့အနေနဲ့ Sleep Score တွေ ပုံမှန်ထက် တော်တော်ကြီးကိုများနေတာတွေ့ရတဲ့အကြောင်း သတင်းတွေလည်း ကြားသိရပါတယ်။ ရေရှည်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

နှလုံးခုန်နှုန်းတိုင်းတာတဲ့ Sensor အနေနဲ့လည်း များသောအားဖြင့် ကောင်းမွန်တာတွေ့ရပါတယ်။ တခြား Fitness Tracker တွေနဲ့ ယှဉ်ရာမှာ တော်တော်လေး တူညီတာတွေ့ရပါတယ်။ Mi Band 5 မှာပါဝင်တဲ့ တခြား လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ ဖုန်းရဲ့ GPS Data ကိုယူပြီး Track လုပ်တဲ့ နေရာမှာလည်း မြန်ဆန်တိကျတာတွေ့ရပါတယ်။ Notifications တွေနဲ့ ဖုန်းခေါ်တာတွေကိုလည်း မြန်မြန်ဆန်ဆန်နဲ့ Reliable ရှိရှိ ပြသပေးနိုင်ပါတယ်။ Night Mode အနေနဲ့ Screen ကို သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအတွင်းမှာ မှိန်နေအောင် သတ်မှတ်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် Lift-to-wake ကိုလည်း သတ်မှတ်ထားတဲ့အချိန်တွေမှာပဲ အလုပ်လုပ်အောင် စီစဉ်ထားနိုင်ပါတယ်။ ဒါ့အပြင် App တချို့အတွက် တုန်ခါမှု Vibration ကိုလည်း တခုနဲ့တခု မတူအောင် သတ်မှတ်ပေးထားနိုင်ပါသေးတယ်။

ဖုန်းနဲ့ချိတ်ဆက်ထားရာမှာလည်း ပြတ်တောက်သွားတာမျိုးမရှိဘဲ ချိတ်ဆက်မှုကောင်းမွန်တာတွေ့ရပါတယ်။ ဒါ့အပြင် Mi Band 5 မှာ Watch Face ပေါင်း ၁၀၀ ကျော်လောက်ကို ထောက်ပံ့ပေးနိုင်တာမို့ မိမိစိတ်ကြိုက် Watch Face တွေကို ထားရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Mi Band 5 ကို iOS Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်လို့ iPhone သုံးစွဲသူတွေလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ iOS 10 အထက် Device တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

စျေးသက်သာတဲ့ Mi Band 5 အနေနဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။ Mi Fit App အနေနဲ့ အသားကျဖို့ အတော်အချိန်ယူရပါတယ်။ Activity History တွေကိုကြည့်ဖို့ ခက်ခဲတာကိုလည်း သဘောမကျပါဘူး။ Mi Fit အနေနဲ့ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေရဲ့ Tracking တွေကို ဦးစားပေးပြသထားပေမယ့် ဒီလေ့ကျင့်ခန်းတွေလုပ်နေတုန်း Mi Band နဲ့အတူ ဖုန်းပါ တပါတည်း ပါမသွားရင်တော့ ဒါတွေက အသုံးဝင်မှာမဟုတ်ပါဘူး။

Mi Fit မှာ ဒေတာနဲ့ ပတ်သက်တဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။ Mi Band 5 ကို မိနစ်အနည်းငယ်ခြားတိုင်း နှလုံးခုန်နှုန်းကို တိုင်းတာပေးဖို့ သတ်မှတ်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် အချိန်နဲ့အမျှ ဖတ်ထားတဲ့ ပုံမှန် နှလုံးခုန်နှုန်းတွေကို ပြသမပေးနိုင်ပါဘူး။ Manual ဖတ်ထားတဲ့ နှလုံးခုန်နှုန်းဒေတာတွေကိုပဲ ပြသပေးတာတွေ့ရပါတယ်။ ဒါ့အပြင် Mi Band 5 ရဲ့ ပုံမှန်နှလုံးခုန်နှုန်းတွေကို ဖတ်တဲ့နေရာမှာလည်း တခြား Fitness Tracker တွေနဲ့ ယှဉ်မယ်ဆိုရင်လည်း နှလုံးခုန်နှုန်း ပျမ်းမျှ 7bpm လောက်လျော့နည်းတာ တွေ့ရပါတယ်။ ဒါပေမယ့် Active Hart Rate တွေကို ဖတ်ရာမှာတော့ တော်တော်လည်း မှန်ကန်မှုရှိတာကြောင့် ရေရှည်မှာ ပြဿနာကြီးကြီးမားမားရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့် ပြောရမယ်ဆိုရင် Mi Band 5 ဟာ ကောင်းမွန်တဲ့ Fitness Tracker တခုဖြစ်ပြီး သူနဲ့ချိတ်ဆက်အလုပ်လုပ်တဲ့ Mi Fit App ဟာ သုံးလို့အဆင်မပြေတာပဲဖြစ်ပါတယ်။ ကံဆိုးစွာပဲ Mi Band 5 ဟာ သူ့ရဲ့ဒေတာတွေကို Mi Fit နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ဒေတာတွေကိုပြရာမှာ နာမည်ဆိုးရှိတဲ့ Google Fit ဆီကိုပဲ ပို့လွှတ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် လေ့ကျင့်ခန်းလုပ်ထားတဲ့ ဒေတာတွေကို ကြည့်ချင်တယ်ဆိုရင် အချိန်ပေးပြီး ခက်ခက်ခဲခဲ ကြည့်ရနိုင်ပါတယ်။

Mi Band 5 ကို တရုတ်၊ UK၊ ဥရောပ၊ အိန္ဒိယနဲ့ တခြား နေရာတွေကိုလည်း ရောင်းချပေးပေမယ့် ဒေသပေါ်မူတည်ပြီး တခုနဲ့တခု ပါဝင်တဲ့ အစိတ်အပိုင်းတွေ မတူညီတာတွေ့ရပါတယ်။ တရုတ်မှာ ရောင်းချတဲ့ Mi Band 5 တွေမှာ NFC ပါဝင်ပြီး ငွေပေးချေမှုတွေ ပြုလုပ်နိုင်သလို XiaoAI Voice Assistant နဲ့ သွေးထဲ Oxygen ပါဝင်မှုနှုန်းတိုင်းတာနိုင်တာတွေလည်း ပါဝင်ပါတယ်။ တရုတ်ပြည် ပြင်ပရောင်းချတဲ့ Global Version မှာတော့ အဲ့ဒါတွေ ပါဝင်လာခြင်းမရှိပါဘူး။ ဒါပေမယ့် ရုရှားမှာ ရောင်းချတဲ့ Mi Band 5 မှာတော့ NFC ပါဝင်လာပြန်ပါတယ်။

အခု Review အတွက် စမ်းသပ်တဲ့ အလုံးဟာ Global Version ဖြစ်တာကြောင့် ဒီလုပ်ဆောင်ချက်တွေကို စမ်းသပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ Xiaomi Mi Band 5 ဟာ ပေးရတဲ့စျေးနဲ့ယှဉ်ရင်‌ တော်တော်ကောင်းမွန်တဲ့ Fitness Tracker တခုပဲဖြစ်ပါတယ်။

Back to top button