AppleFeaturedNews
Trending

Apple Watch နဲ့ iPad အသစ်များကို Apple မိတ်ဆက်

September 15 မှာ ကျင်းပခဲ့တဲ့ Apple ရဲ့ September Event မှာ Apple Watch Series 6, Apple Watch SE, iPad Air နဲ့ 8th Generation iPad တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အိမ်မှာနေရင်း လေ့ကျင့်ခန်းလုပ်နိုင်ဖို့ Apple Fitness + နဲ့ Apple ရဲ့ ဝန်ဆောင်မှုတွေကို တစုတစည်းတည်း Subscribe လုပ်နိုင်မယ့် Apple One Bundle တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Apple Watch Series 6

ဒီတခါ မိတ်ဆက်ပေးခဲ့တဲ့ Apple Watch Series 6 ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ သွေးထဲမှာ အောက်ဆီဂျင်ပါဝင်မှုနှုန်းကို တိုင်းတာပေးနိုင်တဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် Blood Oxygen Sensor နဲ့ Application တို့ ပါဝင်လာပါတယ်။ Apple Watch ရဲ့ နောက်ကျောမှာ အစိမ်း၊ အနီ နဲ့ Infrared LEDs တို့ပါဝင်တဲ့ LED လေးခုနဲ့ photodiode လေးခု တို့ ပါဝင်ပါတယ်။ ဒါတွေကို အသုံးပြုပြီး သွေးကနေ ပြန်လာမယ့် အလင်းကို တိုင်းတာပြီး Blood Oxygen Application ကတဆင့် သွေးထဲ အောက်ဆီဂျင်ပါဝင်မှုကို တိုင်းတာပေးမှာဖြစ်ပါတယ်။ ဒီ Application ကနေ Oxygen ပါဝင်မှု ၇၀% ကနေ ၁၀၀% ကြားကို တိုင်းတာပေးနိုင်မယ်လို့ ဆိုပါတယ်။ မိမိတိုင်းတာချင်တဲ့အချိန်မှာ စိတ်ကြိုက်တိုင်းတာနိုင်မှာဖြစ်သလို အိပ်နေချိန်လိုမျိုး လှုပ်လှုပ်ရှားရှားရှိမနေချိန်တွေမှာလည်း Apple Watch ကနေ အလိုအလျောက် တိုင်းတာပေးမယ်လို့ ဆိုပါတယ်။ 

Apple Watch Series 6 ဟာ Series 5 နဲ့ ဒီဇိုင်းပိုင်းအားဖြင့် အတူတူပဲဖြစ်ပါတယ်။ iPhone 11 မှာ အသုံးပြုထားတဲ့ A13 Bionic Chip ကို အခြေခံတည်ဆောက်ထားတဲ့ Dual-core processor အသစ်ကို တပ်ဆင်ပေးထားပါတယ်။ Apple ရဲ့ အဆိုအရ အရင် Series 5 ထက် ၂၀% ပိုမိုမြန်ဆန်လာမယ်လို့ သိရပါတယ်။ ဘက်ထရီသက်တမ်းအနေနဲ့ကတော့ Series ၅ လိုပဲ ၁၈ နာရီခံမယ်ဆိုပါတယ်။ ဒါ့အပြင် U1 Chip နဲ့ Ultra Wideband Antenna တွေလည်း တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် တနာရီခွဲအတွင်း အားအပြည့်သွင်းနိုင်မယ်ဆိုပါတယ်။ Apple Watch Series 6 ရဲ့ Always On Display ဟာ Series 5 မှာထက် နှစ်ဆခွဲလောက် ပိုလင်းါပေးနိုင်လို့ အပြင် နေရောင်အောက်တွေမှာလည်း ပိုမိုထင်ထင်ရှားရှားမြင်နိုင်မှာပါ။ ဒါ့အပြင် Always On Display အနေနဲ့ပြနေချိန်မှာပဲ Control Center ဖွင့်တာ၊ Notification Center ကြည့်တာတွေကိုပါ လုပ်နိုင်မယ်လို့ဆိုပါတယ်။

ဒါ့အပြင်Always-On Altimeter ပါ၀င်လာပြီးမြေပြင်ပေါ်ကနေ မြင့်တက်သွားတဲ့အတိုင်းအတာကို ၁ ပေခြားစီ ပြသမှတ်သားပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါကြောင့် တောင်တက်တာလိုမျိုး လေ့ကျင့်ခန်းလုပ်တဲ့နေရာတွေမှာ အမြင့်ပေတွေကိုပါ တွက်ချက်သိမ်းဆည်းထားနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် iPhone မရှိတဲ့ မိသားစုဝင်တွေ၊ ကလေးတွေအတွက် Apple Watch တွေ အသုံးပြုနိုင်အောင်လို့ Family Setup ဆိုတာကိုလည်း ထည့်သွင်းပေးထားပါတယ်။ စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး ၃၉၉ ဒေါ်လာက စတင်ကျသင့်မှာပါ။ အပြာရောင်နဲ့ အနီရောင်ဆို‌ပြီး အရောင်သစ်နှစ်ရောင်လည်း ပါဝင်လာပါတယ်။ အနီရောင်ကတော့ Product Red အမျိုးအစားဖြစ်ပါတယ်။

Apple Watch SE

အဲ့ဒီနောက် Apple Watch Series 6 ထက် စျေးသက်သာတဲ့ Apple Watch SE ဆိုတာကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဇိုင်းပိုင်းဆိုင်ရာမှာတော့ Series 6 နဲ့အတူတူပဲဖြစ်ပြီး နှလုံးခုန်နှုန်းတိုင်းတာတဲ့ ECG Function၊ သွေးထဲမှာ Oxygen ပါဝင်နှုန်း တိုင်းတာနိုင်တဲ့ Function တွေတော့ ပါဝင်လာခြင်း မရှိပါဘူး။ ဒါ့အပြင် Always-On Display လည်း မပါဝင်ပါဘူး။ တခြားး Always-On Altimeter တို့၊ Fall Detection တို့၊ Compass တို့တော့ ပါဝင်လာပါတယ်။ Processor အနေနဲ့ Apple S5 Processor တပ်ဆင်ပေးထားပါတယ်။ စျေးနှုန်းအနေနဲ့ ၂၇၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာဖြစ်ပြီး အရင် Series 3 ကိုတော့ ၁၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

New iPad Air 

Apple အနေနဲ့ အသွင်သစ်နဲ့ iPad Air အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ iPad Air ဟာ Apple ရဲ့ A14 Bionic Chip ကို တပ်ဆင်ပေးထားပါတယ်။ ဒါဟာ iPhone 12 တွေမှာ ပါဝင်မယ့် Chip ဖြစ်ပါတယ်။ Display အနေနဲ့ ၁၀.၉ လက်မရှိပြီး အကြီးမားဆုံးအပြောင်းအလဲကတော့ Home Button မပါဝင်တော့ဘဲ iPad Pro ဒီဇိုင်းဖြစ်သွားတာပါ။ ဒါပေမယ့် FaceID မပါဝင်ဘဲ TouchID မျိုးဆက်သစ်ကို Power Button မှာ ထည့်သွင်းပေးထားပါတယ်။

အရောင်တွေအနေနဲ့  Silver, Space Gray, Rose Gold, Green နဲ့ Sky Blue တို့အနေနဲ့ ရရှိနိုင်မှာဖြစ်ပြီး လာမယ့် October စတင်ရောင်းချပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Apple Pencil Second Generation ကိုလည်း အသုံးပြုနိုင်လာမှာဖြစ်က Lightning Port အစာ USB C ကို ပြောင်းလဲ အသုံးပြုပေးထားပါတယ်။ Magic Keyboard, Smart Keyboard Folio တို့ကိုလည်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းအနေနဲ့ iPad Pro မှာ အသုံးပြုထားတဲ့ 12MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ စျေးနှုန်းအနေနဲ့တော့ ၅၉၉ ဒေါ်လာမှ စတင်ရောင်းချမှာဖြစ်ပြီး Storage နဲ့ Cellular Connection ပါမပါပေါ်မူတည်ပြီး ကွာခြားသွားမှာပါ။ 

8th Generation iPad

Apple အနေနဲ့ 8th Generation iPad ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ iPad အသစ်မှာ A12 Bionic Chip တပ်ဆင်ပေးထားပြီး စျေးနှုန်းအနေနဲ့ ၃၂၉ ဒေါ်လာက စတင်မှာဖြစ်ပါတယ်။ အရင် 7th Generation iPad မှာ A10 Processor ကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ အတူတူပဲဖြစ်ပြီး Apple Pencil 1st Generation ကို အသုံးပြုနိုင်မှာပါ။

Fitness +

Apple အနေနဲ့ သူ့ရဲ့ ဝန်ဆောင်မှု အသစ်တခုအဖြစ် Fitness+ ကိုလည်း မိတ်ဆက်ပေးသွားပါတယ်။ Apple ကတင်ဆက်တဲ့ လေ့ကျင့်ခန်းတွေကို ကြည့်ပြီး ကိုယ်တိုင်လိုက်လုပ်နိုင်မှာဖြစ်ပြီး တလကို ၉.၉၉ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို နှစ်ကုန်ပိုင်းမှာ ရနိုင်မယ်လို့ဆိုပါတယ်။

Apple One Bundle

Apple အနေနဲ့ သူ့ရဲ့ လစဉ်ကြေးပေးပြီး အသုံးပြုရတဲ့ ဝန်ဆောင်မှုတွေကို ပေါင်းစည်းပေးထားတဲ့ Apple One Bundle ဆိုတာကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Apple One မှာ Plan ၃ မျိုးရှိပြီး Apple TV+, Apple Music, Apple Arcade နဲ့ iCloud 50GB ပါတဲ့ Plan ကို တလ 14.95 ဒေါ်လာနဲ့ Subscribe ပြုလုပ်နိုင်မှာဖြစ်ပြီး ဒီ Plan မှာပါဝင်တာတွေအပြင် iCloud 200GB ပါဝင်တဲ့ Plan ကိုတော့ တလ ၁၉.၉၅ ဒေါ်လာနဲ့ Subscribe ပြုလုပ်နိုင်ပါတယ်။ နောက်ဆုံး Plan ကတော့ Apple TV+, Apple Music, Apple Arcade, Apple News+, Apple Fitness+ တို့အပြင် iCloud 2TB ပါဝင်ပြီး လစဉ်ကြေး တလ ၂၉.၉၅ ဒေါ်လာ ကျသင့်မှာပါ။ ဒီဝန်ဆောင်မှုကို နှစ်ကုန်ပိုင်းမှာ ရနိုင်မယ်လို့ဆိုပါတယ်။ 

iOS 14 

ဒါ့အပြင် ပြီးခဲ့တဲ့ June လက စတင်မိတ်ဆက်ပေးခဲ့တဲ့ iOS 14, iPad OS 14 တို့ကိုလည်း ဒီနေ့ September 16 မှာ စတင်ဖြန့်ချိပေးသွားမယ်လို့ဆိုပါတယ်။ 

သတင်းတွေမှာ ကြားနေတဲ့ AirTag တို့၊ AirPods Studio တို့ကိုတော့ မိတ်ဆက်သွားခြင်းမရှိသေးပါဘူး။ iPhone 12 ကိုတော့ လာမယ့် October မှာ မိတ်ဆက်ပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။

Back to top button